လောကီရေးရာ သီအိုရီ (Secular Theory)

လောကီရေးရာ သီအိုရီ (Secular Theory)
Published 25 June 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင် ရပ်တည်နိုင်စေရေး အလို့ငှာ ကြိုးပမ်းအားထုတ်ရေးသား တင်ပြရာတွင် ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများ အထူးသဖြင့် ဘာသာရေး၊ သာသနာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို မဖြစ်မနေ ရေးသားတင်ပြရန်လိုအပ်သည့်အခါများတွင် အနည်းငယ် တွန့်ဆုတ်နှောင့်နှေးမှုများဖြစ်ပေါ်လေ့ရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် လူ့အဖွဲ့အစည်းသည် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့အပေါ်တွင် အခြေပြုသည့် အခြေအနေထက် “အာဏာ”၊ “လုပ်ပိုင်ခွင့်” အပေါ်တွင် အခြေပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကိုသာ ကိုင်စွဲအသုံးပြုကြသူတို့၏ ထုံးစံအတိုင်း အကြောင်းအရာ အခြေအနေများကို စနစ်တကျ လေ့လာဆန်းစစ်လေ့ မရှိဘဲ ရယူပိုင်ဆိုင်ထားရှိသည့် အာဏာ၊ လုပ်ပိုင်ခွင့်များအား ယခင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို အခြေခံကာ မှန်ခြင်း မှားခြင်း၊ တရားခြင်း မတရားခြင်း၊ သင့်တော်ခြင်း မသင့်တော်ခြင်းများကို စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ အလွယ်တကူ ဆုံးဖြတ်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်တတ်သည့် လူ့အဖွဲ့အစည်းဖြစ်နေပါသည်။

ထို့ကြောင့် စာရေးသူအနေဖြင့် ထိလွယ်ရှလွယ်ဖြစ်သည့် ဘာသာရေး၊ သာသနာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏အကျိုးအတွက် ရေးသားတင်ပြရန် မဖြစ်မနေလိုအပ်လာသည့်အခါများတွင် စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အတွက်သော်လည်းကောင်း၊ ထိခိုက်ခြင်း၊ ပွန်းရှခြင်း မဖြစ်စေရေးအတွက်သော်လည်းကောင်း အစွမ်းကုန် ကြိုးပမ်းအားထုတ်ရလေ့ရှိပါသည်။

အထက်ပါကဲ့သို့ ကြိုးပမ်းအား ထုတ်ထားရှိပါသော်လည်း အာဏာ နှင့် လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားကြ သူများ၏ ထုံးစံအတိုင်း ရေးသား တင်ပြထားသည့် အကြောင်းအရာ များကို စနစ်တကျ လေ့လာဖတ်ရှု စဉ်းစားတွေးခေါ် ဝေဖန်သုံးသပ် ခြင်းမပြုဘဲ ချက်ချင်းလက်ငင်းတွေ့ မြင်ရသည့် တစ်ခုတည်းသော ၀ါကျ

သို့မဟုတ် တစ်ခုတည်းသော စာပိုဒ်ကလေး၏ အဓိပ္ပာယ်ကို ရယူပြီး ၎င်းတို့၏အတွေ့အကြုံကို အခြေခံကာ အလျင်အမြန်ကောက်ချက်ချတတ်သည့် သဘာဝရှိသည်များကို ကြားသိနေရသည့်အတွက်လည်း တွန့်ဆုတ်နှောင့်နှေးမိခြင်းဖြစ်ပါသည်။

