ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)

ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)
Published 14 May 2023

စာရေးသူအနေဖြင့် သဘောတရားအားဖြင့်သော်လည်းကောင်း၊ နယ်ပယ်အားဖြင့်သော်လည်းကောင်း၊ အကြောင်းအရာအားဖြင့်သော်လည်းကောင်း၊ ရည်ရွယ်ချက်အားဖြင့်သော်လည်းကောင်း၊ အုပ် စုအမျိုးမျိုးအကြားတွင်သော်လည်းကောင်း၊ စဉ်းစားတွေးခေါ်ခဲ့ကြသည့် နိုင်ငံရေးဒဿနပညာရှင်ကြီးများ အကြားတွင်သော်လည်းကောင်း အမျိုးမျိုးအဖုံဖုံကွဲပြားလျက်ရှိသည့်အပြင် တစ်ခါတစ်ရံ ဆန့်ကျင် ဘက်အယူအဆများနှင့် အခြေခံမူများအရ ကျယ်ပြန့်ကြီးမားလှသည့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights) ကို ဆောင်းပါးခေါင်းစဉ်အဖြစ် ပြုလုပ်တပ်ဆင်ပြီး ရေးသားတင်ပြရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်သည် ဟု ထင်မြင်ယုံကြည်ခဲ့မိပါသည်။

စာရေးသူသည် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ် လျက် ရှိနေပါသဖြင့် လောကပါလတရားများ ထွန်းကားပြန့်ပွားလာစေရေးအလို့ငှာ ကြိုးပမ်းပြီး ဆောင်းပါးများအဖြစ် လေ့လာရေးသား တင်ပြလျက်ရှိရာတွင် အတော်အသင့် ခြုံငုံပြည့်စုံသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ်ခြင်း နှင့်ပတ်သက်ပြီး စာရေးသူသည် ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ထုတ်ဝေသည့် Weekly ELEVEN News,No.20,Vol.17 “လောကပါလတရားများ ပျက်သုဉ်းပျောက် ကွယ်စေခဲ့ခြင်း” ဆောင်းပါးခေါင်းစဉ်ဖြင့် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။

စာဖတ်သူများအနေဖြင့် လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ်လျက်ရှိပုံကို အသေးစိတ် သိမြင်လိုပါက အဆိုပါဆောင်းပါးအား ဖတ်ရှုလေ့လာရန် အကြံပြု တင်ပြအပ်ပါသည်။

လောကပါလတရားများနှင့်ပတ်သက်ပြီး နိုင်ငံတကာ စာအုပ်၊ စာပေ၊ စာစောင်များတွင် လေ့လာတွေ့ရှိရ သည်မှာ တရားမျှတခြင်း (Justice)၊ လွတ်လပ်ခြင်း (Freedom) နှင့် ညီမျှခြင်း (Equality)အဖြစ် ရှင်းလင်း တင်ပြကြပါသည်။ အဆိုပါ သဘောတရားအားလုံးတို့သည် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)နှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဆက်စပ်ဆက်သွယ် ပတ်သက်လျက် တည်ရှိနေပါ သည်။

ထို့ပြင် စာရေးသူတို့ တိုင်းပြည်နိုင်ငံတော်က တရားဝင်အသိအမှတ် ပြုထားသည့် နိုင်ငံတော်သီချင်းတွင်မူ “တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ-တို့ပြည်-တို့မြေ-များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-ခွင့်တူညီမျှ-၀ါဒဖြူစင် တဲ့ပြည်-တို့ပြည်-တို့မြေ- ……” စသည်ဖြင့် ဖော်ပြထားသဖြင့် “ညီမျှခြင်း” နေရာတွင် “ခွင့်တူညီမျှ”ဟု ဖော်ပြထားသဖြင့် “ပိုင်ခွင့် အခွင့်အရေးများ တန်းတူညီမျှခြင်း”ဆိုသည့် အဓိပ္ပာယ်လည်း သက်ရောက်လျက် ရှိနေပါသည်။

