မကြာမီက ကလေးမွေးဖွားခဲ့သည့် ထိုင်းဝန်ကြီးချုပ်လောင်း ပါအယ်ထုံထန်ရှင်နာဝပ် မဲဆွယ်စည်းရုံးမှုများကို ပြန်လည်စတင်မည်

မကြာမီက ကလေးမွေးဖွားခဲ့သည့် ထိုင်းဝန်ကြီးချုပ်လောင်း ပါအယ်ထုံထန်ရှင်နာဝပ် မဲဆွယ်စည်းရုံးမှုများကို ပြန်လည်စတင်မည်
မေ ၃ ရက်က ဘန်ကောက်မြို့ရှိ Praram 9 ဆေးရုံတွင် မီဒီယာများနှင့်တွေ့ဆုံနေသည့် ဖြူထိုင်းပါတီကိုယ်စားလှယ်လောင်း ပါအယ်ထုံထန်ရှင်နာဝပ်ကို တွေ့ရစဉ် (Photo – AFP)
မေ ၃ ရက်က ဘန်ကောက်မြို့ရှိ Praram 9 ဆေးရုံတွင် မီဒီယာများနှင့်တွေ့ဆုံနေသည့် ဖြူထိုင်းပါတီကိုယ်စားလှယ်လောင်း ပါအယ်ထုံထန်ရှင်နာဝပ်ကို တွေ့ရစဉ် (Photo – AFP)
Published 4 May 2023
Ref: Reuters

ပြီးခဲ့သည့်ရက်ပိုင်းက မီးဖွားခဲ့ပြီးနောက် လာမည့်သီတင်းပတ်ထဲတွင် မဲဆွယ်စည်းရုံးမှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရမည်ဟု ယုံကြည်ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ရေပန်းအစားဆုံး ဝန်ကြီးချုပ်လောင်းတစ်ဦးဖြစ်သည့် ပါအယ်ထုံထန် ရှင်နာဝပ်က မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲအကြို လူထုသဘောထား စစ်တမ်းများတွင် ထိပ်ဆုံးမှပြေးနေသည့် အသက် ၃၆ နှစ်အရွယ် ပါအယ်ထုံထန်သည် ၎င်း၏ဒုတိယမြောက် ရင်သွေးဖြစ်သူ ပါရူသာဆင်ကို မိတ်ဆက်ပေးရန် တစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့မှောက်သို့ထွက် ပေါ်လာခဲ့သည်။ ၎င်းသည် မေ ၁ ရက်က ရင်သွေးငယ်လေးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

ပါအယ်ထုံထန်၏ ဖြူထိုင်းပါတီသည် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လူထုစစ်တမ်းများတွင် ဦးဆောင်လျက်ရှိပြီး ဖြူထိုင်း ပါတီသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့ကာ ၎င်းတို့အနက်မှ နှစ်ကြိမ်သည် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံဟာ ပြောင်းလဲဖို့လိုအပ်နေပါပြီ။ အဲဒီအတွက် တစ်ခုတည်းသော အဖြေက ဖြူထိုင်းပါတီပါပဲ” ဟု ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့သည်။ ၎င်း၏ရင်သွေးငယ်လေးနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက်တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ထပ်ပြီးမစောင့်နိုင်တော့ပါဘူး။ ဖြူထိုင်းပါတီသာ သောင်ပြိုကမ်းပြို အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ အပြောင်းအလဲတွေကို ချက်ချင်းလုပ်ဆောင်နိုင်ပါတယ်” ဟု ပါအယ်ထုံထန်ကဆိုသည်။

အကဲခတ်အများစုကမူ ဖြူထိုင်းပါတီအနေဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရန် လွယ်ကူမည်မဟုတ်ဟု ခန့်မှန်းထားပြီး ၎င်းတို့အနေဖြင့် မဟာမိတ်ဖွဲ့ရန် လိုအပ်လိမ့်မည်ဟု သုံးသပ်ထားသည်။ ၎င်း၏အဒေါ်ဖြစ်သူ ယင် လတ်ရှင်နာဝပ်၏အစိုးရ ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံရပြီးနောက်ပိုင်း ပထမဆုံးကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင်မူ ဖြူထိုင်းပါတီအနေဖြင့် အပြတ်အသတ် အနိုင်မရခဲ့ပေ။

နောက်ထပ် အတိုက်အခံပါတီတစ်ခုဖြစ်သည့် Move Foeward သည် ဖြူထိုင်းပါတီ၏ ဖြစ်နိုင်ဖွယ်အရှိဆုံး မိတ်ဖက်ပါတီဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရပြီး ၎င်းပါတီသည် လတ်တလော လူထုစစ်တမ်းများတွင် လူကြိုက်များမှု မြင့်တက်လျက်ရှိသည်။

National Institute of Development Adminstration က နိုင်ငံတစ်ဝန်းရှိ ပြည်သူ ၂,၅၀၀ ကို သဘောထားစစ်တမ်း ကောက်ယူခဲ့သည့် ရလဒ်များကို မေ ၃ ရက်က ထုတ်ပြန်ခဲ့ရာတွင် Move Forward ပါတီ၏ သြဇာကြီးမားသော ခေါင်းဆောင်ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ပီတလိုင်ဂျာရွန်ရတ်က ပထမဆုံးအကြိမ်အဖြစ် ဖြူထိုင်းပါတီမှ ပါအယ်ထုံထန်ထက် ရှေ့ရောက်နေခဲ့ပြီး ထောက်ခံမှုရာ ခိုင်နှုန်း ၃၅ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကာပါ အယ်ထုံထန်က ၂၉ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

Move Forward ပါတီနှင့် မဟာမိတ်ဖွဲ့ ရေးနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ပါအယ်ထုံထန်က ဖြူထိုင်းပါတီအနေဖြင့် မိမိတို့၏ မူဝါဒများကိုထောက်ခံသည့် ပါတီများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြိုင်ဘက်ပါတီများကိုမူ ၎င်းကပယ်ချခဲ့သည်။ ၎င်း၏ဖခင် ဘီလျံနာတစ်ဦး ဖြစ်သည့် အသက် ၇၃ နှစ်အရွယ် သက်ဆင်သည် ခေတ်သစ်ထိုင်းနိုင်ငံ၏ သြဇာအကြီးဆုံးနှင့် အငြင်းပွားမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ထိုင်းနိုင်ငံ၏ အလုပ်သမား လူတန်းစားနှင့် ကျေးလက်နေပြည်သူများ၏ ချစ်ခင်မှုကို ရရှိထားဆဲဖြစ်သည်။ 

Most Read

Most Recent