သို့သော်လည်း အထက်ဖော်ပြပါ ရေးသားတင်ပြခြင်းများကို တွန့်ဆုတ် နှောင့်နှေးလျက်ရှိကြသည့် အခြေအနေများကြောင့် ရေးသားတင်ပြခြင်း မပြုခဲ့ကြပါလျှင်လည်း စာရေးသူတို့၏ တိုင်းပြည်နိုင်ငံကြီးမှာ ဆိုးရွားပြင်းထန်သည့် ဝဲသြဃ သံသရာကြီးတွင်သာ လည်ပတ်နေမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအလယ်တွင် ဂုဏ်သိက္ခာမဲ့စွာ ရပ်တည်လျက် ပြည်သူပြည်သား နိုင်ငံသားအချို့တို့သည်လည်း သေကျေပျက်စီးကာ အသက်ရှင်ရပ်တည်ရန် ခက်ခဲသည့် ပြည်သူပြည်သား နိုင်ငံသားပေါင်း မြောက်မြားစွာ တည်ရှိဖြစ်ပေါ်နေမည်ဖြစ်ပါသည်။

စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်း တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းတို့နှင့် ပတ်သက်သည့် သဘောတရားများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် နောက်ခံအကြောင်းရင်းများ၊ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံကြီးများက ချဉ်းကပ်ဆောင်ရွက်ခဲ့ကြသည့် သဘောတရားများနှင့် နည်းလမ်းများကိုစိတ်ဝင်စားခြင်း၊ စနစ်တကျလေ့လာခြင်း မရှိခဲ့ကြသဖြင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အသက်တစ်မျှ အရေးကြီးလှသည့် လောကီရေးရာသီအိုရီ (Secular Theory) နှင့် ပတ်သက်သည့် ဆွေးနွေးချက်များ၊ ထုတ်ဖော် တင်ပြချက်များ၊ ရေးသားတင်ပြချက်များမှာ မြန်မာစာပေ၊ စာအုပ်၊ စာစောင်များတွင် တွေ့မြင်ရခြင်း မရှိသည့် အခြေအနေဖြစ်ပါသည်။

ထို့ပြင် လောကီရေးရာသီအိုရီ (Secular Theory) နှင့် ပတ်သက်သည့် အကြောင်းအရာများသည် လွန်စွာပါးလွှာသည့်အားလျော်စွာ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများ အထူးသဖြင့် ဘာသာရေး၊ သာသနာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အခြေခံပြီး ရှင်းလင်းတင်ပြရသည့်အတွက် အင်အားကို အခြေပြုပြီး အာဏာနှင့် လုပ်ပိုင်ခွင့်ကို ကိုင်စွဲထားကြသူများအနေဖြင့် ပြည်သူပြည်သားများအား “သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း” ဖြစ်စေရန် ရေးသားတင်ပြရာတွင် လွန်စွာ အသုံးဝင်သည့် အကြောင်းအရာ ဖြစ်နေပါသည်။

စာရေးသူ လေ့လာတွေ့မြင် ဖတ်ရှုရသည့် လောကီရေးရာသီအိုရီ (Secular Theory) နှင့် ပတ်သက်သည့် သတိပေး ရေးသားတင်ပြချက်အား ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ဘဲ အကျဉ်းအားဖြင့် ဖော်ပြထားရှိသည် ကို တိုက်ရိုက်တင်ပြရပါလျှင် “၁၉၅၉ ခုနှစ် စက်တင်ဘာလ၌ ကျင်းပသည့် သန့်ရှင်း ဖဆပလ ပြည်လုံးကျွတ်ဦးစီးညီလာခံမှစ၍ ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးကိစ္စကို ပွဲထုတ်လာသည်။ မြန်မာနိုင်ငံတွင် အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များထံမှ မဲရရှိရန်အတွက် နိုင်ငံတော်ဘာသာဖြင့် ဗန်းပြ၍ မဲဆွယ်လျှင် လွယ်ကူသည်။ လူ ကြိုက်သည်။ သန့်ရှင်းတို့က မဲဆွယ်စည်းရုံးရာတွင် နိုင်ငံတော်ဘာသာကိစ္စထည့်၍ တရားမဟောရဟု ညွှန်ကြားခဲ့ပါသည်။ သို့သော်လည်း နိုင်ငံတော်ဘာသာကိစ္စက ရွေးကောက်ပွဲတွင် များစွာသက်ရောက်မှုရှိခဲ့သည်။ သန့်ရှင်း ခေါင်းဆောင်ကြီးကိုယ်တိုင်က ငါးပါးသီလတရားကိုဟောသည်။ သာသနာရောင်မဲပုံး အဝါကို သုံးသည်။ ရပ်ရွာတွင် သြဇာသက်ရောက်မှုရှိသော ရဟန်းသံဃာအချို့က မဲများကို သန့်ရှင်းအတွက် ရေစက်ချအလှူခံကြသည်အထိ ဖြစ်ခဲ့သည်။ သို့သော် စင်စစ်၌ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားရမည့် ကျင့်ဝတ် Secularism ကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ (Reference: 1, pp-28).

