စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် တောင်ကိုရီးယားနှင့်ဂျာမနီတို့ သဘောတူညီ

စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် တောင်ကိုရီးယားနှင့်ဂျာမနီတို့ သဘောတူညီ
မေ ၂၁ ရက်က ဆိုးလ်မြို့ရှိ သမ္မတရုံးတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို(ယာ)နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်(ဝဲ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo: AFP)
မေ ၂၁ ရက်က ဆိုးလ်မြို့ရှိ သမ္မတရုံးတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို(ယာ)နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်(ဝဲ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo: AFP)
Published 22 May 2023
Ref: AFP

ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများနှင့်ဆက် လက်ရင်ဆိုင်နေရစဉ် တောင်ကိုရီးယားနှင့် ဂျာမနီနိုင်ငံတို့သည် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူညီခဲ့သည်။

မေ ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

နှစ် ၃၀ အတွင်း ဆိုးလ်မြို့သို့ ပထမဆုံးလာရောက်ခဲ့သော ဂျာမနီဝန်ကြီးချုပ်ဖြစ်သည့် အိုလက်ဖ်ရှောဇ်သည် မေ ၂၁ ရက်ည နေပိုင်းက တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် တွေ့ဆုံခဲ့သည်။

ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ဟိုက်ဒရိုဂျင်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဇီဝနည်းပညာနှင့် သန့်စင်စွမ်းအင်ကဲ့သို့နည်းပညာမြင့် ကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်ရန် သဘောတူညီခဲ့သည်ဟု တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သမ္မတယွန်းက ပြောကြားခဲ့သည်။

“တောင်ကိုရီးယားနဲ့ ဂျာမနီတို့ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမတည်ငြိမ်မှုနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေအကြား ကုန်စည်ထောက်ပံ့ ဖြည့်တင်းမှုကွင်းဆက်နဲ့ ပတ်သက်ပြီး မိတ်ဖက်ပူးပေါင်းမှုတွေကို ခိုင် မာအားကောင်းအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်”ဟု ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယွန်းက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး၏ ထိပ်သီးအစည်းအဝေးတွင် ရာသီဥတုပြောင်းလဲခြင်းမှသည် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးမူဝါဒအထိ ကိစ္စရပ်အများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲနှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားကြောင့် ကိုရီးယားကျွန်းဆွယ်အပေါ် သက်ရောက်လာသည့် ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်။

ရှောဇ်သည် ယွန်းနှင့်ထိပ်သီးအစည်းအဝေး မပြုလုပ်မီတွင် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်သို့လည်းသွား ရောက်ခဲ့သည်။

“ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုအပေါ် အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အခြေအနေတစ်ရပ်ကို မိမိအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်” ဟု ရှောဇ်က ပြောကြားခဲ့သည်။

“မိမိတို့ရဲ့ အတွေ့အကြုံအရ မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်အောင် ပိုမိုနီးကပ်စွာ လုပ်ဆောင်သင့်ကြောင်း အလေးအနက် ပြောကြားလိုတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ဥပဒေနှင့် ဆန့်ကျင်သော ရန်စမှုများကို လုပ်ဆောင်ခြင်းမှ မည်သည့်အကျိုးအမြတ်မှ ရရှိလိမ့်မည်မဟုတ်ကြောင်း တောင်ကိုရီးယားနှင့် ဂျာမနီခေါင်းဆောင်တို့က ပြောကြားခဲ့ပြီးမြောက်ကို ရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို အန်တုလျက် ယခုနှစ်ထဲတွင် စံချိန်တင် ဒုံးကျည်စမ်းသပ်မှု အမြောက်အမြား လုပ်ဆောင်လျက်ရှိကာ မြောက်ကိုရီးယား စစ်တပ်အတွက် နည်းပ ညာပိုင်းဆိုင်ရာ အဓိကတိုးတက်မှုတစ်ရပ်အဖြစ် ဧပြီလထဲတွင် အခဲလောင်စာသုံး ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်နိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် စစ်လက်နက်တင်ပို့မှုအများဆုံး နိုင်ငံများထဲတွင် နဝမမြောက်တွင်ရှိသည့် တောင်ကိုရီးယားသည် ယူကရိန်းထံသို့ လူသားချင်းစာနာမှု အကူအညီများပေးပို့ခဲ့သည်။ တောင်ကိုရီးယားနှင့် ဂျာမနီတို့သည် ယူကရိန်းနှင့် တညီတညွတ်တည်းရှိနေမည်ဖြစ်ကာ ကူညီထောက်ပံ့မှုများကိုလည်း ဆက် လက်လုပ်ဆောင်သွားမည်ဟု ယွန်းကပြောကြားခဲ့ပြီး အစီအစဉ်သစ်များနှင့်ပတ်သက်၍ အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပေ။

 

Most Read

Most Recent