နည်းပြသက်တမ်းတစ်လျှောက် အလေးအနက် မခံစားရသည့်အသင်းမှာ စပါးတစ်သင်းတည်းသာရှိကြောင်း မော်ရင်ဟို ဖွင့်ဟ

နည်းပြသက်တမ်းတစ်လျှောက် အလေးအနက် မခံစားရသည့်အသင်းမှာ စပါးတစ်သင်းတည်းသာရှိကြောင်း မော်ရင်ဟို ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 27 May 2023

 

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက နည်းပြသက်တမ်းတစ်လျှောက် စိတ်ထဲတွင် အလေးအနက် မခံစားရသည့်အသင်းမှာ စပါးတစ်သင်းတည်းသာရှိကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။

မော်ရင်ဟိုသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ပြီး ၂၀၂၀-၂၀၂၁ ရာသီတွင် လိဂ်ဖလားဗိုလ် လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယင်းပွဲမတိုင်မီ တစ်ပတ်အလိုမှာပင် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ထို့ကြောင့် မော်ရင်ဟိုမှာလည်း ကိုင်တွယ်ဖူးသည့်အသင်းအားလုံးကို ဆုဖလားအောင်မြင်မှု ရယူပေးနိုင်သည့်မှတ်တမ်း ရပ်တန့်ခဲ့ရပြီး စပါးအသင်းအားကိုင်တွယ်ပြီးနောက် ၁၇ လအကြာမှာပင် လမ်းခွဲခဲ့ရသည်။

"တော့တင်ဟမ်ပရိသတ်တွေ ကျွန်တော့် ကို အထင်မလွဲကြဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တော့တင်ဟမ်က ကျွန်တော့်နည်းပြသက်တမ်းတစ်လျှောက် လေးနက်တဲ့ခံစားချက်မရှိသေးတဲ့ တစ်ခုတည်းသောအသင်းပါ။ COVID ကာလဖြစ်လို့ ကွင်းထဲမှာ ဘယ် သူမှမရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့် ကို ဗိုလ်လုပွဲမှာ အနိုင်ရခွင့်၊ ဆုဖလားကိုင် မြှောက်ခွင့်မပေးတဲ့ မစ္စတာလယ်ဗီ (စပါး အသင်းဥက္ကဋ္ဌ) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရိုးမားအသင်းနဲ့ ကျွန်တော်က ထာဝရချိတ်ဆက်မှုရှိနေမှာပါ။ မစ္စတာလယ်ဗီရဲ့အသင်းကလွဲလို့ ကျန်တဲ့အသင်းဟောင်းတွေနဲ့လည်း အဲဒီလိုပါပဲ။ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာ၊ ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက် အသင်းတွေအားလုံးက ကျွန်တော်နဲ့ ချိတ်ဆက်မှုရှိတယ်လို့ ခံစားရပါတယ်။ အသင်းအားလုံးကို မချစ်နိုင်ဘူးလို့ လူတွေကပြောချင်ပြောနိုင်ပေမဲ့ ကျွန်တော်ကတော့ အားလုံးကို ချစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မော်ရင်ဟို၏ နည်းပြဘဝအောင်မြင်မှု

ပေါ်တို ■ ပရီးမီးယားလီဂါ (နှစ်ကြိမ်)၊ ပေါ်တူဂီဖလား၊ ပေါ်တူဂီစူပါဖလား၊ ချန်ပီယံလိဂ်၊ UEFA ဖလား (တစ်ကြိမ်စီ)

ချယ်လ်ဆီး ■ ပရီးမီးယားလိဂ် (သုံးကြိမ်)၊ လိဂ်ဖလား (သုံးကြိမ်)၊ FA ဖလား၊ ကွန်မြူနတီဒိုင်း (တစ်ကြိမ်စီ)

အင်တာမီလန် ■ စီးရီးအေ (နှစ်ကြိမ်)၊ ကိုပါအီတာ လီယာဖလား၊ အီတလီစူပါဖလား၊ ချန်ပီယံလိဂ် (တစ် ကြိမ်စီ)

ရီးယဲလ် ■ လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား (တစ်ကြိမ်စီ)

မန်ယူ ■ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊ ယူရိုပါလိဂ် (တစ်ကြိမ်စီ)

ရိုးမား ■ ယူရိုပါကွန်ဖရင့်လိဂ် (တစ်ကြိမ်)

Most Read

Most Recent