စာဖတ်သူများအနေဖြင့် အထက်ပါစာပိုဒ်တွင် ဖော်ပြထားသည့် Secularism နှင့် ပတ်သက်သော သဘောတရား၊ အဓိပ္ပာယ်ကို လေ့လာဆန်းစစ်ကြည့်ကြစေလိုပါသည်။ တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် လောကီရေးရာသီအိုရီများကို စနစ်တကျ ရှာဖွေဖတ်ရှု လေ့လာဆန်းစစ်ပြီး ပြည်သူပြည်သား နိုင်ငံသားများအား သိမြင်နားလည်နိုင်စေရေးအတွက် စနစ်တကျ အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်ခြင်း မပြုကြဘဲ နိုင်ငံရေးခေါင်းဆောင်ကြီးများကလည်း အာဏာရရှိရေးသက်သက်၊ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အာဏာကို ရယူသိမ်းပိုက်နိုင်ရေးသက်သက်ဖြင့် လောကီရေးရာ သီအိုရီ သဘောတရားများအား အစွမ်းကုန် အသုံးချလျက်ရှိနေသည်များကို တွေ့မြင်နိုင်ပါသည်။

တိုင်းပြည် တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် ဒီဇိုင်းမိုဒယ်ပုံစံ၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် ဒီဇိုင်းမိုဒယ်ပုံစံတို့ကို ရေးဆွဲအတည်ပြုနိုင်စေရန် စဉ်းစားရာတွင် လွယ်ကူလျင်မြန်စေရေး အလို့ငှာ စာဖတ်သူများ အလွယ်တ ကူသိမြင်နားလည်နိုင်စေရန်နှင့် အလွယ်တကူ ခွဲခြားနိုင်စေရန်အတွက် စာရေးသူ၏ အသိအမြင် လေ့လာတွေ့ရှိချက်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ယခုတင်ပြချက်များသည် ဒီဇိုင်းမိုဒယ် တည်ဆောက်နိုင်စေရေးအတွက်အကြမ်းဖျင်း အကျဉ်းချုံးပြီး ခွဲခြားတင်ပြခြင်းသာဖြစ်ပြီး လက်တွေ့အခြေအနေတွင်မူ လွန်စွာသိမ်မွေ့ပြီး ရှုပ်ထွေးနိုင်သည်ကို ကြိုတင်အသိပေး တင်ပြအပ်ပါသည်။

စာရေးသူသည် ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 16, Vol. 18 တွင် “တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြမည်လား။ (Nation-State Building) (သို့မဟုတ်) နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ကြမည်လား။ (State-Nation Building)” ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုဆောင်းပါးနှင့်အတူ ဖတ်ရှုလေ့လာကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

