မုတ်သုံအဝင် နောက်ကျခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏ ဒေသများတွင် ပြင်းထန်အပူချိန်များ ဆက်လက်ဖြစ်ပေါ်နေ၍ မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်

မုတ်သုံအဝင် နောက်ကျခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏ ဒေသများတွင် ပြင်းထန်အပူချိန်များ ဆက်လက်ဖြစ်ပေါ်နေ၍ မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်
၂၀၂၃ ခုနှစ် မေလ ၂၁ ရက်က ဥတာပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်းကပရာယာဂျရာတွင် အမျိုးသားသုံးဦး အဝတ်စဆောင်း၍သွားနေပုံကိုတွေ့ရစဉ် (Photo: AP)
၂၀၂၃ ခုနှစ် မေလ ၂၁ ရက်က ဥတာပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်းကပရာယာဂျရာတွင် အမျိုးသားသုံးဦး အဝတ်စဆောင်း၍သွားနေပုံကိုတွေ့ရစဉ် (Photo: AP)
Published 23 May 2023
         Ref: AP

အိန္ဒိယနိုင်ငံ၏ဒေသများတွင် ပြင်းထန်အပူချိန်များဖြစ်ပေါ်နေသောကြောင့် နယူးဒေလီမြို့တွင် ပြင်းထန်မိုးလေဝသ သတိပေးချက်ထုတ်ပြန်ထားရခြင်းနှင့်အတူ မေလ ၂၂ ရက်တွင် အိန္ဒိယအနောက်မြောက်ပိုင်းမှသည် အရှေ့တောင်ပိုင်းအထိ ဒေသများသည်  ပိုမိုပူပြင်းသောအပူချိန်ကို ကြုံတွေ့ခဲ့ကြရသည်။

အိန္ဒိယမိုးလေဝသဌာနသည် တောင်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များအတွက် အပူလှိုင်းသတိပေးချက်ကို လွန်ခဲ့သောသီတင်းပတ်တွင် ထုတ်ပြန်ခဲ့ပြီး ရှဲရှဲမြည်နေသော အပူချိန်များက ပုံမှန်အပူချိန်များထက်ကျော် လွန်နေသောကြောင့် မေလ ၂၂ ရက်တွင် အပူလှိုင်းသတိပေးချက်ကို မြို့တော်နယူးဒေလီနှင့် မြောက်ပိုင်းပြည်နယ်အချို့အထိ တိုးချဲ့ကြေညာခဲ့သည်။

မိုးများကြောင့် အပူဒဏ် အနည်းငယ်သက်သာမှုမရမီ လာမည့်ရက်အနည်းငယ်အထိ အလွန်မြင့်မားသော အပူချိန်သည် ဆက်လက်ဖြစ်ပေါ်နေမည်ဟု အိန္ဒိယမိုးလေဝသဌာနက သတိပေးထားသည်။ ယခုနှစ်တွင် အနောက်တောင်မုတ်သုံသည် အနည်းငယ်နောက်ကျမည်ဖြစ်ပြီး ဇွန်လပထမပတ်တွင် ဝင်ရောက်လိမ့်မည်ဖြစ်ရာ အပူချိန်များသည် ပုံမှန်ထက် ဆက်လက်မြင့်မားနေမည်ဟု ဆိုသည်။

အပူချိန်များသည် မြောက်ပိုင်းပြည်နယ် ဥတာပရာဒက်ရှ်တွင် ၄၅ ဒီဂရီဆဲလ်စီယပ်ကို ကျော်လွန်သွားစဉ် ဓာတ်အားဖြတ်တောက်မှုများကို လျှော့ချရန် အိန္ဒိယတစ်နိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအားလုံး စွမ်း အားပြည့် လည်ပတ်ရေးအတွက် မတ်လတွင် ညွှန်ကြားထားလင့်ကစား ဒေသအချို့သည် ၁၂ နာရီကျော်ကြာဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ ဥတာပရာဒက်ရှ် ပြည်နယ်တွင် အပူလှိုင်းသည် နောက်ထပ်နှစ်ရက်ခန့်အထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စိတ်ပျက်နေကြသော ဒေသခံများက သီတင်းပတ်ကုန်တုန်းက ပြည်နယ်မြို့တော် Lucknow အနီးရှိ ဓာတ်အားပေးစက်ရုံများ၏ အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြပြီး ကားလမ်းများကို ပိတ်ထားခဲ့သည်။

“လျှပ်စစ်မီးမလာတာဟာ အဲယားကွန်းဖွင့်မရ၊ ပန်ကာဖွင့်မရ၊ ရေတောင်မရတဲ့ အနေအထားဖြစ်စေပါတယ်။ ချစ်ချစ်တောက်အပူဟာ ကျွန်တော်တို့ရဲ့ဘဝတွေကို ဒုက္ခရောက်စေပါတယ်။ ဓာတ်အားမလာတာဟာ ကျွန်တော်တို့ရဲ့ဒုက္ခကို ပိုဆိုးစေပါတယ်” ဟု Lucknow မြို့ခံရာမက်ဂူးပတားက ပြောကြားသည်။

ပြင်းထန်အပူချိန်ကြောင့် မြို့ခံအများစုမှာ အိမ်တွင်းအောင်းခဲ့ကြရသည်ဟု ဆိုသည်။ “ဘယ်သူမှ အပြင်မထွက်ချင်တာကြောင့် ကျွန်တော်တိုဟာအကြင်နာတရားမဲ့တဲ့နွေရဲ့အကျဉ်းသားတွေဖြစ်လာကြပါ တယ်”ဟု ကျောင်းဆရာဆူဒါဆီဂါးလ်က ပြောကြားသည်။

မုတ်သုံမိုးများကြောင့် ပိုမိုအေးမြသော အပူချိန်များဖြစ်မလာမီ ဧပြီ၊ မေ၊ ဇွန် နွေလများသည် အိန္ဒိယနေရာအများစုတွင် အမြဲတမ်း ပူပြင်းသည်။ သို့ရာတွင် အပူချိန်များသည် လွန်ခဲ့သော ဆယ်စုနှစ်တွင် ပိုမိုပြင်းထန်လာသည်။ အပူလှိုင်းကျရောက်စဉ်အတွင်း နိုင်ငံသည် ဆိုးဆိုးရွားရွားရေပြတ်တောက်မှုများ ကြုံရပြီး ပြည်သူ ၁ ဒသမ ၄ ဘီလျံထဲက လူ ၁ဝသန်းလောက်သည် ဘုံပိုင်ရေ ပြတ်လပ်နေသည်။ အပူလှိုင်းကြောင့် လွန်ခဲ့သောလတွင် မွမ်ဘိုင်း၌ လူ ၁၃ ဦး သေဆုံးခဲ့သည်။                               

Most Read

Most Recent