မြန်မာ့ပညာရေးစနစ်နှင့် လုပ်သားစျေးကွက်

မြန်မာ့ပညာရေးစနစ်နှင့် လုပ်သားစျေးကွက်
Published 23 July 2023

၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ ဗဟိုဝန်ထမ်း လေ့ကျင့်ရေး တက္ကသိုလ်တွင်ကျင်းပပြုလုပ်ခဲ့သော “မြန်မာနိုင်ငံအဆင့်မြင့်အရာရှိကြီးများအတွက် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုအစီအစဉ်”တွင် စာရေးသူသည် ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအစီအစဉ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်သည့် တာဝန်ရှိသူက လာရောက် ဆွေးနွေးပို့ချရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ပညာရေးအခြေအနေသည် “Overeducation” ဖြစ်နေသည်ဟု ရှင်းလင်းတင်ပြခဲ့ပါသည်။

စာရေးသူသည် “Overeducation” ကို မြန်မာဘာသာသို့ ပြန် ဆိုရန်ကြိုးစားခဲ့ရာ “အလွန်အကျွံ ပညာရေး”ဟု ဘာသာပြန်ဆိုလျှင် သင့်တော်မည်ဟု ထင်မြင်ပါသည်။ အင်တာနက်စာမျက်နှာတွင် တွေ့မြင်ရသည့် အဓိပ္ပာယ်မှာ “more educated than is practical and useful ” “လက်တွေ့ အသုံးချနိုင်၊ အသုံးပြုနိုင်သည်ထက် ပိုမိုသည့် ပညာရေး” ဖြစ်သည်ဟု ဖော်ပြထားပါသည်။

ထိုစဉ်အချိန် လာရောက်ဆွေးနွေးပို့ချသည့် တာဝန်ရှိသူက “ မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေသည် မည်ကဲ့သို့သောအခြေအနေ ဖြစ်ထွန်းပေါ်ပေါ က်လျက်ရှိနေပါသလဲ” ဆိုသည့် မေးခွန်းကိုမေးမြန်းခဲ့ရာ ဖြေဆိုမည့်သူ မရှိသည့်အခြေအနေကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ယခုဆောင်းပါးသည် ဖော်ပြပါမေးခွန်း၏ အဖြေကို တိုက်ရိုက်ဖြေဆိုခြင်း မဟုတ်ပါသော်လည်း မေးခွန်းနှင့် သက်ဆိုင်သည့် အဖြေများပါဝင်နေမည် ဖြစ်ပါသည်။

စာရေးသူသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ထုတ်ဝေသည့်

“တိုင်းပြည် နိုင်ငံတော်နှင့် အင်စတီကျူးရှင်းများ တည်ဆောက်ခြင်း”စာအုပ်တွင် “အလွတ်ကျက်ပညာ ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဇလားမိုဒယ်ပညာရေး”ခေါင်းစဉ် ဖြင့်လည်းကောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုဆောင်းပါးအား အထက်ဖော်ပြပါ ဆောင်းပါးများနှင့် တွဲဖက်ဖတ်ရှုလေ့လာကြည့်ကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

ယနေ့အချိန် ဖြစ်ထွန်းပေါ် ပေါက်စေလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် အမည်ပေးတင်ပြရမည်ဆိုပါက “လွဲချော် ပညာရေး” ၊ “လွဲမှားပညာရေး” ၊ “အံ ချော်ပညာရေး”အဖြစ် ခေါ်ဆိုပါက အလွန်သင့်တော်ကောင်းမွန်မည်ဟု ထင်မြင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ယနေ့အချိန် ပညာရေးစနစ်သည် ပြည်သူပြည်သား နိုင်ငံသား အများစုအား လုပ်သားစျေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်မပေး နိုင်ခြင်းကြောင့် ဖြစ်ပါသည်။

ယနေ့အချိန် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် ပညာရေးစနစ်သည် ယခင်တော်သည့်၊ တတ်သည့်၊ ထူးချွန်သည့် အရည်အချင်းနှင့် ပြည့်မီသောလူငယ်များကို အလွန်ကြပ်မတ်ပြီး စည်းကမ်းတင်းကျပ်သည့် စာမေးပွဲစနစ်ကို အသုံးပြုကာ စစ်ထုတ်ပြီး လေ့ကျင့်သင်ကြားပေးသည့်စနစ်မှ လူတိုင်းကို ဘွဲ့ရစေမည့်စနစ်ကို ပြောင်းလဲကျင့်သုံးစေခဲ့ပါသည်။ တစ်နည်းအားဖြင့် မြန်မာ့ပညာရေးစနစ်သည် အရည်အချင်းကို အခြေပြုရာမှ အရေအတွက်ကို အခြေပြုသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးစေခဲ့ပါသည်။

