အကြောင်းအကျိုး ပြန်လည်ချင့်ချိန်ရမည့် အမေရိကန်ဗဟိုဘဏ်

အကြောင်းအကျိုး ပြန်လည်ချင့်ချိန်ရမည့် အမေရိကန်ဗဟိုဘဏ်
Published 31 May 2023
 စောနိုင်(အသုံးချဘောဂဗေဒ) 

(၁)

အမေရိကန်ဗဟိုဘဏ်၏လက်ကျန်ရှင်းတမ်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီ၊ မေလ ဝန်းကျင်က  အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။ ထိုအချိန်ကစ၍တည်ငြိမ်သောအရှိန်ဖြင့်ကျလျက် ၂၀၂၄ ခုနှစ်အရောက်တွင် အမေရိကန်ဒေါ်လာ သုံးထရီလီယံအထိပင် လျော့ကျဖွယ်ဖြစ်မည်ဟု ယူဆနေကြသည်။ လက်ရှိအခြေအနေတွင် ဗဟိုဘဏ်သည်လက် ငွေကြေးမူဝါဒပုံမှန်အခြေအနေ ပြန်လည်ရောက်စေရေး မျှော်လင့်အားထုတ်နေသည်။ ထိုသို့အားထုတ်ရာ၌ နိုင်ငံ့စီးပွားရေးအခြေအနေပေါ် ဆိုးကျိုးသက်ရောက်မှုနည်းစေရေး၊ တစ်နည်းဆိုသော် ကြမ်းကြမ်းတမ်းတမ်း အပြောင်းအလဲများထက် သက်သောင့်သက်သာ ညင်ညင်သာသာ အခြေအနေမျိုး ဖြစ်စေရန်အားထုတ်လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေကို စီးပွားရေးနယ်ပယ်၌ ဆော့တ်လန်းဒင်း (Soft Landing) ဟု သဘောပေါက်ကြသည်။ 

လက်တွေ့အခြေအနေ မည်သို့ရှိမည်နည်း။ စိတ်ဝင်စား လေ့လာစောင့်ကြည့်နေကြ၏။ သုတေသီအချို့က ဗဟိုဘဏ်၏ အမေရိကန်အစိုးရကို ကယ်တင်နိုင်ရေး အားထုတ်မှုများသည် ပုဂ္ဂလိကကဏ္ဍကို ဒုက္ခပေးသလို ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးနေကြသည်။ 

(၂)

ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်း) ကို တားဆီးနိုင်ရေးအတွက် လိုအပ်ချက်မှာ ငွေကြေးပမာဏ (Money Supply) နှင့် စုစုပေါင်း ဝယ်လိုအား(Aggregate Demand) ကို သိသိသာသာ လျှော့ချရန်ဖြစ်သည်။ သို့သော် အစိုးရ၏ လိုငွေပြမှုအခြေအနေပြ အသုံးစရိတ် (Deficit Spending) (အစိုးရအသုံးစရိတ်သည် အစိုးရငွေထက်ပိုနေသည့်အခြေအနေတွင်ဖြစ်ပေါ်သော အခြေအနေ) ကို မထိပါးဘဲ ငွေကြေးမူဝါဒ (Monetary Policy) ကို ပုံမှန်အခြေအနေဖြစ်လာစေရန် လုပ်ဆောင်ပါက ဖြစ်လာနိုင်သည့် ဝန်ထုပ်ဝန်ပိုးတစ်ခုလုံးသည် နိုင်ငံသားများအားလုံး (မိသားစုတစ်စုချင်းနှင့် စီးပွားရေးလုပ်ငန်းများအားလုံး) အပေါ် ကျရောက်လာလိမ့်မည်။  

လက်ရှိအခြေအနေသည် အဆိုးဆုံးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ အမေရိကန်ဗဟိုဘဏ်၏ လက်ကျန်ရှင်းတမ်းသည် မြန်သင့်သလောက် မြန်မြန်ကျဆင်းမှုမရှိ။ အစိုးရအသုံးစရိတ်ကို ထိခိုက်ခဲ့ခြင်းမရှိခဲ့။ ငွေကြေးပမာဏမှာမူ ၁၉၃ဝပြည့်နှစ်များကတည်းက လျင်လျင်မြန်မြန်ကျဆင်းနေခဲ့သည်။ အစိုးရကိုယ်တိုင်က ၎င်းတို့၏ဖောင်းပွနေသော ဘတ်ဂျက်လျှော့ချရန် လိုအပ်ကြောင်းကိုလည်း သတိထားမိပုံမပေါ်သည့် အခြေအနေတွင် အတိုးနှုန်းမြင့်တက်မှုများမှာ နိုင်ငံ့စီးပွားရေးကို ထိခိုက်လျက်ရှိနေခဲ့ပြီဖြစ်သည်။

