ဖလား(၃)လုံးအောင်ပွဲအကြောင်း မိမိတို့ ပထမဆုံးအကြိမ် ပြောဆိုနိုင်သည့်အချိန် ရောက်ရှိလာပြီဟု ဂွါဒီယိုလာ ပြောကြား

ဖလား(၃)လုံးအောင်ပွဲအကြောင်း မိမိတို့ ပထမဆုံးအကြိမ် ပြောဆိုနိုင်သည့်အချိန် ရောက်ရှိလာပြီဟု ဂွါဒီယိုလာ ပြောကြား
Photo: AFP
Photo: AFP
Published 5 June 2023

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် ဖလား(၃)လုံးအောင်ပွဲအကြောင်း ပထမဆုံးအကြိမ် ပြောဆိုနိုင်သည့်အချိန် ရောက်ရှိလာပြီဟု FA ဖလားဗိုလ်လုပွဲအပြီးတွင် ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်လပိုင်းကတည်းက ဖလား(၃)လုံးအောင်ပွဲ ရရှိရန် ရေပန်းစားလာခဲ့သော်လည်း ယခုမှ နောက်ဆုံးဖလားတစ်လုံးအတွက်သာ ကြိုးပမ်းရတော့မည့်အခြေအနေသို့ ရောက်ရှိလာသောကြောင့် ဂွါဒီယိုလာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

''အခုအချိန်က ကျွန်တော်တို့ ပထမဆုံးအကြိမ်အဖြစ် ဖလား(၃)လုံး အောင်ပွဲအကြောင်း ပြောနိုင်တာပါပဲ။ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲက ကျွန်တော်တို့မြို့အတွက်၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက် ထူးခြားပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကလည်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ တကယ့်ကိုမှ တကယ့်ကို ကောင်းမွန်တာပါ။ ကျွန်တော် အရမ်းကျေနပ်မိပါတယ်''ဟု ဂွါဒီယိုလာက BBC နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ထို့ပြင် ထိုက်တန်သည့် အသိအမှတ်ပြုခံရမှု ရရှိရန်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို အနိုင်ကစားရန် လိုအပ်သည်ဟုလည်း ဆိုခဲ့သည်။

''ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလား(၅) လုံး၊ FA ဖလား(၂)လုံးနဲ့ လိဂ်ဖလားတွေ ရယူပြီး အံ့အားသင့်စရာတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ အသင်းအနေနဲ့ ဘယ်လောက်အထိ ထိုက်တန်မှုရှိလဲဆိုတာ အသိအမှတ်ပြုခံရဖို့ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို ရအောင်ယူရပါဦးမယ်။ အဲဒီလိုဆိုရင် အံ့သြစရာကောင်းလောက်အောင် ပျော်ရွှင်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်ရဖို့ လိုပါသေးတယ်။  ကျွန်တော်တို့ တစ်ပွဲကစားရဦးမှာပါ။ ကစားသမားတွေကို  ကိုယ့်ကိုယ်ကို ဖိအားပေးထားဖို့ ကျွန်တော် ပြောထားပါတယ်။ ဥရောပအောင်မြင်မှု ရယူနိုင်မှ အသိအမှတ်ပြုခံရမယ်လို့လည်း ပြောထားပါတယ်''ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနှင့်  FA ဖလားများကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့ပါက ဖလား(၃)လုံးချန်ပီယံဂုဏ်ပုဒ်ကို ပိုင်ဆိုင်မည်ဖြစ် သည်။

အင်္ဂလန်ဘောလုံးသမိုင်းတွင် မန်စီးတီး၏ မြို့ခံပြိုင်ဘက် မန်ယူအသင်းတစ်သင်းသာ ယင်းကဲ့သို့ စွမ်းဆောင်ထားနိုုင်ခဲ့သည်။

ဂွါဒီယိုလာမှာမူ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က ဖလား(၃)လုံးအောင်ပွဲကို ၂၀၀၈-၀၉ ရာသီတွင် ရယူခဲ့ဖူးသည်။

Most Read

Most Recent