မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားပြုလုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် အလှူရှင်များက ကျပ် ၁၆ ဘီလျံကျော်လှူဒါန်း

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားပြုလုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် အလှူရှင်များက ကျပ် ၁၆ ဘီလျံကျော်လှူဒါန်း
Published 30 June 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကျင်းပသည့်အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြသူများက လှူဒါန်းသည့် အလှူရှင် ၁၀၁ ဦး၏ လှူဒါန်းမှု စုစုပေါင်းမှာ ငွေကျပ် ၁၆၁၇၇ သန်း( ၁၆ ဒသမ ၁၇၇ ဘီလီယံ)ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြခဲ့ကြောင်းသိရသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နစကဥက္ကဌက ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြသရန်ဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေများသည် ဘာသာ၊ သာသနာအားဖြင့်သော်လည်းကောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်းကောင်း တိုးတက်မှုရှိရန် ကျရာအခန်းကဏ္ဍများမှ ပါဝင်ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်များဖြစ်ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် နေပြည်တော်တွင် မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်နေသည့် အခြေအနေများကို သိရှိရန်လိုအပ်သည်ဟုယူဆပြီး ကုသိုလ်စိတ်ပွားများနိုင်ရေး ရှင်းလင်းပြသခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့​ပြင်မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက် တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်း၊ အဆိုပါကျောက်တော်ကြီးကို တူးဖော်ရရှိရေးကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ် စစ်ဆေးဆောင်ရွက်ပြီး တွက်ချက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်အောက်တို ဘာလမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ၂၀ ရှိ A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည် ပုံဖော်နိုင်ခဲ့ကြောင်း၊ ဆင်းတုတော် ထုဆစ်ရန်အတွက် တွက်ချက်ဆောင်ရွက်ရာတွင် အချို့ကျောက်သားနေရာများတွင် လိုအပ်ချက်များရှိခြင်းကြောင့် ကျောက်သားများထပ်မံထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စသည်ဖြင့် ရုပ်ပွားတော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်ကြီးအား ထုဖော်သည်မှစ၍ သယ်ဆောင်ခြင်း၊ နေပြည်တော်တွင်ထုလုပ်ခြင်း၊ ဗုဒ္ဓဥယျာဉ်တော်တည်ဆောက် အသေးစိတ်အခြေအနေများကို နစကဥက္ကဌ ကရှင်းလင်းပြောကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယ  ဗုဒ္ဓဥယျာဉ်တော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ကြားဖြတ်အစီအစဉ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နစကဥက္ကဌက လက်ခံရယူခဲ့ကြောင်းသိရသည်။

ဦးဆောင်ဘုရားဒါယကာ နစကဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ငွေကြေး အကုန်အကျများစွာဖြင့် တည်ထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သော ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ထပ်မံတည်ဆောက်ရန်အတွက် မလွယ်ကူကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ချိန်တွင် အခက်အခဲများလည်းရှိခဲ့ကြောင်း၊ သာသနာ့ဗိမာန် တော်ကြီးကိုလည်း အချိန်မီပြီစီးနိုင်ရေး နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ရကြောင်း၊ သာသနာတော်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးလိုသဖြင့် ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားကို အချိန်နှင့်နေရာကန့်သတ်ချက်များကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ လှူဒါန်းမှုများနှင့်ပတ်သက်၍ သဒ္ဒါတရားထက်သန်မှုများဖြင့်လှူဒါန်းခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများအလိုက် လှူဒါန်းခဲ့သည့် အလှူရှင် များ၏ အမည်များကိုလည်း ကျောက်ချပ်များပေါ်တွင် ရေးထိုး၍ ကဗ္ဗည်းမှတ်တမ်း ထားရှိပေးမည်ဖြစ်ကြောင်း၊ ယခုတည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသည် ပမာဏကြီးမားပြီး လုပ်ငန်းများလည်း ကြီးမားပါကြောင်း၊ ထို့ကြောင့်ယခုတခဏအချိန်အတွင်း သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ဘာဂီယာဉ်ငယ်များဖြင့်လှည့်ကြည့်ရှုဖူးမြော်ကြရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

Most Read

Most Recent