ထို့ကြောင့် စာရေးသူတို့ တိုင်းပြည်နိုင်ငံအနေနှင့် လောကပါလ တရားများနှင့် ပတ်သက်ပြီး ပြည့်စုံစွာ ရှင်းလင်းသိမြင်နိုင်စေရန်အတွက် “ပိုင်ခွင့်၊ အခွင့်အရေးများ (Rights) “အကြောင်းကို စနစ်တကျ ရှင်းလင်း တင်ပြရန် လိုအပ်လျက်ရှိနေပါသည်။ သို့သော်လည်း စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိ ပြီးချိန်နောက်ပိုင်း အချိန်ကာလများအနက် နှစ်ပေါင်းများစွာသည် “အာဏာရှင်စနစ်”၊ “စစ်အုပ်ချုပ်ရေးစနစ်” များကိုသာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသဖြင့် အဆိုပါအုပ်ချုပ်ရေးစနစ်များသည် ပိုင်ခွင့်၊ အခွင့်အရေးများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပါသည်။

ယနေ့အချိန် စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သဘောသဘာဝနှင့် နှစ်ပေါင်းများစွာ ကျင့်သုံးစေခဲ့သည့် “အာဏာရှင်စနစ်”၊ “စစ်အုပ်ချုပ်ရေး စနစ်” များကြောင့် လောကပါလတရားများအား ချက်ချင်းလက်ငင်း ထွန်းကားပြန့်ပွားလာစေရေး အကောင် အထည်ဖော်ဆောင်ရွက်ရန် မဖြစ်နိုင်ပါသော်လည်း နောင်အနာဂတ်ကာလတွင် ဖြစ်ထွန်းပေါ်ပေါက်လာ စေနိုင်မည့် ငြိမ်းချမ်းသာယာဝပြောသော “ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကြီး” အတွက် ကြိုတင် ရေးသား တင်ပြရခြင်းသာ ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ်လျက်ရှိနေပါသည်။ အနာဂတ်ကာလတွင် တိုင်းပြည်ကို တည်ဆောက်ရာတွင် သော်လည်းကောင်း၊ နိုင်ငံတော်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ တိုင်းပြည် နိုင်ငံတော် သို့မဟုတ် နိုင်ငံတော်တိုင်းပြည်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း လောကပါလတရားများ ထွန်းကားပြန့်ပွားလာစေရေးဆောင် ရွက်နိုင်စေရန်နှင့် လောကပါတရားများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်ဆက်သွယ်လျက်ရှိသည့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)ကို အရပ်သား ပြည်သူပြည်သားများ၊ နိုင်ငံသားများအား အပြည့်အဝရရှိ ခံစားစံစားနိုင်စေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဝန်းကျင်ကို ဖန်တီးတည်ဆောက်နိုင်စေမည့် ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲချမှတ်ပြဋ္ဌာန်းနိုင်စေရန် ရည်ရွယ်ပါသည်။

ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)နှင့် ပတ်သက်သည့်အကြောင်း အရာအချို့ကို ပုံတွင်ဖော်ပြထားပါသည်။ ပုံတွင်ဖော်ပြနိုင်ခြင်း၊ ပါဝင်ခြင်းမရှိသည့် အခြားသော ပိုင်ခွင့်၊အခွင့်အရေးများ (Rights)နှင့် ပတ်သက်သည့် အကြောင်းအရာပေါင်း မြောက်မြားစွာ တည်ရှိနိုင်ပါသည်။ သို့သော်လည်း ယခုပုံတွင် ဖော်ပြထားသည့် အကြောင်းအရာများကိုပင် ဆောင်းပါးအဆင့်နှင့် လုံးဝပြီးပြည့်စုံသည်အထိ ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် စာရေးသူအနေဖြင့် သိသင့်သိထိုက်သည်ဟု ထင်မြင်ယူဆသည့် အကြောင်းအရာများကိုသာ ရှင်းလင်းတင်ပြပါမည်။

