တိုင်တန်းနစ်သင်္ဘောပျက်ထံ စူးစမ်းရန် ရေအောက်ငုပ်သွားသော ရေငုပ်ယာဉ်ငယ်ရှာဖွေမှု ထူးခြားမှုမရှိသေးဟု တာဝန်ရှိသူများ ပြောကြား

တိုင်တန်းနစ်သင်္ဘောပျက်ထံ စူးစမ်းရန် ရေအောက်ငုပ်သွားသော ရေငုပ်ယာဉ်ငယ်ရှာဖွေမှု ထူးခြားမှုမရှိသေးဟု တာဝန်ရှိသူများ ပြောကြား
Ocean Gate Expeditions က ရက်စွဲမတပ်ဘဲ ထုတ်ပြန်ပေးသောပုံတွင် ရေငုပ်ယာဉ်ငယ် Titan ကို တွေ့ရစဉ် (Photo – AFP)
Ocean Gate Expeditions က ရက်စွဲမတပ်ဘဲ ထုတ်ပြန်ပေးသောပုံတွင် ရေငုပ်ယာဉ်ငယ် Titan ကို တွေ့ရစဉ် (Photo – AFP)
Published 22 June 2023
Ref: Reuters

တိုင်တန်းနစ်သင်္ဘောပျက်အနီးတွင် ပျောက်ဆုံးနေသောရေအောက်ငုပ်နိုင်သော ရေငုပ်ယာဉ်ငယ်ကို ဇွန် ၂၁ ရက်တွင် ရှာဖွေနေကြသော ကယ်ဆယ်ရေးသမားများသည် ပင်လယ်အောက် ဆူညံ့သံများကို ခြေရာခံမိသည့် မြောက်အတ္တလန်တိတ်သမုဒ္ဒရာ၏ ဝေးလံသောနေရာတွင် ရှာဖွေမှုများကို အာရုံစိုက်လုပ်ဆောင်နေကြသည်ဆိုသော်လည်း အသံများသည် အသေးစားရေငုပ်ယာဉ်ငယ်မှလာသော အသံများ မဟုတ်နိုင်ဟု တာဝန်ရှိသူများက သတိပေးထားသည်။

အဆိုပါ ရေငုပ်ယာဉ်ငယ်တွင် လေသည် နာရီပိုင်းအတွင်း ပြတ်လပ်သွားနိုင်သည်ဟူသော ခန့်မှန်းပြောဆိုမှုများရှိနေခြင်းနှင့်အတူ နိုင်ငံတကာ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များက ဇွန် ၁၈ ရက်တွင် ပျောက်သွားသော Titan ရေငုပ်ယာဉ်ငယ်အတွက် ကျယ်ပြန့်လှသော သမုဒ္ဒရာကို ပိုက်စိပ်တိုက်ရှာလျက် ရှိသည်။

၂၁ ပေ( ၆ ဒသမ ၅ မီတာ) ရှည်သော ရေငုပ်သင်္ဘောငယ်ပေါ်တွင် ဘီလျံနာတစ်ဦး အပါအဝင် လူငါးဦး လိုက်ပါသွားသည်ဟု သိရသည်။

Ocean Gate Expeditions က လုပ်ကိုင်သော ရေငုပ်သင်္ဘောငယ်သည် ဇွန် ၁၈ ရက်စောစောပိုင်းတွင် ရေအောက်ကို စတင် ဆင်းသွားခြင်းဖြစ်ပြီး နှစ်နာရီမပြည့်မီတွင် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ရေငုပ်ယာဉ်ငယ်ပေါ်တွင် လိုက်ပါသွားသူတစ်ဦးမှာ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဟာမစ် ဟားဒင်းဖြစ်သည်ဟု သိရသည်။