ကျောင်းနေအရွယ်ရှိသည့် ကလေးငယ် သို့မဟုတ် ကျောင်းစတင်နေနိုင်သည့် ကလေးငယ်အားလုံးကို ကျောင်းသို့ တက်ရောက်စေပြီး ကျောင်းထွက်ခြင်း (Drop Out) မရှိနိုင်စေရန် ထိန်းသိမ်းကာ ဘွဲ့ရ စေသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ကျင့်သုံး အကောင်အထည်ဖော်နိုင်စေရန် စတင်ဆွေးနွေးစဉ်ကပင် စာရေးသူက အဆိုပါ ပညာရေးစနစ်ကို “ဇလားမိုဒယ် ပညာရေး”ဟု အမည် ပေးခဲ့ပါသည်။ ကျောင်းသူကျောင်းသား အားလုံးတို့ကို ဇလားထဲထည့် ပြီး ဘွဲ့ရရှိစေရန် တွန်းချခြင်းဖြစ်ပါသည်။

အထက်ဖော်ပြပါပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သဖြင့် အကျိုးဆက်အဖြစ် ဘွဲ့ရရှိသူ လူငယ်အမြောက်အမြားကို တက္ကသိုလ်၊ ကောလိပ် အမျိုးမျိုးက မွေးထုတ်ပေးနိုင်လိုက်သော်လည်း အဆိုပါဘွဲ့ရအများစုသည် လုပ်သားစျေးကွက်သို့ ဝင် ရောက်နိုင်ရန် အဆင်သင့်မဖြစ်ခဲ့ကြပါ။ လူငယ်အချို့သည် လုပ်သားစျေးကွက်သို့ တိုက်ရိုက်ဝင်ရောက် နိုင်ခြင်းလည်း မရှိခဲ့ကြပါ။

အထက်ဖော်ပြပါ ပညာရေး စနစ်ကြောင့် ၁၉၉၆ ခုနှစ်မတိုင်မီအချိန်က သက်မွေးပညာသင်ကျောင်း အများစုသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တည်ရှိခဲ့သော်လည်း ၁၉၉၆ ခုနှစ်သို့ ရောက်ရှိသည့် အချိန်တွင်မူ အခြားသောဝန်ကြီးဌာနများ၊ ဌာနများစွာ၏ တာဝန်ယူမှု လက်အောက်သို့ ရောက်ရှိသွားပြီး လျှင် အချို့သော သက်မွေးပညာ ကျောင်းများမှာ လုံးဝပိတ်သိမ်းရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပါသည်။

ဤတွင် ပညာရေးနှင့် လေ့ကျင့်ရေးဖြစ်သည့် သင်တန်းတို့ အကြားရှိ ကွာဟချက်မှာ များစွာကြီး မားဖြစ်ထွန်းလာစေခဲ့ပြီး အလယ်အလတ် နည်းပညာ သက်မွေးပညာနှင့် ပတ်သက်သည့် ပညာရှင်များအား မွေးထုတ်ပေးနိုင်မှုမှာ လုံးဝပျက်စီးသည့်အခြေအနေသို့ ရောက်ရှိသွားစေခဲ့ပါသည်။ နည်းပညာနှင့် သက် မွေးပညာသင်တန်းကျောင်းများက အခြေခံနှင့် အလယ်အလတ်တာဝန်ကို ယူကြမည့် လူငယ်များကို မွေး ထုတ်ပေးနိုင်ခြင်း မရှိတော့သဖြင့် လုပ်သားစျေးကွက်တွင် လိုအပ်လျက်ရှိသည့် အခြေအနေကို ဖြည့် ဆည်းပေးနိုင်စွမ်းမရှိတော့သည့် အဆင့်သို့ ရောက်ရှိသွားစေခဲ့ပါသည်။

စာဖတ်သူများအား မေးခွန်းထုတ်လိုသည့်အချက်မှာ လုပ်သားစျေးကွက်တွင် အခြေခံနှင့် အလယ်အလတ်ကို တာဝန်ယူမည့် လုပ်သားအရေအတွက်နှင့် အုပ်ချုပ်သူ အထက်ပိုင်းကို တာဝန်ယူမည့် လုပ် သားအရေအတွက်တွင် မည်သည့် လုပ်သားအရေအတွက်က ပိုမိုများ ပြားလျက်ရှိနေပါသလဲဆိုသည့် မေး ခွန်းဖြစ်ပါသည်။ အဆိုပါမေးခွန်း၏ အဖြေကိုမူ လေ့လာဆန်းစစ်ကြည့်ရန်ပင် မလိုအပ်ဘဲ အလွယ်တကူ တွေ့ရှိသိမြင်နိုင်ပါသည်။ ဖော်ပြပါအခြေအနေကို တွေ့မြင်ခြင်းအား ဖြင့် မြန်မာ့ပညာရေးစနစ်ကို “လွဲချော် ပညာရေး” ၊ “လွဲမှားပညာရေး” ၊ “အံချော် ပညာရေး”အဖြစ်ခေါ်ဆိုသည်မှာ လွန်ကဲစွာ မှတ်ချက်ပြုခြင်း မဟုတ်ဘဲ အလွန်သင့်တော်ကောင်းမွန်သည့် ကောက်ချက်အဖြစ် ခေါ်ဆိုနိုင်ပါသည်။

