“ကျွန်မတို့ ကြောက်ပေမယ့်လည်း ကျွန်မတို့ဘယ်ကိုသွားနိုင်မှာလဲ” ဟု တောင်စောင်းတစ်ခုပေါ်တွင် မရေမရာတည်ဆောက်ထားသည့် ခနော်ခနဲ့ သစ်သားအိမ်ထဲရှိ ခရစ်တင်းဇီဂီရီက ပြောကြားခဲ့သည်။
ခရစ်တင်းတွင် တစ်ချိန်က အိမ်ငှားများရှိခဲ့သော်လည်း မတ်လက ၎င်းတို့အိမ်နီးချင်းဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် အိမ်ငှားများသည် အထိတ်တလန့်ဖြစ်ခဲ့ကြသည်။
“မိုးအရမ်းသည်းတဲ့အချိန်ကျွန် မတို့တွေရဲ့ အိမ်နီးချင်းတွေဆီမှာ ယာယီခိုလှုံနေရပါတယ်”ဟု အသက် ၃၇ နှစ်အရွယ် ခရစ်တင်းကဆိုသည်။
ပြင်ပကမ္ဘာအတွက်မူ ကွန်ဂိုဒီ မိုကရက်တစ်သမ္မတနိုင်ငံ၏အရှေ့ပိုင်း တောင်ကီဗူးပြည်နယ်၏မြို့တော် ဘူကာဗူသည် လှပသောရှုမျှော်ခင်းများရှိသည့် ပုံရိပ်တစ်ခုဖြစ်နေသည်။
တောင်ကုန်းများပေါ်ရှိ နဘေ ထပ်ကာထားသော ပျပ်ချပ်အိမ်များသည် ကီဗူးရေကန်၏အလှကိုကြည့်ရှုနိုင်သည်။
သို့သော် မြို့၏ရှုချင်စွယ်ပုံပန်းသွင်ပြင်သည် ဆင်းရဲချို့တဲ့သူများအတွက် ကြီးစွားသော အန္တရာယ်တစ်ခုဖြစ်နေသည့်အခြေအနေကို ဖုံးကွယ်ထားခဲ့သည်။
ကာလီဟီဒေသတွင် ယခုလအတွင်းမြေပြိုကျမှုကြောင့် လူ ၄၀၀ ကျော်သေဆုံးခဲ့သည့်အတွက် ဘူကာဗူ၏ မြေပြိုမှုအန္တရာယ်ကို ရေရှည် စိုးရိမ်ကြောက်ရွံ့မှုများသည် ပိုမိုမြင့်တက်လာခဲ့သည်။
ခရစ်တင်း၏အိမ်နီးချင်းတစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် အစ္စဘယ်လီဇာနင်ဂါက ၎င်း၏အိမ်သည် အတော်အသင့်ခိုင်ခံ့သော ကုန်းမြင့်ပေါ်တွင် တည်ရှိနေသောကြောင့် ပိုမိုကံကောင်းသူတစ်ဦးဖြစ် သည်။
မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းမှုများအတွင်း မိသားစုများသည် ၎င်း၏နေအိမ်အတွင်း၌ လာရောက်၍ ယာယီခိုလှုံခဲ့ကြသည်ဟု ဇာနင်ဂါကဆိုသည်။
ဘူကာဗူ၏ ယာကာလီဘာရပ် ကွက်ရှိ အခြားနေထိုင်သူများကဲ့သို့ပင် ဇာနင်ဂါသည် ကွန်ဂိုအရှေ့ပိုင်းတွင် ၁၉၉၀ ပြည့်နှစ် နှင့် ၂၀၀၀ ပြည့်နှစ်က ဆယ်စုနှစ်ပေါင်းများစွာကြာ ဖြစ်ပွားခဲ့သည့် ဒေသတွင်းစစ်ပွဲများကြောင့် ပဋိပက္ခမှ လွတ်မြောက်ရန် ယင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။
ငွေကြေးအနည်းငယ်မျှသာရှိ၍ လက်တွေ့ကျကျထောက်ပံ့မှုမရရှိသော ရွှေ့ပြောင်းနေထိုင်သူများသည် မြို့၏စျေးအသက်သာဆုံးနေရာများကို ရှာဖွေကာ မြေကွက်ငယ်များပေါ်တွင် အိမ်များဆောက်လုပ်ခဲ့ကြသည်။
