တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ကင်ဆောင်ဟန် တာဝန်မှနုတ်ထွက်မှု BLACKPINK အဖွဲ့ကို အမေရိကန်က ဖိတ်ကြားထားမှုနှင့်ပတ်သက်နေဟု ထင်ကြေးပေးပြောဆိုနေကြ

တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ကင်ဆောင်ဟန် တာဝန်မှနုတ်ထွက်မှု BLACKPINK အဖွဲ့ကို အမေရိကန်က ဖိတ်ကြားထားမှုနှင့်ပတ်သက်နေဟု ထင်ကြေးပေးပြောဆိုနေကြ
Photo - KBIZoom
Photo - KBIZoom
Published 30 March 2023

သံတမန်နှစ်ဦး ဖယ်ရှားခံရပြီးနောက် တောင်ကိုရီးယား၏ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ ကင်ဆောင်ဟန်ပါ ရုတ်တရက် နုတ်ထွက်သွားပြီး သမ္မတယွန်းဆော့ယို၏ အမေရိကန်ခရီးစဉ်မတိုင်မီ တစ်လအတွင်း တောင်ကိုရီးယားအစိုးရအဖွဲ့အတွင်း ဘာကြောင့် လူပြောင်းလဲခန့်အပ်မှုများဖြစ်လာသည်ကို အများစုက စိတ်ဝင်စားနေကြသည်။

အများစုခန့်မှန်းပြောနေကြသည့်အကြောင်းရင်းက ကင်ဆောင်ဟန်သည် သမ္မတယွန်း၏ ၀ါရှင်တန်ခရီးစဉ်အတွင်း နိုင်ငံတော် ညစာစားပွဲအခမ်းအနားတွင် ကေပေါ့အဖွဲ့ BLACKPINK လာရောက်ဖျော်ဖြေပေးရန် အမေရိကန်ဘက်က ဖိတ်ကြားထားသည့်ကိစ္စကို လျစ်လျူရှုခဲ့ခြင်းကြောင့် ဖြစ်သည်။

ကင်ဆောင်ဟန်က အမေရိကန်ကဖိတ်ကြားကမ်းလှမ်းထားသည်ကို သမ္မတထံအချိန်မီ ပြန်လည်တင်ပြခဲ့ခြင်းမရှိသည့်အတွက်၊ ဧပြီ ၂၆ ရက် နိုင်ငံတော်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်စရာရှိသည်များကို နှောင့်နှေးစေခဲ့သည်ဟု သတင်းများကဖော်ပြကြသည်။

ညစာစားပွဲအခမ်းအနားတွင် လေဒီဂါဂါနှင့်အတူ BLACKPINK အဖွဲ့ပါဝင်ဖျော်ဖြေပေးရန် အမေရိကန်သမ္မတကတော်က တောင်ကိုရီးယားထံ ဖိတ်ကြားထားသည်။

ယွန်းဆော့ယို၏ အမေရိကန်ခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးမှ နာမည်ကျော်အဆိုတော်များ၊ အနုပညာရှင်များ တက်ရောက်နိုင်ရန် နှစ်နိုင်ငံအာဏာပိုင်များက ယဉ်ကျေးမှုဖလှယ်ပွဲအနေဖြင့် စီစဉ်နေကြခြင်းဖြစ်သည်။

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်သို့ရောက်လာမည့် သမ္မတယွန်းနှင့် သမ္မတဇနီး  ကင်ဂွန်ဟီးတို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ဇနီးတို့က နိုင်ငံတော်ညစာစားပွဲအခမ်းအနားစီစဉ်ကာ ယင်းအခမ်းအနားသို့ နိုင်ငံရေး၊စီးပွားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့မှ ထင်ပေါ်ကျော်ကြားသူ ကိုရီးယားနိုင်ငံသားများနှင့် အမေရိကန်နိုင်ငံသား ၃၀၀ ခန့်တက်ရောက်ကြမည်။

အမေရိကန်-ကိုရီးယားမဟာမိတ်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ်ပြုလုပ်မည့် ညစာစားပွဲလည်းဖြစ်ပြီး အခမ်းအနားသို့ တက်မည့်သူများကို ရွေးချယ်မှုက အိမ်ရှင်နိုင်ငံဖြစ်သည့် အမေရိကန်၏တာဝန်ဖြစ်သည်။ တောင်ကိုရီးယားဇာတ်လမ်းတွဲ Parasite နှင့် Minari မှ သရုပ်ဆောင်များ၊ ကမ္ဘာကျော်ဇာတ်လမ်းတွဲ Squid Game မှသရုပ်ဆောင်များ ဧည့်သည် စာရင်းတွင်ပါနေသည်ဟု သတင်းထွက်နေသည်။ BLACKPINK နှင့် လေဒီဂါဂါတို့ ပူးတွဲဖန်တီးမှုအဖြစ် “Sour Candy”သီချင်း  ၂၀၂၀ ခုနှစ်၊ မေတွင်ထွက်ထားပြီး ဂါဂါ၏ Chromatica တေးအယ်လ်ဘမ်တွင်ပါခဲ့သည်။

 

Most Read

Most Recent