သဘာဝဘေးကြုံတွေ့နေရချိန်တွင် လူသုံးကုန်ပစ္စည်းများကို မတန်တဆစျေးနှုန်းဖြင့် ရောင်းချနေမှုများအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုအပ်ပြီး ဥပဒေအရ ထိရောက်သည့် ပြစ်ဒဏ်များ ပေးမည်

သဘာဝဘေးကြုံတွေ့နေရချိန်တွင် လူသုံးကုန်ပစ္စည်းများကို မတန်တဆစျေးနှုန်းဖြင့် ရောင်းချနေမှုများအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုအပ်ပြီး ဥပဒေအရ ထိရောက်သည့် ပြစ်ဒဏ်များ ပေးမည်
Published 11 July 2023

သဘာဝဘေးကြုံတွေ့နေရချိန်တွင် လူသုံးကုန်ပစ္စည်းများကို မတန်တဆစျေးနှုန်းဖြင့် ရောင်းချနေမှုများအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုအပ်ပြီး ဥပဒေအရ ထိရောက်သည့် ပြစ်ဒဏ်များ ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၁၀ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ပြီး နောက်ရက် မေ ၁၅ ရက်တွင် ရခိုင်ပြည်နယ်အတွင်း‌ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ သဘာဝဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ကို ယခုထပ်မံရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း၊ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ဖယ်ရှားခြင်းအပိုင်းနှင့်ပတ်သက်၍ အချို့နေရာများတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရပြီး ဒေသတွင်နေထိုင်သူများအနေဖြင့် မိမိတို့နေထိုင်ရာ အိမ်ခြံဝန်းများအတွင်း အပျက်အစီးများကို ဖယ်ရှားရန်အတွက် တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအဆောက်အအုံများ ပြင်ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်က ဆောင်ရွက်ပေးသည့် အပိုင်းနှင့် ပြည်သူများက ဆောင်ရွက်နိုင်သည့် အပိုင်းဟူ၍ရှိကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ရေရှည်ခိုင်ခံ့ရေးထက် အလှအပကို ဦးစားပေးဆောက်လုပ်ခြင်းများကြောင့် အချို့အဆောက်အအုံများ ပျက်စီးမှုများပြားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရေရှည်ခိုင်ခံ့သည့် အဆောက်အအုံများဖြစ်စေရေး စနစ်တကျဖြင့် တွက်ချက်ပြင်ဆင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ပျက်စီးအဆောက်အအုံများ အစားထိုးဆောက်လုပ်ခြင်းနှင့်ပတ်သက်၍လည်း အကြီးစားပြင်ဆင်ခြင်းများရှိသကဲ့သို့ လူနေအဆောက်အအုံများ အသစ်ပြန်လည်ဆောက်လုပ်ရခြင်းများလည်းရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အဆင့်တို့မှ တာဝန်ရှိသူများက စနစ်တကျဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုများအရ၊ ငွေကြေးအရ၊ စားသောက်ကုန်များနှင့် အခြားလိုအပ်သည်များကို တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရ၏ ကူညီမှုများသာမက ဒေသတွင်နေထိုင်သူများအနေဖြင့်လည်း  မိမိတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြမည်ဆိုပါက လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရခိုင်ပြည်နယ်အနေဖြင့် မူလအခြေအနေထက် ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်၊ အများပြည်သူ အခက်အခဲအကျပ်အတည်းများ တွေ့ကြုံနေရသည့်အချိန်တွင် ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းသည့်သူများက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်စျေးနှုန်းများထက် မတန်တဆစျေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုများ အပေါ်တွင်လည်း တာဝန်ရှိသူများအနေဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေအရ ထိရောက်သည့် ပြစ်ဒဏ်များကို ပေးရမည်ဖြစ်ပြီး မိမိတို့တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ်ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စားသောက်ရေးနှင့်ပတ်သက်၍ လတ်တလောအဆင်ပြေမှုရှိစေရေးအတွက်လည်း ဒေသတွင်း လိုအပ်ချက်ရှိသည့် ဆန်ဆီနှင့် အခြားလိုအပ်သည်များကို ပေးပို့စေလျက်ရှိကြောင်း၊ အလားတူ ဒေသတွင်း အသားစားသုံးမှု အထောက်အကူဖြစ်စေရေးအတွက် မွေးမြူရေးအတွက်လိုအပ်သည့် ကြက်သားပေါက်များကိုလည်း တင်ပို့စေခဲ့ကြောင်း၊ စားရေးနှင့်ပတ်သက်၍ အသားငါးနှင့် ဥအမျိုးမျိုးသည် ဒေသအတွင်း အမြဲမပြတ် လိုအပ်ချက် ရှိနေမည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် ဆောင်ရွက်ကြရန် လိုပြီး ထိုမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း အသားငါးများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။