ပညာရေးစနစ်တွင် အရေးအကြီးဆုံးဖြစ်မည်ဟု စာရေးသူ ထင်မြင်ယူဆသည့်အချက်ကို တင်ပြပါမည်။ ပညာရေးစနစ်တစ်ရပ်တွင် အသက်တမျှအရေးကြီးဆုံးအချက်မှာ (Academic Freedom) ဟု ခေါ်ဆိုသည့် ပညာရေး၊ ပညာရပ်များနှင့် ပတ်သက်သည့် အတတ်ပညာ၊ နည်းပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့ အား သင်ယူခြင်း၊ လေ့လာခြင်း၊ သင်ကြားခြင်းတို့ ပြုလုပ်ဆောင်ရွက်ရာတွင် လွတ်လပ်စွာဆောင်ရွက် လုပ်ကိုင်နိုင်ခြင်းပင် ဖြစ်ပါသည်။

ထိုကဲ့သို့မဟုတ်ဘဲ အုပ်ချုပ်သူ လူတန်းစားက ပညာရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်ပြီး ပါဝင် ဆောင်ရွက်မည်ဆိုပါက (Academic Freedom) သည် ပျက်စီးသွားစေမည် ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် အတတ်ပညာရှင်၊ နည်းပညာရှင်၊ အသိပညာရှင်၊ တွေးခေါ်မြော်မြင် တတ်သည့် ဉာဏ်ပညာနှင့်ပြည့်စုံသည့် ပညာရှင်ကြီးများ ပေါ်ထွက်လာနိုင်သည့် အခြေအနေ မရှိနိုင်တော့ပါ။

ဥပမာအားဖြင့် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သူက ပညာရေးတွင် ဝင်ရောက်စွက်ဖက်ပြီး အာဏာ၊ အင်အားကို အသုံးပြုကာပါဝင် လုပ်ကိုင်ဆောင်ရွက်ပါက အထက်တွင် ဖော်ပြခဲ့သည့် အတတ်ပညာရှင်၊ နည်းပညာရှင်၊ အသိပညာရှင်၊ တွေးခေါ်မြော်မြင်တတ်သည့် ဉာဏ်ပညာနှင့်ပြည့်စုံသည့် ပညာရှင်ကြီးများ ပေါ်ထွက်လာနိုင်ခြင်း မရှိတော့ဘဲ ကျောင်းသူကျောင်းသားများအား ၎င်းတို့ အာဏာရှင်များကို အ ထောက်အကူပြုစေမည့် အမိန့်နာခံသူ၊ သေရဲသူ၊ သတ်ရဲသူ လူတန်းစားများကိုသာ မွေးထုတ်ပေးမည်ဖြစ် ပါသည်။

စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်းမှ စတင်ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုရရှိခဲ့ သို့မဟုတ် ရယူခဲ့ကြသူများသည် ပညာရေးနှင့် ပတ်သက်သော အရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်ခဲ့ကြပါသည်။ လက်နက်အင်အားကို အသုံးပြုပြီး တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသည့် အစိုးရများ၊ လူပုဂ္ဂိုလ်များက ဝင်ရောက်ခြယ်လှယ် ခြင်းသာမက ရွေးကောက်ခံ အစိုးရများ၊ လူပုဂ္ဂိုလ်ကြီးများကလည်း ဝင်ရောက်ခြယ်လှယ်ခဲ့ကြပါသည်။

ရွေးကောက်ခံ အစိုးရတစ်ရပ်ဖြစ်ပါသော်လည်း ဝန်ကြီးချုပ် ဦးနုက ရန်ကုန်တက္ကသိုလ်၏ အရေးကိစ္စများတွင် ဝင်ရောက်ခြယ်လှယ်ခဲ့သည်ကို ဆရာကြီး ဦးလှမြင့်၏ စာအုပ်တွင် တင်ပြထားသည့် အချက်အလက်များအား တိုက်ရိုက်ဖော်ပြပါသည်။