တိုင်းပြည် တည်ဆောက်ခြင်းဆိုသည်မှာ လွန်စွာသိမ်မွေ့နက်နဲ ခက်ခဲသည့် သဘောတရားများ ဖြစ်ကြပါသည်။ မတူကွဲပြားခြားနားခြင်းများကို လေးစား မြတ်နိုးတန်ဖိုးထားရှိပြီး အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ကာ ပြည်သူပြည်သား နိုင်ငံသားအများစု သို့မဟုတ် ပြည်သူပြည်သားနိုင်ငံသား တစ်ဦးချင်းစီတိုင်း၊ လူတစ်ဦးချင်းစီတိုင်းသည် ပျော်ရွှင်ချမ်းမြေ့မှု အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိရရှိစေရန် ဖန်တီးတည်ဆောက်ရခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ပါဝင်သည့် အကြောင်းအရာများမှာ တိုင်းရင်းသားလူမျိုးအရေးများ၊ လူမျိုးစုများ လူမျိုးစုငယ်များ၏ အရေးကိစ္စများ၊ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများ၊ ယုံကြည်ကိုးကွယ်ခြင်းများ၊ ဘာသာရေး သာသနာရေးကိစ္စရပ်များ၊ ဒီမိုကရေစီအရေးကိစ္စရပ်များ၊ နိုင်ငံရေးအယူဝါဒများ၊ နိုင်ငံရေး (တိုင်းပြည်ရေး) စသည်တို့ဖြစ်ကြပါသည်။

ဤတွင် စာဖတ်သူများအတွက် အသေးစိတ်ရှင်းလင်းတင်ပြ လိုသည့်အချက်မှာ “Politics” ကို စာအုပ်စာစောင်များတွင် “နိုင်ငံရေး” အဖြစ် ဘာသာပြန်ဆိုထားကြသည်ကို တွေ့ရှိရသဖြင့် စာရေးသူအနေဖြင့် “နိုင်ငံရေး” ဟု ရေးသားတင်ပြနေခြင်းဖြစ်ပါသည်။ “Politics” ကို အမှန်တကယ် အတိအကျ ဘာသာပြန်ဆိုသင့်သည်မှာ “တိုင်းပြည်အရေး” သို့မဟုတ် “တိုင်းပြည်ရေး” သို့မဟုတ် “တိုင်းရေးပြည်ရေး” ဖြစ်သင့်ပါသည်။ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာလျှင် “နိုင်ငံရေး” အဖြစ် ခေါ်ဝေါ်သုံးနှုန်းသင့်ပါသည်။

နိုင်ငံတော်တည်ဆောက်ခြင်းဆိုသည်မှာ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်ယန္တရားများ (အင်စတီကျူးရှင်းများ) ကို တည်ဆောက်ကြရခြင်းဖြစ်ရာ တိုင်းပြည်တည်ဆောက်ခြင်းတွင် တည်ရှိနေသည့် မတူကွဲပြားခြားနားခြင်းများကို အတူတကွ ရပ်တည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် ပလက်ဖောင်းများကို စနစ်တကျ တည်ဆောက်ကြရခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် တိုင်းရင်းသားလူမျိုးအရေးများ၊ လူမျိုးစုများ လူမျိုးစုငယ် များ၏အရေးကိစ္စများကို အတူတကွ ရပ်တည်ဆောင်ရွက်နိုင်စေမည့် ပလက်ဖောင်းအဖြစ် “နိုင်ငံသား” ကို စနစ်တကျ တည်ဆောက်ကြရပါသည်။

ထိုနည်းတူစွာ ယုံကြည်ကိုးကွယ်ခြင်းများ၊ ဘာသာရေးသာသနာရေး ကိစ္စရပ်များ မတူကွဲပြားစွာ တည်ရှိနေခြင်းကို အတူတကွ ရပ်တည်ဆောင်ရွက်နိုင်စေမည့်ပလက် ဖောင်းအဖြစ် “လောကီရေးရာသီအိုရီ (Secular Theory)” ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် တည်ဆောက်ကြရပါသည်။ တိုင်းပြည် နိုင်ငံတစ်နိုင်ငံတွင် တည်ရှိနေသည့် ယုံကြည်ကိုးကွယ်ခြင်းများ၊ ဘာသာရေး သာသနာရေးကိစ္စရပ်များအတွက် အတူတကွပူးပေါင်း ဆောင်ရွက်နိုင်စေရန် တည်ဆောက်ခြင်းကို “လောကီရေးရာကိစ္စရပ်များ တည်ဆောက်ခြင်း သီအိုရီ သို့မဟုတ် လောကီရေးရာ ကိစ္စရပ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး သီအိုရီ (Secularization Theory)” အဖြစ် ခေါ်ဆိုကြပါသည်။

စာရေးသူ ယခုဆောင်းပါးကို  ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ တိုင်းပြည်ကို တည်ဆောက်ခြင်းအား ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲပြဋ္ဌာန်းနိုင်စေရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်ကို တည်ဆောက်ခြင်းအား ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲပြဋ္ဌာန်းနိုင်စေရေးအတွက်သော်လည်းကောင်း အခြေခံ စဉ်းစားတွေးခေါ်သင့်သည့် အကြောင်းအရာ သတင်းအချက်အလက်များကို အလွယ်တကူ ခွဲခြားသိမြင်နားလည်နိုင်စေရန်နှင့် တိုင်းပြည်ကို တည်ဆောက်ခြင်းအတွက် မတူကွဲ ပြားခြားနားစွာ တည်ရှိလျက်ဖြစ်ထွန်းပေါ်ပေါက်နေသည့် ယုံကြည်ကိုးကွယ်ခြင်းများ၊ ဘာသာရေး သာသနာရေးကိစ္စရပ်များအား နိုင်ငံတော်ကို တည်ဆောက်ခြင်းအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စေမည့် ပလက်ဖောင်းဖြစ်သည့် လောကီရေးရာသီအိုရီ (Secular Theory) ကို စနစ်တကျ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ လောကီရေးရာသီအိုရီ (Secular Theory) နှင့် ပတ်သက်သည့် သဘောတရားများ၊ အဓိပ္ပာယ်သတ်မှတ်ချက်များကို အင်တာနက်စာမျက်နှာများတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည့် တင်ပြချက်များအား အခြေခံကာ စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။ အဘယ်ကြောင့်ဆိုသော် အင်တာနက် စာမျက်နှာများတွင် တင်ပြထားရှိသည့် သတင်းအချက်အလက်များသည် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ အခြေအနေနှင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တင်ပြနိုင်ရန် ကိုက်ညီခြင်း မရှိသောကြောင့် ဖြစ်ပါသည်။

စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် လောကီရေးရာကိစ္စရပ်များနှင့် လောကုတ္တရာကိစ္စရပ်များအဖြစ် စနစ်တကျ ခွဲခြားသတ်မှတ်ထားရှိပြီးဖြစ်ရာ လောကီရေးရာ ကိစ္စရပ်များနှင့် ဆက်စပ်ပတ်သက်သည့် အရေးကိစ္စရပ်မှန်သမျှသည် လောကီရေးရာသီအိုရီတွင် အကျုံးဝင်ပါသည်။ လောကီရေးရာသီအိုရီ၏ အဓိပ္ပာယ်ကို အကျဉ်းအားဖြင့် တင်ပြရပါလျှင် “လောကီရေးရာသီအိုရီဆိုသည်မှာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် မည်သည့်ဘာသာ၊ မည်သည့်သာသနာကို ယုံကြည်ကိုးကွယ်သည် ဖြစ်စေ၊ မယုံကြည် မကိုးကွယ်သည် ဖြစ်စေ အနှောင့်အယှက်မရှိ လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် လောကီရေးရာကိစ္စရပ်များ တည်ဆောက်ခြင်း သီအိုရီ သို့မဟုတ် လောကီရေးရာများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး သီအိုရီ (Secularization Theory) နှင့် ပတ်သက်သည့် သဘောတရားများ၊ အဓိပ္ပာယ်သတ်မှတ်ချက်များအား (Reference: 2) ကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။