ပထမဦးစွာ ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၏ အဓိပ္ပာယ်၊ သဘောတရားများနှင့် ၎င်းတို့သည် တရားမျှတခြင်း (Justic) သဘောတရားနှင့် မည်ကဲ့သို့ ဆက်စပ်ပတ် သက်လျက်ရှိပုံကို ရှင်းလင်းတင်ပြပါမည်။ ဆောင်းပါး၏ ပထမအပိုဒ်တွင် တင်ပြထားသကဲသို့ပင် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၏ အဓိပ္ပာယ်နှင့် သဘောတရားများမှာ စာဖတ်သူများအတွက် အငြင်းပွားဖွယ်၊ လက်မခံနိုင်ဖွယ် အဓိပ္ပာယ်နှင့် သဘော တရားများအဖြစ် တွေ့မြင်နိုင်ပါသည်။ စာရေးသူ၏ ယခုတင်ပြမည့် အဓိပ္ပာယ်နှင့် သဘောတရားများသည် လောကပါလတရားများအနက် တရားမျှတခြင်း သဘောတရားအား နောက်ခံအဖြစ်ထားရှိပြီး ရှာဖွေလေ့ လာရယူထားရှိသည့် တင်ပြချက်များသာ ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် နိုင်ငံရေးဒဿန ပညာရှင်ကြီးများ၏ တွေးခေါ်စဉ်း စားထားရှိသည့် အချက်များအား ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။ ထို့ပြင် အဓိပ္ပာယ်နှင့် သဘောတရားများကို အကဲဒမစ်ဆန်သည့် စာအုပ်၊ စာစောင်များတွင် ပါရှိသည်များကို အသုံးမပြုဘဲ အင်တာနက်စာမျက်နှာများတွင် အလွယ်တကူ ရရှိနိုင်သည်များကိုသာ ရယူအသုံးပြုပါမည်။ ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၏ သဘောတရားကို ဝီကီပီဒီးယားတွင် ဖော်ပြထားချက်အရ တင်ပြရပါလျှင် - “Rights are Legal, Social, or ethical Principles of freedom or entitlement; that is,Rights are the fundamental normative rules about what is allowed of people or owed to people according to some legal system,social convention or ethical theory.” (Wikipedia)

ဖော်ပြထားချက်အရ “ပိုင်ခွင့် အခွင့်အရေးများဆိုသည်မှာ တရားဥပဒေ၊ လူမှုရေး သို့မဟုတ် လူ့ကျင့်ဝတ်နှင့် သက်ဆိုင်သည့် ခံစားပိုင်ခွင့် သို့မဟုတ် လွတ်လပ်သည့် “မူ”များ ဖြစ်ပါသည်။ ၎င်းတွင် ပိုင်ခွင့်အခွင့် အရေးများသည် အခြေခံကျသော စံအဖြစ်သတ်မှတ်ထားရှိသော စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ နည်းဥပဒေတို့ ပါဝင်ပြီးလျှင် လူ့ကျင့်ဝတ်နှင့်ဆိုင်သော သီအိုရီ သို့မဟုတ် လူမှုရေးအစဉ်အလာ၊ အချို့သော တရားဥပဒေ စနစ်အရ လူပုဂ္ဂိုလ်များ (ပြည်သူလူထု) အား ဆောင်ရွက်ပေးရမည့် တာဝန်ဝတ္တရားများ သို့မဟုတ် လူ ပုဂ္ဂိုလ်များ(ပြည်သူလူထု)အား ခွင့်ပြုပေးရမည့် အခြေအနေအကြောင်း အရာများလည်း ပါဝင်ပါသည်။”

ပိုင်ခွင့်အခွင့်အရေးတစ်ရပ်နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို (Reference:1)တွင် အခြေခံပြီး တင်ပြရပါလျှင် - “A right is said to be an entitlement or justified claim to a certain kind of positive and [or?] negative treatment from others, to assistance from others or non-interference from others.