“ကျွန်တော် ဗမာပြည်ကို ပြန်ရောက်တဲ့အခါ တက္ကသိုလ်ရဲ့အခြေအနေဟာ ကျွန်တော်ထင်ထားတာ ထက် အများကြီး ဆိုးဝါးနေတာကို တွေ့ရှိရပါတယ်။ အကြောင်း တစ်ကြောင်းက ကျောင်းသားဦးရေဟာ ကျွန်တော် ရှိစဉ်ကထက် အဆမတန် များပြားနေတာကြောင့် ဖြစ်ပါတယ်။“…….“၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဦးနုဟာ ကျောင်းသားများရဲ့ အလိုကျအတိုင်း စာမေးပွဲအောင်မှတ်တွေကို သက်ညှာစွာ လျှော့ချပေးဖို့ အတွက် ကျွန်တော့်ကို ချဉ်းကပ်ပြီး ဖိအားပေးခဲ့ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ကျောင်းသားငါးရာခိုင်နှုန်းကို အအောင်ပေးပြီး တက္ကသိုလ်မှာ လက်ခံဖို့ ပြောဆိုလာပါတယ်။ အဲဒီလိုလုပ်ရင် တက္ကသိုလ်မှာ ကျောင်းသားငါးထောင်ဖြစ်သွားမှာဖြစ်ပြီး လက်ရှိမှာ ကျောင်းသားသုံးထောင်ကို မနည်းကြိုးစားပြီး သင်ကြားနေရတဲ့အချိန် ဖြစ်ပါတယ်။ တက္ကသိုလ်ပညာရေး အဆင့်အတန်းမြှင့်တင်ရန် ဦးနုဟာ စိတ်ဝင်စားခြင်း မရှိပါ။ သူဟာ တက္ကသိုလ်ကိစ္စကို ကျောင်းသားဆူပူမှုများ လျော့နည်းစေရန်နဲ့ နိုင်ငံရေးလှည့် ကွက်တစ်ခုအနေဖြင့်သာ အသုံးချလိုပါတယ်။ ကျွန်တော်နှင့် ဦးနု အကြား မကျေလည်မှု ဒုတိယအကြိမ် ဖြစ်လာခဲ့ရပါတယ်။ နောက်ဆုံးမှာ တက္ကသိုလ်ကျောင်းသားများအတွက် နောက်ဆက်တွဲစာမေးပွဲကို အကြိမ်ကြိမ်ပြုလုပ်ဖို့ ဦးနုက စေခိုင်းတဲ့အတွက် ကျွန်တော် အလုပ်ထွက်ပြီး အင်္ဂလန်နိုင်ငံသို့ အပြီးအပိုင် ပြန်သွားခဲ့ပါတယ်။” (Re-ference: 1, pp – 20-21).

ယနေ့အချိန် စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေမှာ တိုင်းပြည်တည်ဆောက်ခြင်းအတွက် ဒီဇိုင်း မိုဒယ် ပုံစံကို စနစ်တကျ ရေးဆွဲချမှတ်တည်ဆောက်ခြင်း မရှိသကဲ့သို့ နိုင်ငံတော်တည်ဆောက် ခြင်းကိုလည်း စနစ်တကျ ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲချမှတ်ပြဋ္ဌာန်း တည်ဆောက်ထားခြင်း မရှိပါ။ အကျိုးဆက်အဖြစ် ပညာရေးနှင့် ပတ်သက်သည့် ဒီဇိုင်းမိုဒယ်ပုံစံကိုလည်း စနစ်တကျ ရေးဆွဲချမှတ် တည်ဆောက်ပြဋ္ဌာန်းခြင်းမရှိနိုင်တော့ဘဲ စီမံကိန်းများကိုသာ ကြုံသလို အဆင်ပြေသလို ချမှတ်ဆောင် ရွက်ခြင်းများဖြင့်သာ လည်ပတ်စေလျက်ရှိနေပါတော့သည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ပညာရေးစနစ်၏ ဒီဇိုင်းမိုဒယ်ပုံစံကို တိုင်းပြည် နိုင်ငံတော်၏အခြေအနေနှင့် ကိုက်ညီပြီး အချိန်ကာလအခြေအနေနှင့် လိုက်လျော ညီထွေစွာ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြသဖြင့် ယနေ့အချိန် ပညာရေးစနစ်က မွေးထုတ်ပေးလိုက်သည့် လူငယ်များမှာ တိုင်းပြည်နိုင်ငံတော်တွင် တည်ရှိဖြစ်ထွန်းစေလျက်ရှိသည့် လုပ်သားစျေးကွက်တွင် အလွယ်တကူ ချောမွေ့စွာ ဝင်ရောက်ရန် အခက်အခဲများစွာ ဖြစ်ပေါ်လာစေ လျက်ရှိသည့် အခြေအနေဖြစ်ပါသည်။ ဝယ်လိုအား ရှုထောင့်အရ လုပ်သားစျေးကွက်နှင့် ရောင်းလို အားရှုထောင့်အရ လုပ်သား စျေးကွက်တို့၏ ဟန်ချက်မျှခြေကိုလည်း ရေရှည်တည်ငြိမ်အောင် ထိန်းညှိရန် လွန်စွာခက်ခဲသည့် အခြေအနေများ ဖြစ်ထွန်းပေါ်ပေါက်စေလျက်ရှိသည်ကို တိုင်းပြည်နိုင်ငံတွင် ပညာရေးကို တာဝန်ယူထားရှိသည့် တာဝန်ရှိ လူပုဂ္ဂိုလ်ကြီးများနှင့်တကွ စီးပွားရေးလုပ်ငန်းများကို တာဝန်ယူလျက်ရှိသည့် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ၊ အသင်းအဖွဲ့ အသီးသီးရှိ တာဝန်ရှိသူများအနေနှင့် လိုအပ်သည်များကို အချိန်မီပြင် ဆင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ မြန်မာ့ပညာရေး စနစ်နှင့် လုပ်သားစျေးကွက်ကို အလွယ်တကူ ချိတ်ဆက်နိုင်စေမည့် ပညာရေးစနစ် သဘောတရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြပါမည်။ ပညာရေးနှင့် ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာတင်ပြရပါလျှင် အဓိကအားဖြင့် ပင်မလမ်းကြောင်းကြီးနှစ်ရပ် ထင်ရှားစွာ တည်ရှိနေပါသည်။