ဖော်ပြပါသီအိုရီကို အရေအတွက်အရ လေ့လာဆန်းစစ်သည့် သုတေသန (Quantitative Research) အဖြစ် အောက်ဖော်ပြပါ ဧရိယာနယ်ပယ်များအား အထူးပြု လုပ်ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

(က) မိမိကိုယ်မိမိ ယုံကြည်မှုနည်း ခြင်း၊ မလုံခြုံခြင်း (Insecurity)၊

(ခ) ပညာရေး (Education)၊

(ဂ) ပတ်ဝန်းကျင်ဝင်ဆံ့စေမှု (Socialization)၊

(ဃ) လောကီရေးရာ အကူးအ ပြောင်း၊ စပ်ကူးမပ်ကူး (Secular Transition)၊

(င) လောကီရေးရာ ယှဉ်ပြိုင်မှု (Secular Competition)၊

(စ) လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း လူမျိုးစုအရ၊ နိုင်ငံရေးဝါဒအရ၊ ဘာသာကိုးကွယ်မှုအရ တစ်မျိုးတည်း သာမက အမျိုးမျိုးကွဲပြားလျက် တည်ရှိနေပါသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်ဟု ခံယူသည့်မူ (Pluralism)၊

(ဆ) စည်းမျဉ်း၊ ထိန်းသိမ်းမှု (Regulation)၊

သုတေသန လေ့လာဆန်းစစ်ချက်အရ ထူးခြားသည့် ရလဒ်များကို တွေ့ရှိခဲ့ပါသည်။ ရလဒ်များအားလုံးကို ယခုကဲ့သို့ဆောင်းပါး အဆင့်နှင့် တင်ပြရန် မဖြစ်နိုင်ပါသဖြင့် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

ရလဒ်အားလုံးကိုတင်ပြခြင်း မပြုနိုင်ပါသော်လည်း စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်နိုင်စေရေး အလို့ငှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများအတွက် လူသား ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (Human Development Index (HDI)) နှင့် ဘာသာ, သာသနာအပေါ်တွင် ကိုင်းရှိုင်းမှုအနိမ့်အမြင့်ကို အခြေခံသည့်ရလဒ်ကို (စာ - ၄) ပုံတွင် ဖော်ပြထားပါသည်။

စာရေးသူအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပုံတွင်ဖော်ပြထားခြင်းမရှိပါသဖြင့် စာဖတ်သူများအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံနှင့်ပတ်သက်ပြီး ခန့်မှန်း၊ ဆဝါးနိုင်စေရေးအလို့ငှာ စာဖတ်သူတို့နှင့် ရင်းနှီးအကျွမ်းဝင်မည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အမည်များကို ထောင့်မှန်စတု ဂံအတွင်း ထည့်သွင်း ဖော်ပြထားပါသည်။

စာဖတ်သူများအနေဖြင့် မိမိတို့ အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာရှိသမျှ ပုံကထုတ်ဖော်တင်ပြလျက်ရှိသည့် သတင်းအချက်အလက်များကို ရှာဖွေ လေ့လာတွေ့ရှိ သိမြင်နိုင်ပါသည်။ စာရေးသူအနေနှင့် သိလွယ် မြင်လွယ်သည့် အချက် တစ်ချက်ကိုသာလျှင် အကျဉ်းချုံးပြီး တင်ပြပါမည်။ ပုံတွင်ဖော်ပြထားရှိသည့် မျဉ်းဖြောင့်ပုံအရ ကောက်ချက်ချရပါလျှင် လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (HDI)နှင့် ဘာသာ, သာသနာအပေါ်တွင် ကိုင်းရှိုင်းမှု အနိမ့်အမြင့်တို့၏ ဆက်သွယ်ချက်သည် မျဉ်းဖြောင့် နီးပါး ဆက်သွယ်လျက်ရှိပြီး ဘာသာ သာသနာအပေါ်တွင် ကိုင်းရှိုင်းမှု တဖြည်းဖြည်းနိမ့်ဆင်းလာသည်နှင့်အမျှ လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (HDI) သည်လည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာသည်ကို လေ့လာတွေ့ရှိရပါသည်။