ဖော်ပြထားချက်အရ “ပိုင်ခွင့်အခွင့်အရေးတစ်ရပ်ဆိုသည်မှာ အခြားသူများက ဝင်ရောက်စွက်ဖက်မှုမရှိစေခြင်း သို့မဟုတ် အခြားသူများထံက အကူအညီ အထောက်အပံ့ ရရှိစေခြင်း သို့မဟုတ် အခြားသူများထံက အပျက်သဘော ဆန့်ကျင်တားဆီးခံရသည့် (Negative) ပြုမူဆက်ဆံ ခြင်းခံရမှု သို့မဟုတ် အခြားသူများထံက အပြုသဘောဆောင်သော (Positive) ပြုမူဆက်ဆံခံရမှု စသည့် အမျိုးအစား တစ်ရပ်ရပ်အား အခိုင်အမာ တောင်းဆိုရန် တရားမျှတမှန်ကန်ကြောင်း သို့မဟုတ် ခံစားရပိုင်ခွင့် တစ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြော ဆိုခြင်းပင် ဖြစ်ပါသည်။”

တရားမျှတခြင်း(Justice)နှင့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights) ဆက်စပ်ပတ်သက်လျက်ရှိပုံကို တင် ပြရပါလျှင် - “Rights and justice are not really distinct issues, but the use of the term "rights" emphasizes (at least at the start) a different dimension from the use of the term "justice." When we mention justice we are usually concerned with how (according to what pattern) valuable things (benefits) and their opposites (burdens) are distributed. When we talk about rights, we think first of all of entities, usually human indivi-duals, who supposedly possess or bear those rights.” (Reference: 1).

စာရေးသူအနေဖြင့် အထက်ဖော်ပြပါစာပိုဒ်ကို ဘာသာပြန်ဆိုရာတွင် စကားလုံး၊ ၀ါကျများအား တိုက် ရိုက်ဘာသာပြန်ဆိုခြင်းမပြုဘဲ စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန် အလို့ငှာ အဆင်ပြေ သင့်တော်သလို ရှင်းလင်းဖော်ပြထားပါသည်။

ဖော်ပြထားချက်အရ ပိုင်ခွင့်အခွင့်အရေးများနှင့် တရားမျှတခြင်းတို့သည် အမှန်တကယ်အားဖြင့် လုံးဝကွဲပြားခြားနားသော အကြောင်းအရာကိစ္စရပ်များ မဟုတ်ကြပါ။ သို့သော်လည်း ပိုင်ခွင့်အခွင့်အရေးများ ဆိုသည့် စကားလုံး၊ စကားရပ်သည် တရားမျှတခြင်းဆိုသည့် စကားလုံး၊ စကားရပ်ကို အသုံးပြုခြင်းမှ အထူး အားဖြင့် ကွဲပြားခြားနားသော ရှုထောင့်အတိုင်းအတာတစ်ခုအဖြစ် အလေးထားဖော်ပြကြပါသည်။

ကျွန်ုပ်တို့အနေဖြင့် တရားမျှတခြင်းကို ရှင်းလင်းတင်ပြသည့်အခါတွင် အမြဲတမ်းပါဝင်သည့် အကြောင်းအရာမှာ ပုံစံ စံပြသတ်မှတ်ချက်များအရ တန်ဖိုးထားအပ်သည့် အရာဝတ္ထုပစ္စည်းဥစ္စာများကို သက်ဆိုင်သည့် လူပုဂ္ဂိုလ်အားလုံးတို့အား မျှဝေပေးရာတွင် အကျိုးအမြတ်များ၊ အကျိုးကျေးဇူးများကို ခံစားရရှိသူများနှင့် ၎င်းတို့ နှင့်ဆန့်ကျင်ဘက်တွင်ရှိသည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းကို ခံစားရရှိသူများအဖြစ် တည်ရှိဖြစ်ပေါ်လာစေ သည့်အခြေအနေဖြစ်ပါသည်။

ကျွန်ုပ်တို့အနေနှင့် ပိုင်ခွင့်အခွင့် အရေးများအကြောင်းကို ပြောဆိုသည့်အခါတွင် ပထမဆုံးအဖြစ် ခံစား ပိုင်ခွင့်ရှိသူအားလုံးတို့အတွက် ထည့်သွင်းစဉ်းစားခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အပေါ်တွင်သာ စဉ်းစားလေ့ရှိပြီး မည်သူက ပိုင်ခွင့်အခွင့်အရေးများကို ပိုင်ဆိုင် ရယူခံစားထိုက်သည်။

