အက်သလက်တီကိုအသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်း (၃၂ နှစ်)သည် ဧပြီ (၁၆) ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် အယ်မယ်ရီယာနှင့်ပွဲစဉ်တွင် အသင်းအတွက်သွင်းဂိုး (၂)ဂိုးစလုံးကို သွင်းယူခဲ့ပြီး ဂန္ထဝင်နောက်ခံလူဟောင်း ဂိုဒင်၏ ခေါင်းတိုက်သွင်းဂိုးစံချိန်မှတ်တမ်းတစ်ခုကို လိုက်မီခဲ့ကြောင်း သိရသည်။
ဂရီးဇ်မန်းသည် အယ်မယ်ရီယာနှင့်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းအတွက်အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက် အက်သလက်တီကိုကစားသမားဘဝ ပြိုင်ပွဲစုံခေါင်းတိုက်သွင်းဂိုးအရေအတွက် (၂၁)ဂိုး ပြည့်မြောက်ခဲ့သည်။
ထို့ကြောင့် ဂရီးဇ်မန်းအနေဖြင့် အက်သလက်တီကိုအသင်းအား ဆီမြွန်နီကိုင်တွယ်သည့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အသင်းအတွက်ပြိုင်ပွဲစုံခေါင်းတိုက်သွင်းဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထားသည့် ဥရုဂွေးဝါရင့်နောက်ခံလူ ဂိုဒင် (၂၁ ဂိုး)၏ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဂရီးဇ်မန်းသည် ယခုရာသီတွင် လာလီဂါဂိုးပါဝင်ပတ်သက်မှု (၁၉)ဂိုး (၁၁ ဂိုုးသွင်း၊ ၈ ဂိုးဖန်တီး)အထိရှိလာခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး (၂၃ ဂိုး၊ ၁၇ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး)၏နောက် ဒုတိယအများဆုံးအရေအတွက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အက်သလက်တီကိိုအသင်းအတွက် ဂိုးများပြန်လည်သွင်းယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဂရီးဇ်မန်းက ''သွင်းဂိုးတွေဟာ ကျွန်တော့်အတွက် ကျေနပ်စရာကောင်းသလို၊ အသင်းရဲ့ နိုင်ပွဲတွေအတွက်လည်း ဝမ်းသာရပါတယ်။ ဒါဟာပြီးဆုံးခြင်းမဟုတ်သေးဘဲအောင်မြင်မှုတွေအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမှာပါ'' ဟု အယ်မယ်ရီယာအသင်းနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။















