မြောက်ကိုရီးယား၏ ကင်းထောက်ဂြိုဟ်တုတစ်စင်း ပင်လယ်အတွင်းသို့ ပျက်ကျ

မြောက်ကိုရီးယား၏ ကင်းထောက်ဂြိုဟ်တုတစ်စင်း ပင်လယ်အတွင်းသို့ ပျက်ကျ
တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံထဲတွင် မြောက်ကိိုရီးယားဒုံးပျံ၏ အပျက်အစီးအပိုင်းအစတစ်ခုကို တွေ့ရစဉ် (Photo - South Korea Military)
တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံထဲတွင် မြောက်ကိိုရီးယားဒုံးပျံ၏ အပျက်အစီးအပိုင်းအစတစ်ခုကို တွေ့ရစဉ် (Photo - South Korea Military)
Published 31 May 2023
Ref: AFP

မြောက်ကိုရီးယားသည် မေ ၃၁ ရက်က ကင်းထောက်ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းဂြိုဟ်တုကို သယ်ဆောင်သည့် ဒုံးပျံသည် ချို့ယွင်းခဲ့သဖြင့် ဂြိုဟ်တုသည် ပင်လယ်အတွင်းသို့ပျက်ကျခဲ့ပြီး တောင်ကိုရီးယား စစ်တပ်သည် ယင်းဂြိုဟ်တုနှင့် ဒုံးပျံ၏ အပိုင်းအစဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခုကို ဆယ်ယူခဲ့သည်။

မြောက်ကိုရီးယားတွင် အာကာသအတွင်းလည်ပတ်နေသည့် ဂြိုဟ်တုတစ်စင်းမျှ မရှိခဲ့ဘဲ ခေါင်းဆောင်ကင်ဂျုံအွန်သည် ဂြိုဟ်တုတည်ဆောက်ရေးနည်းပညာကို တားမြစ်ထားသည့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့်တိုင် ၎င်း၏ လက်ထက်အတွင်း စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတည် ဆောက်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယားအစိုးရကမူ ဂြိုဟ်တုလွှတ်တင်ရန် ပြင်ဆင်ခဲ့ချိန်က ယင်းဂြိုဟ်တုသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရေးတွင် အဓိကကျသည့်အရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

သို့သော် ယင်းဂြိုဟ်တုကို တင်ဆောင်သည့် ဒုံးပျံသည် တွန်းကန်အား လျော့နည်းသွားခဲ့ပြီးနောက် ဂြိုဟ်တုနှင့်အတူ ပင်လယ်အတွင်းသို့ ကျသွားခဲ့သည်ဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အာဏာပိုင်များအနေနှင့် ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး နောက်ထပ် စမ်းသပ်မှုကို အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု KCNA က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားစစ်တပ်ကမူ ၎င်းတို့သည် ဂြိုဟ်တုပျက်ကျခဲ့သည့်နေရာကို သိရှိရန် ဆောင်ရွက်ခဲ့ပြီး သံသယဖြစ်ဖွယ် အပျက်အစီးများ၏ အစိတ်အပိုင်းတစ်ခုကို ဆယ်ယူရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် သေးငယ်သည့် ပိုက်များနှင့် ၀ါယာများတပ်ဆင်ထားသည့် ကြီးမားသည့် သတ္တုစည်ပိုင်းတစ်ခုကို မြင်တွေ့ရပြီး ယင်းသည် ဒုံးပျံ၏ လောင်စာကန်ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နည်းပညာကျွမ်းကျင်သူများသည် ဆယ်ယူရရှိခဲ့သည့် အပျက်အစီးများထံမှ အဆင့်လိုက်ကွဲထွက်သည့် တွန်းကန်အားပေးအင်ဂျင်များအပေါ် မြောက်ကိုရီးယား၏ ကျွမ်းကျင်ပိုင်နိုင်မှုကို သိရှိစေရန် လေ့လာနိုင်လိမ့်မည်ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ အန်ကစ်ပန်ဒါက အေအက်ဖ် ပီသတင်းဌာနကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုကို တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က ရှုတ်ချခဲ့ပြီး ယင်းလွှတ်တင်မှုသည် မြောက်ကိုရီးယားအား ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုသည့် မည်သည့်စမ်းသပ်မှု မျှမပြုလုပ်ရန် တားမြစ်ထားသည့် ကုလသမဂ္ဂ၏ပြဋ္ဌာန်းချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း မြောက်ကိုရီးယားအနေဖြင့် ယင်းလုပ်ဆောင်မှုများကို ရပ်တန့်ရန်နှင့် ဆွေးနွေးညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်လာရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုသည့် မြောက်ကိုရီးယား၏ မည်သည့်ပစ်လွှတ်မှုမဆိုသည် လုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်နေသည်ဟုလည်း ဂူတာရက်စ်က အစီရင်ခံစာထဲတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကလည်း ဂြိုဟ်တုလွှတ်တင်မှုဟုကြေညာခဲ့သည့် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ခဲ့သည်။

Most Read

Most Recent