သို့မဟုတ် မည်သူက ပိုင်ခွင့်အခွင့်အရေးများကို တာဝန်ယူဆောင်ရွက်ပေးရမည်ဆိုသည့် အခြေအနေ ဖြစ်ပါသည်။

ထို့ပြင် တရားမျှတခြင်း (Justic)နှင့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights) ၏ ဆက်သွယ်ချက်အရ တင်ပြရပါလျှင် - “The link bet-ween rights and justice is duties.” (Reference: 1). ဖော်ပြ ထားချက်အရ “အလုပ်တာဝန် ဝတ္တရားများဆိုသည်မှာ တရားမျှတခြင်းနှင့် ပိုင်ခွင့်၊ အခွင့်အရေးများအကြားရှိ ဆက်သွယ်ချက်ပင် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၏ အဓိပ္ပာယ် သဘောတရားများနှင့် ပတ်သက်သည့် အကြောင်းအရာများတွင် အခြေခံအဖြစ် ယူဆနိုင်သည့် သဘာဝအရပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၊ အခြေခံပိုင်ခွင့်၊ အခွင့်အရေးများ (Natural Rights)နှင့် လူ့အခွင့်အရေးများ (Fundamental) ကို ရှင်းလင်းတင်ပြ ပြီးလျှင် လွတ်လပ်ခြင်း (Freedom)နှင့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၏ အကြောင်းအရာ တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်း သဘောတရားများကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည့် နိုင်ငံတကာသဘောတူစာချုပ်များကို ရှင်းလင်းတင်ပြပါမည်။

သဘာဝအရ ပိုင်ခွင့်၊ အခွင့်အရေးများ (Natural Rights)၏ အဓိပ္ပာယ်သဘောတရားကို တင်ပြရပါလျှင် ၎င်း၏ အဓိပ္ပာယ်နှင့် သဘော တရားများသည် အလွန်ရှုပ်ထွေး နက်နဲသည့် အခြေအနေဖြစ်ပါသည်။ ပညာရှင်ကြီးများအကြားတွင်လည်း သဘောတူချက်မရရှိနိုင်သည့် အခြေအနေဖြစ်သဖြင့် စာရေးသူအနေဖြင့် ပညာရှင်ကြီးများ တင်ပြထားသည်များကို အနည်းငယ်ပြင်ဆင်ပြီး သင့်တော်မည်ဟု ထင်မြင်ယူဆသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသာ မြန်မာဘာသာဖြင့် တိုက်ရိုက်တင်ပြပါမည်။

“သဘာဝအရ ပိုင်ခွင့်၊ အခွင့်အရေးများဆိုသည်မှာ လူတို့၏သဘာဝအရ ဖြစ်ထွန်းပေါ်ပေါက်လာသည့် ပိုင်ခွင့်အခွင့်အရေးအမျိုးအစားများ ဖြစ်ကြပြီးပြဋ္ဌာန်းထားရှိသည့် ဥပဒေများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အုပ်ချုပ်သည့် အစိုးရများအပေါ်တွင် လုံးဝတည်မှီခြင်းမရှိဘဲ လူသားအားလုံးတို့နှင့် သက်ဆိုင်ပြီးလျှင် မည်သည့် တစ်စုံတစ်ဦးတစ်ယောက်ကမျှ ယူဆောင်သိမ်းပိုက်ခြင်း မပြုနိုင်သည့် ပိုင်ခွင့်အခွင့်အရေးများ ဖြစ် ကြပါသည်”