လမ်းကြောင်းကြီးနှစ်ရပ်မှာလည်း တစ်ကြောင်းနှင့်တစ်ကြောင်းသည် လုံးဝသီးသန့်ကွဲပြားခြားနားသည့် အခြေအနေမဟုတ်ဘဲ ဆက်သွယ်ဆက်စပ်ပတ်သက်လျက် တည်ရှိနေပါသည်။

ပထမလမ်းကြောင်းမှာ ပညာရေး (Education)သက်သက် အတွက်ဖြစ်ပြီး ၎င်းတွင် ကျောင်းတွင်းပညာရေး (အတန်းပညာရေး) (Formal Education) ၊ ကျောင်းပြင်ပ ပညာရေး (အတန်း/အဆင့် မခွဲခြားသည့် ပညာရေး) (Non-Formal Education)နှင့် ဘဝတစ်သက်တာ ပညာရေး (Informal Education) အဖြစ် ကွဲပြားခြားနားလျက်တည် ရှိနေပါသည်။

ဒုတိယလမ်းကြောင်းမှာ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး (Technical Vocational Edu-cation and Training (TVET) ဖြစ်ပြီး ၎င်းတွင်လည်း ကျောင်းတွင်းပညာရေး (အတန်းပညာရေး) (Formal Education) ၊ ကျောင်းပြင်ပ ပညာရေး (အတန်း/အဆင့် မခွဲခြား သည့် ပညာရေး) (Non-Formal Education) နှင့် ဘဝတစ်သက်တာ ပညာရေး (Informal Education)အဖြစ် ကွဲပြားခြားနားလျက် တည်ရှိနေပါသည်။ ဒုတိယလမ်းကြောင်း ဖြစ်သည့် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) သည် မြန်မာနိုင်ငံအနေနှင့် လုပ်သားစျေးကွက်နှင့် အနီးကပ်ဆုံး ပညာရေးလမ်းကြောင်းအဖြစ် မှတ်ယူနိုင်ပါသည်။

ထို့ကြောင့် ယခုဆောင်းပါးတွင် ရေးသားတင်ပြမည့် အကြောင်း အရာများသည် မြန်မာနိုင်ငံအနေဖြင့် လုပ်သားစျေးကွက်နှင့် အနီးကပ်ဆုံးဖြစ်သည့် ပညာရေးလမ်းကြောင်းနှင့် သက်ဆိုင်သည့် အဓိ ပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘောတရားများကိုသာ ဦးစားပေးတင်ပြမည် ဖြစ်ပါသည်။ နည်းပညာ သက် မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ပညာရေးလမ်းကြောင်းအတွက် အခြေခံလိုအပ်ချက်မှာ အပြော၊ အဖတ်၊ အရေးနှင့် အတွက်ကိုမူ နားလည်သဘောပေါက်ခြင်းကို ဘုံအဖြစ်ထားရှိကာ ကျွမ်းကျင်တတ် မြောက်ရန် လိုအပ်ပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်းတင်ပြရန်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်း အင်းပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် စာရေးသူ၏ ဆရာမကြီးနှစ်ဦး ရေးသားတင်ပြထားသည့် အချက်များကို အခြေခံကာ တင်ပြပါမည်။ ပထမအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ကျောင်းပြင်ပ ပညာရေး (Non-Formal Education)နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆို ချက်ဖြစ်ပါသည်။

Non-formal education is any organized education activity outside the established formal system}}(Reference: 2, pp – 3).  ဖော်ပြထားချက်အရ “ကျောင်းပြင်ပ ပညာရေးဆိုသည်မှာ ကျောင်း တွင်း ပညာရေး(အတန်းပညာရေး) (Formal Education)စနစ်အဖြစ် ထူထောင်ထားရှိသည့် လုပ်ငန်း များနှင့်သက်ဆိုင်ခြင်းမရှိဘဲ ပြင်ပတွင်မည်သည့်အဖွဲ့အစည်းက မည်သည့် ပညာရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းတိုင်းကိုမဆို ကျောင်းပြင်ပ ပညာရေး (အတန်း/အဆင့် မခွဲခြားသည့် ပညာရေး) (Non-Formal Education) ဟုခေါ်ဆိုပါသည်။

 

ထိုမှတစ်ဆင့် ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်း တင်ပြပါမည်။ ]]Education is life-long-not a time-bound, place-bound process. It is not to be equated with schooling, and measured by years of exposure but is regarded as learning, regardless of where, when or how the learning occurs.  Thus defined, education embraces informal, formal and non-formal modes or methods of learning.}}(Reference: 2, pp – 15).

 

ဖော်ပြထားချက်အရ “ပညာရေးဆိုသည်မှာ ဘဝတစ်သက်တာ ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အစဉ် သို့မဟုတ် လုပ်ငန်းစဉ်ဖြစ်ပြီး အချိန်ကန့်သတ်၊ နေရာကန့်သတ် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် မဟုတ်ပါ။ ၎င်းသည် ကျောင်းတွင် မည်မျှကြာအောင်နေထိုင်ခဲ့သည်ဆိုသည့် ကာလနှင့်သော်လည်း ကောင်း ညီမျှခြင်းချ၍မရနိုင်သကဲ့သို့ နှစ်မည်မျှကြာအောင် အတွေ့အကြုံ ရှိခဲ့ပါသည်ဆိုသည့်အချက်နှင့်သော် လည်းကောင်း တိုင်းတာ၍မရနိုင်ပါ။ သို့သော် သင်ယူခဲ့ခြင်းဆိုသည့် အခြေအနေနှင့် သက်ဆိုင်ပါသော်လည်း မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သို့သင်ယူခဲ့ပါသည်ဆိုသည့် အချက်များနှင့်မူ သက်ဆိုင်ခြင်းမရှိပါ။ ထို့ကြောင့် ပညာရေးဆိုသည်မှာ ဘဝတစ်သက်တာပညာရေး၊ ကျောင်းတွင်းပညာရေးနှင့် ကျောင်း ပြင်ပ ပညာရေးဆိုသည့် နည်းလမ်းများကို လက်ခံယုံကြည်ခြင်း သို့မဟုတ် လေ့လာသင်ယူသည့် နည်းလမ်းများကို လက်ခံယုံကြည်ခြင်းပင် ဖြစ်ပါသည်။”

 

ဒုတိယအနေဖြင့် လုပ်သား စျေးကွက်သဘောတရားများကို အကျဉ်းချုပ်ပြီး တင်ပြပါမည်။ လုပ်သားစျေးကွက် သဘောတရား အပြည့်အစုံကိုမူ ယခုကဲ့သို့သော ဆောင်းပါးအဆင့်ဖြင့် တင်ပြရန် မဖြစ်နိုင်ပါ။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် အလို့ငှာ (စာ - ၄) ပုံတွင်ဖော်ပြထားပါသည်။

လုပ်သားစျေးကွက် သဘောတရားများတွင် ဝယ်လိုအားရှုထောင့်အရ လုပ်သားစျေးကွက်နှင့် ရောင်းလိုအား ရှုထောင့်အရ လုပ်သားစျေးကွက်အဖြစ် တည်ရှိရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာအုပ်တွင် ဖော်ပြထားသည်များကို တိုက်ရိုက်တင်ပြပါသည်။ ဝယ်လိုအား ရှုထောင့်အရ လုပ်သားစျေးကွက်နှင့် ပတ်သက်သည်များကို တင်ပြရပါ လျှင် - ]]At a given time and with a given state of technology, there exists a relationship between the quantity of labour inputs and the amount of output.}}(Reference: 33, pp – 244).  ဖော်ပြထားချက်အရ “ဝယ်လိုအားရှုထောင့်အရ လုပ်သား စျေးကွက်ဆိုသည်မှာ သတ်မှတ်ထားရှိသည့်အချိန် တစ်ချိန်၌ တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် နည်း ပညာအခြေအနေအပေါ်တွင် မူတည်ပြီး လုပ်သားအရေအတွက်နှင့် ကုန်ထုတ်လုပ်မှုပမာဏတို့အကြား ရှိ ဆက်စပ်တည်ရှိနေခြင်းကို ခေါ် ဆိုခြင်း ဖြစ်ပါသည်။”

