တောင်ကုန်းထူထပ်သော ရဝမ်ဒါနိုင်ငံတွင် ပြင်းထန်ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၁၃၀ သေဆုံးပြီး နေအိမ် ၅,၁၀၀ ကျော် ပျက်စီး

တောင်ကုန်းထူထပ်သော ရဝမ်ဒါနိုင်ငံတွင် ပြင်းထန်ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၁၃၀ သေဆုံးပြီး နေအိမ် ၅,၁၀၀ ကျော် ပျက်စီး
ရဝမ်ဒါ၏အနောက်ပိုင်းပြည်နယ်တွင် ရေကြီးမှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦးက လမ်းပေါ်မှ အမှိုက်များကို ရှင်းလင်းနေပုံအား မေလ ၄ ရက်ကတွေ့ရစဉ် (Photo – AFP)
ရဝမ်ဒါ၏အနောက်ပိုင်းပြည်နယ်တွင် ရေကြီးမှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦးက လမ်းပေါ်မှ အမှိုက်များကို ရှင်းလင်းနေပုံအား မေလ ၄ ရက်ကတွေ့ရစဉ် (Photo – AFP)
Published 6 May 2023
Ref: AFP

အနည်းဆုံးလူ ၁၃၀ သေဆုံးပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့စေခဲ့သည့် ပြင်းထန်ရေကြီးမှုများနှင့် မြေပြိုမှုများ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့ပြီးနောက် မေလ ၄ ရက်တွင် ရဝမ်ဒါပြည်သူများသည် အသက်ဆုံးရှုံးသွားသူများနှင့် ပျက်စီးသွားသော နေအိမ်များအတွက် ဝမ်းနည်းကြေကွဲလျက်ရှိသည်။

တောင်ကုန်းထူထပ်သော အရှေ့အာဖရိကနိုင်ငံ ရဝမ်ဒါတွင် နှစ်ပေါင်းများစွာအတွင်း ယခုလို အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားအပြီးတွင် မိသားစုများက သေဆုံးမိသားစုဝင်များကို မြှုပ်နှံနေချိန်တွင် အစိုးရသည် ထိခိုက်ဆုံးရှုံးမှုများကို တွက်ချက်လျက်ရှိသည်။

ဒေသအများအပြား အထူးသဖြင့် ဆိုးဆိုးရွားရွားထိိခိုက်ပျက်စီးမှုများဖြစ်ပေါ်ရာ နေရာဖြစ်သည့် ကီဗူးကန်နှင့်ထိစပ်နေသော အနောက်ပိုင်းပြည်နယ်တွင် မိုးများခဲ့ပြီးနောက် ရွံ့ရောင်ထနေသောမြစ်များက အိမ်များ၊ လမ်း၊ တံတားမျာကို ရေနှင့်အတူ မျောပါစေခဲ့ပြီး ကားလမ်းအဆက်အသွယ်များကို ပြတ်တောက်စေခဲ့သည်။

“မိုးများနေချိန်မှာ ကျွန်တော့်ကလေးဟာကျောက်တုံးတွေနဲ့ ကျောက်ခဲတွေအောက်မှာ မြုပ်နေတာတွေ့ပါတယ်။ သူဟာ ဆေးရုံမှာ ဆုံးသွားခဲ့ပါတယ်”ဟု အမည်တစ်လုံးတည်းသာရှိသော အနွန်စီယာတာက အေအက်ဖ်ပီကို ပြောကြားသည်။ ယင်းဖြစ်ရပ်သည် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် ခါရွန် ဂျီခရိုင်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

“ဒါဟာကျွန်တော်တို့ရဲ့မိသားစုအတွက် အလွန် ယူကျုံးမရဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့အခြားကလေးတစ်ဦးဟာ ခေါင်းမှာ ဆိုးဆိုး ရွားရွား ဒဏ်ရာရခဲ့ပါတယ်။ သူအသက်ရှင် မယ်လို့ ကျွန်တော် ဆုတောင်းနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကားလမ်းများ ပိတ်နေခြင်း၊ စားစရာ မရှိခြင်းတို့နှင့်အတူ အင်မာကူလီကန်ကွမ်ဇီသည် ၎င်း၏ရွာ၌ ပုံမှန်အနေအထားမရှိတော့ ဟု ပြောကြားသည်။

“ကျွန်မတို့ရဲ့အိမ်တွေ ပျက်စီးကုန်တယ် ဒါမှမဟုတ် ရေလွှမ်းခံရပါတယ်။ ကျွန်မရဲ့အိမ်ဟာ ရေအောက်ကို လုံးလုံးရောက်သွားပါတယ်။ ကုန်ကုန်ပြောရရင် ကျွန်မတို့ ကြံရာမရဖြစ်နေပါတယ်။ မျှော်လင့်ချက်ကင်းမဲ့နေပါတယ်}}ဟု ၎င်းကပြောကြားသည်။

နောက်ထပ် ဆိုးရွာစွာ ထိခိုက်ခဲ့သော ရူဘာဗူခရိုင်တွင် တက်လာသောရေများက နေအိမ်များကို ပြိုကျသွားစေသည်ဟု အသက်ရှင်ကျန်ရစ်သူများက  ပြောကြားသည်။

“ကျွန်တော့် သားသမီးတွေ ဘယ်နေရာ ရောက်နေလဲဆိုပြီး ကျွန်တော်လိုက်ခေါ်တယ်၊ လိုက်မေးတယ်၊ လိုက်ရှာပါတယ်”ဟု အန်ရှီမီယီမာနာအဂျီဒီက အေအက်ဖ်ပီကိုပြောသည်။

၎င်းနှင့် ဇနီးသည်တို့မှာ သစ်ပင်များထဲ တွင် ခိုလှုံစရာ ရှာနိုင်ခဲ့သော်လည်း ကံမကောင်းစွာပင်၎င်းတို့၏ သားသမီးအားလုံး သေနေကြပြီဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ကယ်ဆယ်ခံထားရသူများတဲများတွင် ခိုလှုံလျက်ရှိသော အဆိုးဆုံးထိခိုက်ရာဒေသများသို့ အစိုးရက အရေးပေါ်ပစ္စည်းများကို ကုန်တင်ကားများဖြင့် အမြန်ပို့ဆောင်လျက် ရှိသည်။

“သေဆုံးသူ စုစုပေါင်းဟာ အခုဆို ၁၃၀ ရှိနေပါတယ်။ အိိုးအိမ်မဲ့သူ အရေအတွက်ကို မသိရသေးပါဘူး။ ရေတွက်နေဆဲဖြစ်ပါတယ်။  အိမ် ၅.၁၀၀ ကျော် ပျက်စီးသွားပါတယ်”ဟု  အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

Most Read

Most Recent