ထိုနည်းတူစွာ အခြေခံမူလပိုင်ခွင့်၊ အခွင့်အရေးများ (Fundamental Rights) ၏ အဓိပ္ပာယ်သဘောတရား များကို တင်ပြရပါလျှင် “အခြေခံ မူလပိုင်ခွင့်၊ အခွင့်အရေးများဆိုသည်မှာ တိုင်းပြည် နိုင်ငံတစ်နိုင်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ ပြည်သားများ၊ နိုင်ငံသားများအား ပေးအပ်ထားရှိသည့် ပိုင်ခွင့် အခွင့်အရေးများ ဖြစ်ကြပါသည်။”

လူ့အခွင့်အရေးများ (Human Rights) နှင့် ပတ်သက်သည့် အကြောင်းအရာကို တင်ပြရပါလျှင် “Human rights are rights inherent to all human beings, whatever our nationality, place of residence, sex, national or ethnic origin, colour, religion, language, or any other status. We are all equally entitled to our human rights without discrimin-ation.” (United Nations).

ဖော်ပြထားချက်အရ “လူ့ အခွင့်အရေးဆိုသည်မှာ မည်သည့် လူမျိုးအဖြစ်ခံယူထားသည်ဖြစ်စေ၊ နေထိုင်ရာအရပ်၊ ကျား၊မ(လိင်)၊ လူမျိုး သို့မဟုတ် တိုင်းရင်းသား၊ အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ ဘာသာစကား သို့မဟုတ် အခြားမည်သည့်အဆင့်အတန်း အခြေအနေတွင် ဖြစ်စေကာမူ လူသားအားလုံးတို့၏ မွေးရာပါအခွင့် အရေးများဖြစ်သည်။ ကျွန်တော်တို့ အားလုံးသည် လူ့အခွင့်အရေးများကို ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူခံစားခွင့်ရှိသည်”။

လွတ်လပ်ခြင်း (Freedom)နှင့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)၏ ဆက်သွယ်ချက်သဘောတရားများ ကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည့် နိုင်ငံတကာ သဘောတူစာချုပ်များကို ရှင်းလင်းတင်ပြပါမည်။ စာရေးသူသည် အခြေခံလွတ်လပ်ခွင့် များနှင့်ပတ်သက်ပြီး ရေးသားတင်ပြခဲ့သည်မှာ (၁) ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 19, Vol. 16.တွင် “လိုအင်ဆန္ဒ ပြည့်ဝကျေနပ် စေရေး” (Freedom from Want) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (၂) ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် Weekly ELEVEN News, No. 31, Vol. 17. တွင်  “ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး”

(Freedom from Fear) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (၃) ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 5, Vol. 18, The Daily ELEVEN Newspaper တွင် “လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်” (Freedom of Expression) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (၄) ၂၀၂၃ ခုနှစ် မတ် လ ၂၀ ရက်နေ့တွင် Weekly ELEVEN News, No. 12, Vol. 18 တွင် “လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်” (Freedom of Worship) ခေါင်းစဉ်ဖြင့်လည်း ကောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုဆောင်းပါးအား အထက်ဖော်ပြပါဆောင်းပါးများနှင့် တွဲဖက်လေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

လွတ်လပ်ရေး၏ သဘောတရားတွင် (က)အပျက်သဘော အန္တရာယ်ဖြစ်စေခြင်းမှ လွတ်လပ်ခွင့် (Ne-gative Freedom)နှင့် (ခ)အပြု သဘောဆောင်သော လွတ်လပ်ခွင့် (Positive Freedom) တို့ တည်ရှိသကဲ့သို့ ပိုင်ခွင့်အခွင့်အရေးများ သဘောတရားတွင်လည်း အပျက်သဘော ဆန့်ကျင်တားဆီးခံရသည့် ပိုင်ခွင့်အခွင့်အရေးများ (Negative Rights)နှင့် အပြုသဘောဆောင် သော ပိုင်ခွင့်အခွင့်အရေးများ (Positive Right) တည်ရှိနေပါသည်။

အပျက်သဘော ဆန့်ကျင်တား ဆီးခံရသည့် ပိုင်ခွင့်အခွင့်အရေးများ (Positive Right) ၏ သဘော တရားအကျဉ်းကို တင်ပြရပါလျှင် “Positive rights would correspond to duties of assistance.” (Reference: 1). ဖော်ပြချက်အရ “အပျက်သဘော ဆန့်ကျင်တားဆီး ခံရသည့် ပိုင်ခွင့် အခွင့်အရေးများသည် စိတ်ရှည်သည်းခံခြင်းနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများအဖြစ် မှတ် ယူနိုင်ပါသည်”။

အပြုသဘောဆောင်သော ပိုင်ခွင့်အခွင့်အရေးများ (Positive rights) ၏ သဘောတရားအကျဉ်းကို တင်ပြရပါလျှင်  “Positive rights would correspond to duties of assistance.” (Reference: 1).