သို့သော်လည်း ဘာသာ, သာသနာအပေါ်တွင် ကိုင်းရှိုင်းမှု အလွန်အမင်း နိမ့်ကျသည့် တရုတ်နိုင်ငံ (China) ၏ လူသားဖွံ့ဖြိုး တိုးတက်မှုအညွှန်းကိန်း (HDI) မှာ အလွန်အမင်းတိုးတက်ကောင်းမွန်ခြင်းမရှိကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ အနည်းငယ်အကျယ်ချဲ့ပြီး တင်ပြရပါလျှင် တိုင်းပြည်တည်ဆောက်ခြင်းနှင့် နိုင်ငံတော်တည်ဆောက်ခြင်းများသည် အစွန်းတစ်ဖက်သို့ မရောက်ရှိစေဘဲ တစ်ခုနှင့် တစ်ခု အပြန်အလှန် ထိန်းကျောင်းပြီး တည်ဆောက်နိုင်မှသာလျှင် တိုးတက်ကောင်းမွန်နိုင်သည်ဆိုသည့် သဘောတရားများအဖြစ် တွေ့မြင်နိုင်ပါသည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံအနေဖြင့် ခေတ်နှင့် အမီလိုက်နိုင်ပြီး ခေတ်မီဖွံ့ဖြိုးသော တိုင်းပြည်နိုင်ငံအဖြစ် ရောက်ရှိ နိုင်စေရေးအတွက် လောကီရေးရာ သီအိုရီသဘောတရားနှင့် ဆက်စပ် ပတ်သက်လျက်ရှိသည့် ဧရိယာနယ်ပယ်များအနက် အောက်ဖော်ပြပါ ဧရိယာနယ်ပယ်များသည် လွန်စွာအရေးကြီးသည့် အခြေအနေအဖြစ် ထုတ်နုတ် ဖော်ပြထားချက်အား တိုက်ရိုက်တင်ပြရပါလျှင် -

“Modernization is a process that leads to more existential security, more education, more pluralism, and more secular competition.” (Reference: 2, pp – 18).

ဖော်ပြထားချက်အရ “ခေတ်နှင့်အမီလိုက်နိုင်ခြင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းဆိုသည်မှာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး၊ ၎င်းတွင် လူ့ဘဝနှင့်သက်ဆိုင်သည့် လုံခြုံမှု အာမခံချက် ပိုမိုရရှိနိုင်စေခြင်း၊ ပညာရေးပိုမိုလက်လှမ်းမီ ရရှိနိုင်စေခြင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း လူမျိုးစုအရ၊ နိုင်ငံရေးဝါဒအရ၊ ဘာသာကိုးကွယ်မှုအရ တစ်မျိုးတည်းသာမက အမျိုးမျိုး ကွဲပြားလျက်တည်ရှိနေပါသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်ဟု ခံယူသည့်မူကို ပိုမိုကျင့်သုံးလာစေနိုင်ခြင်းနှင့် လောကီရေးရာ ယှဉ်ပြိုင်မှုသည် ပိုမိုစနစ်ကျပြီး ပြင်းထန်လာစေခြင်းတို့ဖြစ် ကြပါသည်။”

တတိယအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တည်ရှိနေသည့် လောကီရေးရာ သီအိုရီနှင့် နောင်အနာဂတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လောကီရေးရာကိစ္စရပ်များ တည်ဆောက်ခြင်း သီအိုရီ သို့မဟုတ် လောကီရေးရာများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး သီအိုရီတို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် အကျဉ်းချုံးပြီး တင်ပြပါမည်။