(၃)

ပထမသုံးလပတ် ဂျီဒီပီကိန်းဂဏန်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းသည်။ အစိုးရအသုံးစရိတ်ပမာဏသည် မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားလျက် +၄ ဒသမ ၇ ရာခိုင်နှုန်းဖြင့် နောက်ထပ်ပမာဏမှာ ကြီးမားစွာမြင့်တက်နေကြောင်းပြသနေခဲ့သည်။ အကြွေးဝယ်ကတ်နှင့် သက်ဆိုင်သည့် ကြွေးမြီပမာဏသည်  စိုးရိမ်စရာ စံချိန်သစ်တစ်ခုပင်တင်နေခဲ့သည်။ သို့သော်  စားသုံးမှုမှာ + ၃ ဒသမ ၇ ရာခိုင်နှုန်းတွင် ခန့်မှန်းထားသည့်အခြေအနေ၏အောက်မှာပင်ရှိနေခဲ့သည်။ စိုးရိမ်စရာတစ်ခုမှာ ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုသည် ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးအဆောက်အအုံထဲရှိ ထုတ်လုပ်မှုကဏ္ဍတွင် အနုတ်လက္ခဏာအလားအလာများကို ထင်ထင်ရှားရှား တွေ့နေရပြီဖြစ်သည်။ အမေရိကန်အစိုးရ၏ ဖက်ဒရယ်အသုံးစရိတ်များ တိုးလာခြင်း၊ အစိုးရယန္တယားအတွင်း အထက်အောက်တင်းကျပ်မှုများ ပိုများလာခြင်း၊ အခွန်ပိုမိုမြင့်မားလာခြင်းနှင့် အလုပ်အကိုင်ရရှိမှုကို တွန်းအားပေးသည့် အချို့သောစီးပွားရေးကဏ္ဍများတွင်လည်း အားနည်းသောအခြေအနေများရှိကာ စိုးရိမ်စရာဖြစ်လာသည်။ 

(၄)

     အစိုးရသည် ၎င်း၏လိုငွေပြမှုအသုံးစရိတ်ကို လျှော့ချမှုမပြုပါက မြင့်တက်နေသည့် အတိုးနှုန်းများသည် နိုင်ငံ့စီးပွားရေးအပေါ် အနုတ်လက္ခဏာတိုက်ရိုက်သက်ရောက်မှုမှာ အခြေအနေနှစ်မျိုးဖြင့် ရှိလာလိမ့်မည်။ မြင့်မားသော အခွန်နှုန်းများဖြစ်ပေါ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍအပေါ် ထုထည်ကြီးမားစွာ သက်ရောက်ခြင်းဖြစ်သည်။ မြင့်မားနေသည့်အတိုးနှုန်းဖြစ်နေစဉ်မှာပင် အစိုးရ၏ လိုငွေပြအခြေအနေကို အမြဲတမ်းငွေကြေးဖြည့်ဆည်း ထည့်သွင်းပေးနေရမည်ဖြစ်သည်။နိုင်ငံသားတစ်ဦးချင်း၊ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရယူနိုင်သည့်ချေးငွေပမာဏ နည်းလာပေလိမ့်မည်။ အစိုးရအသုံးစရိတ်တိုးချဲ့မှု လုပ်ဆောင်မှုများကြောင့် ပုဂ္ဂလိကကဏ္ဍအပေါ် အနုတ်လက္ခဏာသက်ရောက်မှုဖြစ်ပေါ်လာပြီး  စီးပွားရေးအဆောက်အအုံကိုပါ ထိခိုက်မှုဖြစ်လာခြင်းဖြစ်သည်။ ခရောက်ဒင်းအောက်သက်ရောက်မှု  (Crowding Out Effect)  ဟု သဘောပေါက်ကြသည်။  

(၅)