အထက်တွင် ဖော်ပြခဲ့သည့် အပျက်သဘောအန္တရာယ်ဖြစ်စေခြင်းမှ လွတ်လပ်ခွင့်များ (Ne-gative Freedom)နှင့် အပြုသဘောဆောင်သော လွတ်လပ်ခွင့်များ (Positive Freedom)တို့ကို အခြေခံကာ ပိုင် ခွင့်အခွင့်အရေးများနှင့် ပတ်သက်သည့် နိုင်ငံတကာအဆင့် သဘောတူစာချုပ်ကြီးများ ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့ပါသည်။ (Ne-gative Freedom)ကို အခြေခံကာ “အရပ်သား ပြည်သူ့ပိုင်ခွင့်အခွင့်အရေးများနှင့် နိုင်ငံရေးပိုင်ခွင့်အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာအဆင့် သဘော တူစာချုပ်” “The International Covenant on Civil and Political Rights (ICCPR)” ဖြစ်သည့် နိုင်ငံတကာ သဘောတူစာချုပ်ကို ဖြစ်ပေါ်စေခဲ့ပြီး (Positive Freedom)ကို အခြေခံကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပိုင်ခွင့်အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘော တူစာချုပ်” The International Covenant on Economic, Social and Cultural Rights (ICESCR)” ဖြစ်သည့် နိုင်ငံတကာအဆင့် သဘောတူစာချုပ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။

အထက်ဖော်ပြပါ နိုင်ငံတကာအဆင့် သဘောတူစာချုပ်ကြီးများတွင် ပါဝင်သည့် အရပ်သားပြည်သူများ၏ ပိုင်ခွင့်အခွင့်အရေးများ (Civil rights)၊ နိုင်ငံရေးပိုင်ခွင့် အခွင့်အရေးများ (Political Rights) ၊ စီးပွားရေးပိုင်ခွင့် အခွင့်အရေးများ (Economics Rights)၊ လူမှုရေးပိုင် ခွင့်အခွင့်အရေးများ (Social Rights) နှင့် ယဉ်ကျေးမှုပိုင်ခွင့်အခွင့်အရေးများ (Cultural Rights) တို့၏ အဓိပ္ပာယ်သဘောတရားများအား အပြည့်အစုံရှင်းလင်းတင်ပြရန်မှာ ယခုဆောင်းပါးအဆင့်နှင့်  မဖြစ်နိုင် ပါသဖြင့် ရှင်းလင်းတင်ပြခြင်း မပြု တော့ပါ။

တတိယအနေဖြင့် ညီမျှခြင်း (Equality)နှင့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights) ၏ ဆက်သွယ်ချက် သဘောတရားများကြောင့် ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့သည့် နိုင်ငံ တကာ သဘောတူစာချုပ်အချို့ကို ရှင်းလင်းတင်ပြပါမည်။ ညီမျှခြင်း (နဆကေူငအပ) နှင့် ပိုင်ခွင့်၊ အခွင့်အရေး များ (Rights) ကိုဆက်စပ်တွေးခေါ် စဉ်းစားသည့်အခါတွင် ဦးစားပေး အနေနှင့် စဉ်းစားလေ့ရှိကြသည်မှာ အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းသူများ၊ လူမျိုးစုများနှင့် အခြားသော ထိခိုက်ခံစားလွယ်သည့် အုပ်စုများဖြစ်ကြပါသည်။

