လာမည့်ပွဲများ၌ နီကိုလက်စ်ဂျက်ဆင်နှင့် အန်ကွန်ကူတို့ တွဲဖက်ကစားသည်ကို မြင်တွေ့ရမည်ဟု ပိုချက်တီနို ဆိုခဲ့ပြီး နှစ်ဦးစလုံးကို ချီးကျူးမှုပြုလုပ်ခဲ့

လာမည့်ပွဲများ၌ နီကိုလက်စ်ဂျက်ဆင်နှင့် အန်ကွန်ကူတို့ တွဲဖက်ကစားသည်ကို မြင်တွေ့ရမည်ဟု ပိုချက်တီနို ဆိုခဲ့ပြီး နှစ်ဦးစလုံးကို ချီးကျူးမှုပြုလုပ်ခဲ့
Photo : Getty Images
Photo : Getty Images
Published 24 July 2023

ချယ်လ်ဆီးအသင်း၏နည်းပြ ပိုချက်တီနိုသည် ဘရိုက်တန်အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရခဲ့သည့် Premier League Summer Series ပွဲအပြီးတွင် တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သည့် နီကိုလက်စ်ဂျက်ဆင်နှင့် အန်ကွန်ကူတို့ အတူတွဲဖက်ကစားသည်ကို လာမည့်ပွဲစဉ်များ၌ မြင်တွေ့ရမည်ဟု ကတိပြုပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါကစားသမားနှစ်ဦးစလုံးကို ယခုနွေရာသီတွင် ခေါ်ယူထားခြင်းဖြစ်ပြီး နှစ်ဦးစလုံးမှာ ရာသီကြိုခြေစမ်းပွဲများတွင် ခြေစွမ်းပြခဲ့ကြသည်။ သို့သော် ပိုချက်တီနိုက ၎င်းတို့နှစ်ဦးကို တစ်ပြိုင်နက်တွဲ ဖက်အသုံးပြုခြင်းမရှိသေးဘဲ တစ်လှည့်စီသာ အသုံးပြုခဲ့သည်။ ဝရက်ဇ်ဟမ်းအသင်းနှင့် ပထမဆုံးခြေစမ်းကစားခဲ့သည့်ပွဲတွင် နီကိုလက်စ်ဂျက်ဆင်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး (၄၆)မိနစ်၌ အန်ကွန်ကူနှင့် လူစားလဲခဲ့သည်။ ဘရိုက်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မူ အန်ကွန်ကူကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး နီကိုလက်စ်ဂျက်ဆင်ကို (၆၃)မိနစ်၌ လူစားလဲခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်နှစ်ပွဲတွင် နီကိုလက်စ်ဂျက်ဆင်က (၁)ဂိုးသွင်းကာ (၃)ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အန်ကွန်ကူက နှစ်ဂိုးသွင်းယူခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်း၏ ပရိသတ်များက ကစားသမားသစ်နှစ်ဦး၏ခြေစွမ်းကို ကျေနပ်နေကြချိန်တွင် ပိုချက်တီနိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "လာမယ့်ပွဲအနည်းငယ်အတွင်းမှာ သူတို့ နှစ်ဦး အတူတွဲဖက်ကစားတဲ့အခြေအနေရောက်လာမှာ သေချာပါတယ်။ သူတို့နှစ်ဦးကို တစ်ပြိုင်နက်အသုံးပြုဖို့ လိုအပ်တဲ့အခြေအနေရောက်လာမှာပါ" ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် အမေရိကန်၌ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်နေပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေရာတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရသည့်  Premier League Summer Series ပွဲစဉ်များလည်း ပါဝင်ခဲ့သည်။ အဆိုပါခြေစမ်းပြိုင်ပွဲ၌ ချယ်လ်ဆီးအသင်းသည် ဘရိုက်တန်၊ နယူးကာဆယ်၊ ဖူလ်ဟမ်တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီတွင် တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကျဆင်းခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုရာသီကြိုကာလ၌ တိုက်စစ်ပိုင်းခြေစွမ်းပြနေသည့်အတွက် ပိုချက်တီနိုနှင့် တိုက်စစ်ကစားသမားသစ်များအပေါ် ချီးကျူးမှုများ ရှိနေခြင်းလည်းဖြစ်သည်။ ဘရိုက်တန်နှင့်ပွဲအပြီးတွင် ပိုချက်တီနိုက "ဂျက်ဆင်နဲ့ မူဒရစ်အတွက် ဂိုးသွင်းနိုင်တာက အရေးပါသလို၊ အန်ကွန်ကူလည်း အတူတူပါပဲ။ တိုက်စစ်ကစားသမားတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ပြီးတော့ အသင်းတိုးတက်အောင် လုပ်ဆောင်ရမှာပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဒီထက်ဖန်တီးမှုတွေ ပိုလုပ်နိုင်၊ ဂိုးတွေ ပိုသွင်းနိုင်တဲ့ အနေအထားရှိခဲ့ပါတယ်။ ဂိုးတွေပေးရတာကိုတော့ ဘယ်နည်းပြမှ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ပတ်ခွဲပဲ အလုပ်လုပ်ရသေးတာပါ။ အပေါင်းလက္ခဏာဆောင်တဲ့ အရာများစွာကို မြင်တွေ့ရတဲ့အတွက်တော့ ပျော်ရွှင်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent