သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာလမ်းပေါ်တွင် ဓားကိုင်းသောင်းကျန်းနေသူ အမျိုးသား တစ်ဦးအား ပစ်ခတ် ဖမ်းဆီးခဲ့

သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာလမ်းပေါ်တွင် ဓားကိုင်းသောင်းကျန်းနေသူ အမျိုးသား တစ်ဦးအား ပစ်ခတ် ဖမ်းဆီးခဲ့
Published 22 July 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအဝင်း လမ်းမပေါ်၌ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ဓားကိုင်သောင်းကျန်း‌နေသော အမျိုးသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

ဓားကိုင်သောင်းကျန်းသူ အမျိုးသားသည် ဝဲကလိကျေးရွာနေ အသက် ၃၆ နှစ်အရွယ် တင်ထွန်း ဖြစ်ပြီး ဝဲကလိကျေးရွာထဲသို့ ဝင်လာသည့် ကားဆိုင်ကယ်များအား ဓားကိုင်၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ ကျောက်ခဲ့ဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့‌ ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းအားထိန်းသိမ်းရန်လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း ပြန်လည်ရန်ပြုသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

"ဓားကိုင်သောင်းကျန်းနေတဲ့ တင်ထွန်းရဲ့ တင်ပါး နဲ့ ဘယ်ဘက်ဝမ်းဗိုက်နေရာကို သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရတယ်။ သေနတ်ဒဏ်ရာတွေက အသက်အန္တရာယ်မရှိဘူးလို့ သိရတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

ဓားကိုင်ဆောင်၍ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုသူ တင်ထွန်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။