လောကီရေးရာ သီအိုရီ၏ သဘောတရားအကျဉ်းမှာ မည်သည့် ဘာသာ၊ မည်သည့် သာသနာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ၊ မယုံကြည် မကိုးကွယ်သည်ဖြစ်စေ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လွတ်လပ်စွာပါဝင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပါသည်။ အနည်းငယ်အကျယ်ချဲ့ပြီး တင်ပြရပါလျှင် နိုင်ငံတော်တည်ဆောက်ရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အင်စတီကျူးရှင်းများတွင် ဘာသာ၊ သာသနာ ယုံကြည်ကိုးကွယ်ခြင်းများနှင့် သက်ဆိုင်ခြင်း မရှိဘဲ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ပါသည်။

စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ အဓိကစိန်ခေါ်မှုများမှာ နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဒီဇိုင်းမိုဒယ်ပုံစံကို စနစ်တကျ ရေးဆွဲချမှတ်ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ တိုင်းပြည်တည်ဆောက်ရေးနှင့် ပတ်သက်သည့် ဒီဇိုင်းမိုဒယ်ပုံစံကိုလည်း ရှင်းရှင်းလင်းလင်း ရေးဆွဲချမှတ်ပြဋ္ဌာန်းထားခြင်းမရှိပါ။ လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်း လေ့လာတွေ့ရှိရသည်မှာ အာဏာကိုတည်ဆောက်ရန်သာ အစွမ်းကုန် ကြိုးပမ်းအားထုတ် လျက်ရှိကြသဖြင့် တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အလွဲလွဲအမှားမှားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပြီး ပြည်သူပြည်သား နိုင်ငံသား ပေါင်း မြောက်မြားစွာ၏ အသက်များကို သေကျေပျက်စီးခဲ့ရပြီးဖြစ်သည့်အပြင် ပြည်သူပြည်သား နိုင်ငံသားအချို့တို့မှာ အိုးအိမ်စွန့်ခွာ၊ နေရပ်စွန့်ခွာဘဝများနှင့် ခက်ခဲပင်ပန်းစွာ အသက်ရှင်နေထိုင်ကြရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းပြည်ကိုတည်ဆောက်ခြင်းအား ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲ ပြဋ္ဌာန်းနိုင်စေရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်ကို တည်ဆောက်ခြင်းအား ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲပြဋ္ဌာန်းနိုင်စေရေးအတွက်သော်လည်းကောင်း အခြေခံ စဉ်းစားတွေးခေါ်သင့်သည့် အကြောင်းအရာ သတင်းအချက်အလက်များကို အလွယ်တကူ ခွဲခြား သိမြင်နားလည်နိုင်ကြပါစေကြောင်းနှင့် တိုင်းပြည်ကို တည်ဆောက်ခြင်းအတွက် မတူ ကွဲပြားခြားနားစွာ တည်ရှိလျက် ဖြစ်ထွန်း ပေါ်ပေါက်နေသည့် ယုံကြည်ကိုးကွယ်ခြင်းများ၊ ဘာသာရေး သာသနာရေး ကိစ္စရပ်များအား နိုင်ငံတော်ကို တည်ဆောက်ခြင်းအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်စေမည့် ပလက်ဖောင်းဖြစ်သည့် လောကီရေးရာ သီအိုရီ (Secular Theory) ကို စနစ်တကျ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ယခုအချိန်မှ စတင်ပြီး အစွမ်းကုန် ကြိုးပမ်းအား ထုတ်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1.  မြဝင်း (၁၉၉၂), “တပ်မတော်၏ အမျိုးသား နိုင်ငံရေး အစဉ်အလာ”, သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။

2. Jorg Stolz (2020), “Secularization Theories in the Twenty-First Century: Ideas, Evidence, and Problems Presidential Address – Karel Dobbelaere Conference”, May 2020, ResearchGate.

Most Read

Most Recent