ကျား၊ မ တန်းတူရေး သဘော တရားများပါဝင်ပြီး အမျိုးသမီးများ နှင့်ပတ်သက်သည့် နိုင်ငံတကာ အဆင့် သဘောတူစာချုပ်တစ်ခုမှာ အတိုကောက်အားဖြင့် “စီဒေါ”ဟု ခေါ်ဆိုသည့် “Convention on the Elimination of All Forms of Discrimination against Women (CEDAW)”ဖြစ်ပါသည်။ ကလေးသူငယ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာအဆင့် သဘောတူစာချုပ်တစ်ခုမှာ “Convention on the Rights of the Child (CRC)” ဖြစ်ပြီး မသန်စွမ်းသူများနှင့် ပတ်သက်သည့် နိုင်ငံ တကာအဆင့် သဘောတူစာချုပ်တစ်ခုမှာ “Convention on the Rights of Persons with Disabilities (CRPD)” ဖြစ်ပါသည်။ လူမျိုးစုများနှင့် ပတ်သက်သည့် နိုင်ငံတကာအဆင့် သဘောတူစာချုပ်တစ်ခုမှာ “International Convention on the Elimination of All Forms of Racial Discrimination” ဖြစ်ပါသည်။

ဥပမာအနေနှင့်သာ တင်ပြခြင်းဖြစ်ပြီး အခြားသော နိုင်ငံတကာအဆင့်  စာချုပ်များလည်း တည်ရှိနေပါသည်။ အသေးစိတ်ကိုမူ ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

နောက်ဆုံးအနေဖြင့် စာဖတ်သူများကိုယ်တိုင် ပိုင်ခွင့်အခွင့်အရေးများ (Rights)၏ နယ်ပယ်နှင့် အကျယ် အဝန်းကို ခန့်မှန်းနိုင်စေရေးအလို့ငှာ ရှင်းလင်းတင်ပြပါမည်။ ဥပမာအား ဖြင့် ပုံတွင်ဖော်ပြထားသည့် “မူပိုင်ခွင့်” ကို အခြေခံပြီး ရှင်းလင်းတင်ပြမည် ဆိုပါက (Copy Rights), (Patent Rights), (Trade Mark) တို့ရှိနေပြီး လျှင် ၎င်းတို့သုံးခု၏ ဆုံမှတ်အနေနှင့် (Intellectual Property) အဖြစ် တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ထို့ပြင် တောင်သူလယ်သမားများ အခွင့်အရေး၊ အလုပ်သမားများ အခွင့်အရေး၊ စားသုံးသူများ အခွင့်အ ရေးစသည်ဖြင့် အခွင့်အရေးအမျိုး အစားပေါင်း မြောက်မြားစွာတည်ရှိ နေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ်လျက်ရှိနေပါသည်။ အနာဂတ်ကာလတွင် တိုင်းပြည်ကို တည်ဆောက်ရာတွင်သော် လည်းကောင်း၊ နိုင်ငံတော်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ တိုင်းပြည်နိုင်ငံတော် သို့မဟုတ် နိုင်ငံတော်တိုင်းပြည်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း လောက ပါလတရားများ ထွန်းကားပြန့်ပွားလာ စေရေးဆောင်ရွက်နိုင်စေရန်နှင့် လောကပါတရားများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဆက်စပ်ဆက် သွယ်လျက်ရှိသည့် ပိုင်ခွင့်၊ အခွင့်အရေးများ (Rights)ကို အရပ်သား ပြည်သူပြည်သားများ၊ နိုင်ငံသားများအား အပြည့်အဝရရှိ ခံစားစံစားနိုင်စေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဝန်းကျင်ကို ဖန်တီးတည် ဆောက်နိုင်စေမည့် ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲချမှတ်ပြဋ္ဌာန်းနိုင်စေရေးကို ယခုအချိန်မှစတင်ကာ အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

Reference: 1. Jan Garett (2004), “The Concept of Rights: Rights and Justice”, February 19, 2004. http://people.wku.edu/jan.garrett/ethics/rights.htm

Most Read

Most Recent