အမေရိကန်ကမ်းခြေစောင့်တပ်က မက်ဆာချူးဆက်ပြည်နယ် ကိတ်ကော့ အရှေ့ဘက် မိုင် ၉၀၀ နီးပါးကို ပိုက်စိပ်တိုက် ရှာဖွေနေသည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ကနေဒါကမ်းခြေစောင့်တပ်ကလည်း  ရှာဖွေရေးဇုန်သို့ တောင်ပံအသေတပ်လေယာဉ် တစ်စီးစေလွှတ်ထားပြီး သင်္ဘောတစ်စီးကို လည်းစေလွှတ်ထားသည်ဟု အစောပိုင်းတွင် ပြောကြားထားသည်။

ဟာမစ်ဟားဒင်းသည် စူးစမ်းရေးတွင် ၎င်းလိုက်ပါမည့်အကြောင်း လူမှုမီဒီယာ၌ ကြိုတင်၍  ပို့စ်တင်ထားခြင်းဖြစ်သောကြောင့် ရေငုပ်ယာဉ်ငယ်ပေါ်တွင် ၎င်းလိုက်ပါသွားသည်ကို သိရှိခြင်းဖြစ်သည်။

ဇွန် ၂၀ နှင့် ၂၁ ရက်တို့တွင် ကနေဒါလေယာဉ်က ရေအောက်ဆိုနာ ဗော်ယာများအသုံးပြု၍ ဆူညံသံများကို မှတ်တမ်းထားရာနေရာတွင် အမေရိကန်ကမ်းခြေစောင့်တပ်က remotely operated vehicles (ROV) များကိုရေအောက်၌ ဖြန့်ကြက်ထားသည်ဟုဆိုသည်။ သို့ရာတွင် Titan ၏ လက္ခဏာများကို မတွေ့ရသေးဟု သိရသည်။

ဆူညံသံများကို လေ့လာဆန်းစစ်မှုသည် အဖြေမတွေ့သေးဟု ကမ်းခြေစောင့်တပ်၏ ကပ္ပတိန်ဂျေမီဖရက်ဒရစ်က ပြောကြားသည်။

“ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်နေတုန်းမှာ  မျှော်လင့်ချက် အမြဲတမ်းရှိပါတယ်။ အထူးသဖြင့် ဆူညံသံတွေနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင် အဲဒီအသံတွေဟာ ဘာသံတွေလဲဆိုတာကို ကျွန်တော်တို့မသိသေးပါဘူး”ဟု ၎င်းကပြောကြားသည်။

တာဝန်ရှိသူများက အသံနှင့်ပတ်သက်၍ အသေးစိတ် ပြောကြားခြင်းမပြုပေ။

ရေငုပ်ယာဉ်ငယ်ကို တည်နေရာသိရမည်ဆိုလျှင်တောင် ရေမျက်နှာပြင်အောက် မီတာထောင်ချီရှိသော နေရာတွင် အလွန်ဆိုးရွားသောအခြေအနေများကြောင့် ၎င်းကိုပြန်လည်ဆယ်ယူရန် ကြီးမားသော သယ်ယူမှုဆိုင်ရာ စိန်ခေါ်မှုများရှိနေသည်ဟုဆိုသည်။

လေယာဉ်များ၊ သင်္ဘောများအသုံးပြု၍ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်တို့က အဖွဲ့များသည် ပင်လယ်ပြင်ကျယ်၏ စတုရန်းကီလိုမီတာ ၂၅,၉၀၀ ကျော်ကို ရှာဖွေခဲ့ပြီးဖြစ်ရာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ပြည်နယ် ကွန်နက်တီကတ် အရွယ်အစား၏ နှစ်ဆကို ရှာဖွေထားခြင်းဖြစ်သည်။

အဆိုပါ ရေငုပ်ယာဉ်ငယ်သည် ဇွန် ၁၈ ရက် နံနက် ၈ နာရီတွင် စတင်ငုပ်လျှိုးခဲ့ပြီးနောက် နှစ်နာရီအကြာတွင် ရေမျက်နှာပြင်ရှိ သင်္ဘောနှင့်အဆက်အသွယ်ပြတ်သွားခြင်း ဖြစ်သည်။

Most Read

Most Recent