“ The labour demand curve shifts up and out over time with capital accumulation, technology advance, and improvements of labor quality.}} (Refrence: 3, pp – 245).  ဖော်ပြထားချက်အရ “ဝယ် လိုအားရှုထောင့်အရ လုပ်သား အင်အား မျဉ်းကွေးသည် လုပ်သားများ၏ အရည်အသွေးတိုးတက်ကောင်း မွန်လာခြင်း၊ နည်းပညာအဆင့်မြင့် မားတိုးတက်လာခြင်းနှင့် အရင်းအနှီး စုဆောင်းမိခြင်းတို့၏ အချိန်ကာ လအပေါ်တွင် မူတည်ကာ အတက်ဘက်သို့ ပြောင်းလဲစေခြင်းနှင့် ပြင်ပသို့ ရောက်ရှိစေခြင်းတို့ကို ဖြစ် ပေါ်စေပါသည်။”

“Labour supply refers to the number of hours that the population desires to work in gainful activities.  The three key elements for labor supply are hours per worker, labor-force participation, and immigration.}}(Reference: 3, pp – 247).

ဖော်ပြထားချက်အရ “ရောင်းလိုအားရှုထောင့်အရ လုပ်သားစျေးကွက်ဆိုသည်မှာ အမြတ်ထွက်အကျိုးရှိသော ဆောင်ရွက်မှုလုပ်ငန်းများတွင် အလုပ်လုပ်ရန် လိုအင်ဆန္ဒ အပြည့်အဝရှိသော လူဦးရေ၏ အလုပ်လုပ်သည့် နာရီများကို ခေါ်ဆိုပါသည်။ ၎င်းတွင် အဓိက အစိတ်အပိုင်းသုံးပိုင်းပါဝင ်လျက်ရှိပြီး ၎င်းင်းတို့မှာ (က) အလုပ်သမား တစ်ဦး၏ အလုပ်လုပ်သည့် နာရီများ၊ (ခ) ပါဝင်ဆောင်ရွက်လုပ်ကိုင်သည့် လုပ်သားအင်အား အရေအတွက်နှင့် (ဂ) လူဝင်မှုအခြေအနေတို့ ဖြစ်ကြပါသည်။”

တတိယအနေဖြင့် ဝယ်လိုအား ရှုထောင့်အရ လုပ်သားစျေးကွက်နှင့် ရောင်းလိုအားရှုထောင့်အရ လုပ် သားစျေးကွက်တို့ ချိတ်ဆက်ပုံ၊ ချိတ်ဆက်နည်းများကို အကျဉ်းချုပ် တင်ပြပါမည်။ စာရေးသူသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 42, Vol. 17  တွင် “စီးပွားရေး လုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) တည်ထောင်ဖွင့်လှစ် သင် ယူလေ့လာနိုင်စေရေး“ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားတင်ပြခဲ့ပါသည်။ ယခုဆောင်းပါးအား ဖော် ပြပါဆောင်းပါးနှင့် တွဲဖက်လေ့လာ ဖတ်ရှုပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။  ဆောင်းပါးတွင်တင်ပြထား သည့် အချက်ကို တိုက်ရိုက်တင်ပြရပါလျှင် - ”အမေရိကန်ပြည်ထောင်စု၊ ဆန်ဟိုဆေး စတိတ်တက္ကသိုလ်တွင် ထူထောင် တည်ဆောက်ရှင်သန်လည်ပတ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းပညာသင်တန်းကျောင်း ဖြစ်သည့် (Lucas College and Graduate School of Business) သည် ၁၉၂၃ ခုနှစ်ကတည်းကပင် ထူထောင် တည်ဆောက်ထားရှိသည့် ကျောင်းဖြစ်ပါသဖြင့် ယနေ့အချိန် အခါတွင် နှစ်ပေါင်း (၉၉ နှစ်)ရှိပြီး အနှစ်တစ်ရာနီးပါး သက်တမ်းကြာ မြင့်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းတစ် ကျောင်းဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် (Lucas College and Graduate School of Business) အား ထူထောင်တည်ဆောက်ရခြင်း၏ အခြေခံရည်ရွယ်ချက်မှာ ဆီလီကွန်ဗယ်လီ (Silicon Vally) တွင် တည်ရှိလည်ပတ်လျက်ရှိသော ကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်း ဘွဲ့ရပညာတတ်များ (Business Graduates) အလုံအလောက် ရရှိစေရေးအတွက် မွေးထုတ်ပေးရန် ဖြစ်ပါသည်။”

