တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့က ရုရှားကိုတိုးမြှင့်ဖိအားပေးရန် သဘောတူညီခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို ပြစ်တင်ရှုတ်ချ

တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့က ရုရှားကိုတိုးမြှင့်ဖိအားပေးရန် သဘောတူညီခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို ပြစ်တင်ရှုတ်ချ
မေ ၂၂ ရက်က ဆိုးလ်မြို့ရှိသမ္မတရုံးတွင် တောင်ကိုရီးယားသမ္မတယွန်းဆက်ယို(အလယ်) ဥရောပကောင်စီဥက္ကဋ္ဌ ချားစ်မီရှယ်(ဝဲ)နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်(ယာ)တို့ တွေ့ဆုံစဉ် (Photo: AP)
မေ ၂၂ ရက်က ဆိုးလ်မြို့ရှိသမ္မတရုံးတွင် တောင်ကိုရီးယားသမ္မတယွန်းဆက်ယို(အလယ်) ဥရောပကောင်စီဥက္ကဋ္ဌ ချားစ်မီရှယ်(ဝဲ)နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်(ယာ)တို့ တွေ့ဆုံစဉ် (Photo: AP)
Published 23 May 2023
Ref: AFP

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ရုရှားကို တိုးမြှင့်ဖိအားပေးရန် တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်တို့ မေ ၂၂ ရက်က သဘောတူညီခဲ့ကြပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို လည်း ၎င်းတို့က ပြစ်တင်ရှုတ်ချခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုသည် ဥရောပကောင်စီဥက္ကဋ္ဌ ချားစ်မီရှယ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ကို ဆိုးလ်မြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။ ၎င်းတို့ခေါင်းဆောင်သုံးဦးသည် ပြီးခဲ့ သည့် သီတင်းပတ်ကုန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပသည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီးနောက်တွင် ယင်းသို့တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာကန့်သတ်ပိတ်ပင်မှု အစီအစဉ်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းအားဖြင့် ရုရှားကို စုပေါင်းဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်” ဟု ခေါင်းဆောင်သုံးဦးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယူကရိန်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကို အထောက်အကူပေးဖို့ ကတိကဝတ်ပြုခဲ့ပြီး လိုအပ်သမျှ ကာလပတ်လုံး ယူကရိန်းကို အထောက်အပံ့ပေးရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ကြောင်း လည်း ၎င်းတို့၏ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပကောင်စီဥက္ကဋ္ဌ ချားစ်မီရှယ်က ယူကရိန်းကို ရုရှားက တိုက်ခိုက်မှုများဆက် တိုက်လုပ်ဆောင်နေခြင်းက ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားတို့အကြား ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်းကို ပြသနေသည်ဟု ဆိုသည်။

စစ်ရေးတင်းမာမှု အရှိန်မြင့်တက်စေသည့် လုပ်ရပ်များကို ရပ်တန့်ရန်နှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် ခေါင်းဆောင်သုံးဦးက မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။

“ဥရောပသမဂ္ဂအနေနဲ့ ရုရှားက ယူကရိန်းကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို လုံးဝလက်သင့်မခံသလိုပဲ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကိုလည်း သာမန်အခြေအနေတစ်ရပ်အဖြစ် လုံးဝလက် သင့်ခံမှာမဟုတ်ပါဘူး” ဟု ဗွန်ဒါလေယန်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်များသည် ကိုရီးယားကျွန်းဆွယ်ကိုကျော်လွန်၍ ခြိမ်းခြောက်မှုဖြစ်စေသည်ကို ခေါင်းဆောင်သုံးဦးက အသိအမှတ်ပြုခဲ့သည်ဟု ယွန်းက ဆိုသည်။

မြောက်ကိုရီးယားသည် ၂၀၂၂ နှစ်စပိုင်းမှစတင်၍ ဒုံးကျည်အစင်း ၁၀၀ ခန့် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၎င်းတို့အနက်မှ ဒုံးကျည်အများအပြားသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်စွမ်းရှိပြီး တောင်ကိုရီးယားကိုသာမက အမေရိကန်ပြည်ထောင်စုအထိပါ တိုက်ခိုက်နိုင်စွမ်းရှိသည့် ဒုံးကျည်များဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားအနေဖြင့် ပြိုင်ဘက်နိုင်ငံများက ၎င်းတို့၏ တောင်းဆိုမှုများကို လိုက်လျောလာစေရန် လက်နက်အင်အားကို တိုးမြှင့်တည်ဆောက်နေပုံရကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ မေ ၂၁ ရက်ကလည်း ဆိုးလ်မြို့တွင် သမ္မတယွန်းနှင့် ဂျာမ နီဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ပြီး စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူညီခဲ့သည်။

Most Read

Most Recent