ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်အား နိုင်ငံတကာအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့်အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန်လိုကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်အား နိုင်ငံတကာအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့်အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန်လိုကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 26 June 2023

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်အား နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့်အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန်လိုကြောင်းနှင့် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ဆန့်ကျင်ရှုတ်ချရန် တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့၏ ပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ဖော်ပြပါရှိမှုအပေါ် ပြန်လည်တုံ့ပြန်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ထိုသို့ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အမေရိကန်သို့သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ရာ၌ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ယိုယွင်းနေသော အခြေအနေကို အလွန်စိုးရိမ်ကြောင်းနှင့် ထင်ရာမြင်ရာ ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန်၊ အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှု ပေါ်ပေါက်ရေး၊ အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ မြန်မာနိုင်ငံကူးပြောင်းရေးတို့ကို တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ဖော်ပြမှုအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ပြန်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာသုံးရပ်ကို တာဝန်ယူထားသည့် နိုင်ငံတော်အစိုးရအနေဖြင့် တရားစီရင်ရေးအာဏာကို ဥပဒေနှင့်အညီကျင့်သုံး၍ အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်မှုကျူးလွန်ထား သူများကိုသာ တည်ဆဲဥပဒေများနှင့်အညီ ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဥပဒေမဲ့အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာပြည်သူများ၏ဆန္ဒနှင့်အညီ ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင် ပါဝင်သော ဦးတည်ချက်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းအပြင် နိုင်ငံတော်အစိုးရသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း ၎င်းတို့၏ ပုံမှန်လူမှုဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ထားကြောင်း၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့်  ငြိမ်းချမ်းစွာဥပဒေနှင့်အညီ နိုင်ငံရေးလုပ်ငန်းစဉ်တွင် မည်သူမဆိုပါဝင်နိုင်ရန် လမ်းဖွင့်ပေးထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးမည်ဟု အသိပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း (၁၀၆) ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ပြစ်ဒဏ်ကျခံနေရသူ (၆၂၈၁၈) ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂  ရက်မှ  ယနေ့အထိ သေဒဏ်ကျခံနေရသည့် စုစုပေါင်းအကျဉ်းသား (၅၉)ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျော့ပေါ့ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင်ပါရှိသည်။

နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန်လိုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေသည့် မည်သည့်အကြမ်းဖက်မှု လုပ်ရပ်မျိုးကိုမဆိုဆန့်ကျင် ရှုတ်ချသွားရန်လိုကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုသည်ဟု ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

Most Read

Most Recent