အထက်ဖော်ပြပါ အခြေအနေကို လေ့လာပါက စီးပွားရေးလုပ်ငန်း ပညာသင်တန်းကျောင်း စတင်ထူ ထောင်တည်ဆောက်စဉ်ကတည်း ကပင်လျှင် ဆီလီကွန်ဗယ်လီရှိ ကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်း ဘွဲ့ရပညာတတ်များ အလုံအလောက် ရရှိစေရေးအတွက် မွေးထုတ်ပေးရန် ဆိုသည့် ရည်ရွယ်ချက် ဖြင့် တည်ဆောက်ခဲ့သည့်အတွက် ဝယ်လိုအားရှုထောင့်အရ လုပ်သားစျေးကွက်နှင့် ရောင်းလိုအားရှုထောင့် အရ လုပ်သားစျေးကွက်တို့ ချိတ်ဆက်ပုံ၊ ချိတ်ဆက်နည်းကို မတည်ဆောက်မီကတည်းကပင် ခိုင်မာစွာ ချမှတ်ထားရှိသည်ကို တွေ့မြင်နိုင်ပါသည်။

စာရေးသူတို့ တိုင်းပြည် နိုင်ငံအနေဖြင့် အထက်ဖော်ပြပါကဲ့သို့ ဒီဇိုင်းမိုဒယ်ပုံစံကို စနစ်တကျရေးဆွဲချမှတ် တည်ဆောက်ထားခြင်း မရှိပါသောကြောင့် တည်ရှိနေသည့် ဝယ်လိုအားရှုထောင့်အရ လုပ်သားစျေးကွက်နှင့် တည်ရှိနေသည့် ရောင်းလိုအား ရှုထောင့်အရ လုပ်သားစျေးကွက်တို့ကို စနစ်တကျ ဆန်းစစ်လေ့လာပြီးလျှင် မည်ကဲ့သို့သော နည်းလမ်းများကို အသုံးပြုပြီး ချိတ်ဆက်နိုင်ပါက လွယ်ကူလျင်မြန်နိုင်ပြီး အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်အကျိုးပြုနိုင်စေမည့် ချိတ်ဆက်ပုံ၊ ချိတ်ဆက်နည်းအသစ်များကို  ရှာဖွေဖော်ထုတ်အသုံးပြု သင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပညာရေးစနစ်၏ ဒီဇိုင်းမိုဒယ်ပုံစံကို တိုင်းပြည်နိုင်ငံတော်၏အခြေအနေနှင့် ကိုက်ညီပြီး အချိန်ကာလအခြေ အနေနှင့် လိုက်လျောညီထွေစွာ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြသဖြင့် ယနေ့အချိန် ပညာရေးစနစ်က မွေးထုတ်ပေးလိုက်သည့် လူငယ်များမှာ တိုင်းပြည် နိုင်ငံတော်တွင် တည်ရှိဖြစ်ထွန်းစေလျက်ရှိသည့် လုပ်သားစျေးကွက်တွင် အလွယ်တကူ ချောမွေ့စွာဝင်ရောက်ရန်အခက် အခဲများစွာ ဖြစ်ပေါ်လာစေလျက်ရှိသည့် အခြေအနေကို စနစ်တကျ သုတေသနပြု လေ့လာဖော်ထုတ် နိုင်ကြပါစေကြောင်းနှင့် ဝယ်လိုအား ရှုထောင့်အရ လုပ်သားစျေးကွက်နှင့် ရောင်းလိုအား ရှုထောင့်အရ လုပ်သားစျေးကွက်တို့၏ ဟန်ချက်မျှခြေကိုလည်း ရေရှည်တည် ငြိမ်အောင် ထိန်းညှိရန် လွန်စွာခက်ခဲသည့် အခြေအနေများ ဖြစ်ထွန်းပေါ်ပေါက်စေလျက်ရှိသည်ကို တိုင်းပြည်နိုင်ငံတွင် ပညာရေးကို တာဝန်ယူထားရှိသည့် တာဝန်ရှိလူပုဂ္ဂိုလ်ကြီးများနှင့်တကွ စီးပွားရေးလုပ်ငန်းများကို တာဝန်ယူလျက်ရှိသည့် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ၊ အသင်းအဖွဲ့အသီးသီးရှိ တာဝန်ရှိ သူများအနေဖြင့် လိုအပ်သည်များကို အချိန်မီ ပြင်ဆင်ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ရေးသားတင်ပြအပ်ပါ သည်။

ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

References:

1. ဦးသီဟ (၂၀၂၂)၊ “ဆရာကြီး ဦးလှမြင့် (၁၉၂၀-၂၀၁၇) (ပါမောက္ခ၊ လန်ဒန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း”၊ (နှစ်တစ်ရာပြည့်အထိမ်းအမှတ်)၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ထိန်ဝင်းစာပေ။

2. Daw Win Win Myint and Dae Lai Lai Yu (1992), “Non-formal Education in Myanmar”, Myanmar Education Research Bureau, Yangon, February, 1992.

3. Samuelson and Nordhaus (2005), ]]Economics”, Eighteenth Edition, 2005.

 

Most Read

Most Recent