အစိုးရအနေဖြင့် အသစ်ဖန်တီးထားသည့် ငွေကြေးပမာဏများ ထပ်ဖြည့်သုံးစွဲခြင်းဖြင့် ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်း) သည် ရည်ရွယ်ထားသည့် အဆင့်ထက်ကျော်လွန်သွားမည်။ ထိုအခြေအနေတွင် ကုန်ထုတ်စွမ်းအားတိုးတက်မှု ကျဆင်းလာခြင်း၊ ရင်းနှီးမြုပ်နှံမှု အားနည်းလာခြင်း၊ အမှန်တကယ်လုပ်အားခ များ ကျဆင်းခြင်းတို့ကို ဖြစ်လာမည်။ ထုတ်လုပ်မှုကဏ္ဍတွင်  ပိုမိုခက်ခဲမှုများရှိလာပြီး ချေးငွေရရယူရာတွင်လည်း ယခင်ကထက် ကုန်ကျစရိတ် ကြီးမားလာမည်။   

 

အမေရိကန်ဗဟိုဘဏ်က စီးပွားရေးအဆောက်အအုံအတွင်းရှိ ဘဏ်လုပ်ငန်းစနစ်နှင့် ထုတ်လုပ်ကဏ္ဍအခြေအနေတို့ကို လျစ်လျူရှုထားသောအခါ ဆော့တ်လန်းဒင်း (Soft Landing) ဟုခေါ်သည့် နိုင်ငံ့စီးပွားရေးအခြေအနေ အလှည့်အပြောင်း ညင်ညင်သာသာဖြစ်လာစေသည့် အနေအထား ဖြစ်နိုင်ရန် မလွယ်ကူတော့ပေ။ ထိုအခြေအနေမျိုးကို အမှန်တကယ်ဆန္ဒရှိပါက  လုပ်သားများ၏ အမှန်တကယ်သုံးနိုင်သည့် ဝင်ငွေ၊ အလုပ်အကိုင်ဖန်တီးမှုနှင့် စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေကို ပထမဦးဆုံးထိန်းထားနိုင်ရန်လိုအပ်သည်။

(၆)

အစိုးရအသုံးစရိတ်ကို ဆက်လက်တိုးမြှင့်နေချိန်တွင် ပျော့ပျောင်းသည့် ဘတ်ဂျက်ထိန်းချုပ်သည့် အချက်ပြမှုမရှိ။ စီးပွားရေးအပြောင်းအလဲတစ်ခုလုံးသည်  ပုဂ္ဂလိကကဏ္ဍမှဖြစ်ပေါ်လာပြီး နိုင်ငံသူနိုင်ငံသားတို့၏ စီးပွားရေးအခြေအနေမှာလည်း  ကျွမ်းထိုးမှောက်ခုံဖြစ်ဖို့သာရှိပေလိမ့်မည်။     

သမိုင်းဝင်လောက်သည့်အနေအထားနှင့် ငွေကြေးပမာဏ ကျုံ့နေသကဲ့သို့ ကြုံတွေ့နေရသည့် ဗဟိုဘဏ်သည်လည်း ငွေကြေးပမာဏအခြေအနေအပေါ် အာရုံမထားနိုင်။ ပိုဆိုးသည်မှာ၊ ငွေကြေးပမာဏကျုံ့နေစဉ်မှာပင် အစိုးရ၏ လိုငွေပြမှုအသုံးစရိတ်ကို လျှော့ချရန်ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အစိုးရ၏ကြွေးမြီပမာဏသတ်မှတ်ချက် (Debt Ceiling) ကို ထပ်မံမြှင့်တင်ရေး အားထုတ်နေကြသည်။  

(၇)

စားသုံးသူများနှင့်စီးပွားရေးလုပ်ငန်းများမှာ အခက်အခဲများကြုံတွေ့နေရသည်။ အခွန်များ တိုးမြင့်လျက်၊ ငွေကြေးဖောင်းပွမှုဆက်လက်ဖြစ်ပေါ်နေစဉ် ငွေကြေးမူဝါဒ အခြေအနေ ပုံမှန်ပြန်လည်လုပ်ဆောင်နိုင်ရေးမှာမဖြစ်နိုင်ပေ။ 

 အစိုးရ၏အသုံးစရိတ်ကို လျှော့ချဖြတ်တောက်ခြင်းမပြုဘဲ ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်း) ကို တိုက်ဖျက်ခြင်းသည် လုံးဝသဘာဝမကျပေ။ အဆီအဆိမ့်များသော၊ အဝလွန်စေသော အစားအသောက်များကို မရှောင်ဘဲ၊ စားသုံးမှု လျှော့ချခြင်းမပြုဘဲ ကိုယ်အလေ့ချိန်လျှော့ချရန် အားထုတ်နေခြင်းနှင့်တူသည်ဟု ဥပမာပေး၍ ပြောရပေလိမ့်မည်။      

 https://www.eurasiareview.com/



 

Most Read

Most Recent