မိုးရေကို ဘေးကင်းစွာစွန့်ထုတ်နိုင်သော ရေနုတ်မြောင်း သို့မဟုတ် သင့်လျော်သော အခြေခံအုတ်မြစ်များမရှိဘဲ နေအိမ်များကို တောင်စောင်းများတွင် မကြာခဏဆောက်လုပ်ခဲ့ကြသည်။
လွန်ခဲ့သည့်နှစ် ၂၀ ကျော်အတွင်း အိမ်နီးချင်း ရာဝမ်ဒါနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ရူဇီဇီမြစ်ဘေးရှိဘူကာဗူ၏ အကြီးမားဆုံးသုဿန်တွင် ရပ်ကွက်သစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကလေးနှစ်ဦး၏ဖခင်ဖြစ်သည့် အဲရစ်ဇာလူကီက သချႋုင်းအုတ်ဂူတစ်ခုအနီးတွင် သွပ်မိုးကာထားသည့် တဲကုပ်ငယ်တစ်ခုတွင်နေထိုင်သည်။ “ပြဿနာမရှိပါဘူး။ ကျွန်တော်တို့တွေ ငြိမ်းချမ်းစွာနေထိုင်နေကြပါတယ်”ဟု ဇာလူကီကဆိုသည်။
အနီးအနားတွင် အုတ်ဂူများအကြား၌ ပဲတောင့်ပင်များနှင့် ပလောပီနံပင်များ ပေါက်လျက်ရှိသည်။
ဘယ်ဂျီယံအခြေချနေထိုင်သူများက ၂၀ ရာစုအစပိုင်းတွင်တည်ထောင်ခဲ့သော ဘူကာဗူသည်မူလက လူ ၁၀၀,၀၀၀ အတွက ်သတ်မှတ်ထားခဲ့သည်ဟု ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းတာဝန်ရှိသူ အဲဗစ်မူပန်ဒါက ပြောကြားခဲ့သည်။
ယနေ့တွင်မူ လူဦးရေအတိအကျကို မခန့်မှန်းနိုင်သော်လည်း လူ နှစ်သန်းခန့် နေထိုင်ကြလိမ့်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ခရိုင်မြို့ပြစီမံကိန်းဦးစီးဌာနမှ ဆက်သွယ်ရေးအရာရှိတစ်ဦးဖြစ်သည့် အသက် ၅၄ နှစ်အရွယ် ယန်းဒီဒီယူစီကွန်ဇာမာရိုရီက ၎င်းငယ်စဉ်အချိန်တွင် ဘူကာဗူသည်သစ်ပင်တန်းများဖြင့် မွှေးကြိုင်သောမြို့လေး တစ်မြို့ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“ဒီနေရာက နေထိုင်ဖို့ကောင်းမွန်တဲ့နေရာတစ်နေရာပါ”ဟ ု၎င်းကဆိုသည်။
“အခုတော့ မြို့က ဆင်းရဲသားရပ်ကွက်ဖြစ်နေပါပြီ။ သစ်ပင်တွေလည်းရှားပါးကုန်ပြီ”ဟု ၎င်းကစိတ်ပျက်စွာပြောကြားခဲ့သည်။
ဆိုးရွားသောအကျင့်ပျက်ခြစားမှုသည် လူများအားအဆောက်အအုံစည်းမျဉ်းစည်းကမ်းများကို ရှောင်တိမ်းခွင့်ပြုထားကြောင်း တက်ကြွလှုပ်ရှားသူ လာဒစ်လက်စ်ဝစ်တာနီနီကပြောကြားခဲ့သည်။
“ရေနုတ်မြောင်းတွေ၊ မြစ်ကမ်းပါးပေါ်တွေမှာ အိမ်တွေဆောက်နေကြပါတယ်။ ကျွန်တော်တို့တွေရေကန်ကို ပြန်တည်ဆောက်ဖို့တောင် တွန်းထုတ်နေရပါတယ်”ဟ ု၎င်းကပြောကြားခဲ့သည်။
“ဒီနေရာတွေကို ရေတွေပြန်တက်လာတဲ့အခါ ဘာဖြစ်မလဲဆိုတာတွေးကြည့်လိုက်ပါ”ဟု ဝီတာနီနီက ထပ်မံပြောကြားခဲ့ပြီး ယင်းမြို့အနေဖြင့် လူများကိုပိုမိုဘေးကင်းသောနေရာများဆီ ပြန်လည်နေရာချထားပေးရန် ရွေးချယ်စရာများကို လေ့လာနေသည်ဟုလည်း ပြောကြားခဲ့သည်။















