နစကလက်ထက်တွင် ပြည်ပနိုင်ငံများအနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ဟု နစကဥက္ကဋ္ဌ ပြောကြား

နစကလက်ထက်တွင် ပြည်ပနိုင်ငံများအနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 13 June 2023

နစကလက်ထက်တွင် ပြည်ပနိုင်ငံများအနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇွန် ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပြည်တွင်းမှသဘောထား ကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေးကဏ္ဍ ထိခိုက်အောင် ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ပြည်ပမှလည်း အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင်ကုန်သွယ်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း ရရှိသည့်ငွေများကိုလည်း ကန့်သတ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများကို အသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ငွေကြေးကွာဟချက်များအပေါ် မူတည်၍ ကုန်သွယ်ရေးတွင် ငွေကြေးကစားသူများက အဆိုပါအခြေအနေကို ကိုယ်ကျိုးအတွက်အမြတ်ထုတ်ရန် အသုံးချလာသည်ကို တွေ့ရှိရကြောင်း၊ ဘဏ်လုပ်ငန်းများ ထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားသည်။  

၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံ၏စီးပွားရေးကိုထိခိုက်အောင်လုပ်ဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ်အထိ ငွေကြေးလည်ပတ်မှု ပြန်လည်တည်ငြိမ်ရေး လုပ်ဆောင်ခဲ့ရာ ထိုက်သင့်သည့်ပမာဏအထိ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် ကိုဗစ်ရောဂါကြောင့်ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် အရှေ့ဥရောပဒေသဖြစ်စဉ်များကြောင့် လောင်စာဆီပြဿနာများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီစျေး နှုန်းများကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းများ ဖြစ်ပေါ်ပြီး ကုန်စျေးနှုန်းများ ကြီးမြင့်လာခဲ့ခြင်းသည် မိမိတို့နိုင်ငံအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မိမိတို့နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ကုန်စျေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းများရှိကြောင်း၊ ၀ိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရအမြတ်ထုတ်လိုမှုများကြောင့် ကုန်စျေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးထက် စျေးနှုန်းမြင့်မားနေသည်ဟု ယူဆရကြောင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာခြားချက်ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကိုတွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးဆောင်ရွက်ရာတွင် နည်းလမ်းများရှိနေသော်လည်း ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း၊ ထိုအထဲတွင် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်ခြင်းလည်း ပါဝင်ကြောင်း၊ လောင်စာဆီစျေးနှုန်းများ ကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုမိုနေကြောင်း၊ ထို့ကြောင့် မီးရထားနှင့်ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ရန်အတွက် မိမိအနေဖြင့်အမြဲမပြတ်တိုက်တွန်း ပြောကြားခဲ့ရာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်အရေးမကြီးသည့်ပစ္စည်းများကို မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခြင်းများ ရှိနေခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုစရိတ်များမှာ ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ မီးရထားနှင့်ပို့ဆောင်ခြင်းသည် သယ်ယူပို့ဆောင်မှုစရိတ်ကို များစွာသက်သာစေကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကုန်ပစ္စည်းများရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကုန်စျေးနှုန်း ကျဆင်းရေးအတွက်ဆောင်ရွက်ရာတွင် တိုင်းပြည်၌ ရှိသင့်ရှိထိုက်သည့် ကုန်စျေးနှုန်များဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊ မိမိတို့၏ရည်မှန်းချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာများပေါများရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရေးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး  မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားရင်းမြစ်များရှိသော်လည်း စားရေရိက္ခာများ စျေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent