မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြောကြား

မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 27 March 2023

မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကိုထုတ်လုပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဌ မစ္စတာရန်ဂျင်းဒန်က ပြောကြားသည်။

မတ် ၂၁ ရက်က ပေကျင်းမြို့ရှိ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(National Energy Administration-NEA)ရုံးချုပ်၌ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ NEA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်နှင့် အဖွဲ့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NEA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန် (Mr.Ren Jing Dong)က မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို သိရှိပါသဖြင့် ကိုယ်ချင်းစာကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများကိုလည်း အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းစီမံကိန်းသည် နောင်တွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုအပ်ပါက ရောင်းချနိုင်ရန်ဖြစ်ပြီး ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ဝယ်ယူရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရန်အတွက် ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲထားသော်လည်း နှစ်အလိုက်ထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသောကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်လျက်ရှိကြောင်း၊ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းနိုင်ရန် အရင်းအမြစ်မျိုးစုံဖြစ်သော ရေအား၊ လေအား၊ နေရောင်ခြည်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်လျက်ရှိကြောင်း၊ သို့ရာတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းလာသဖြင့် ရေအား၊ နေရောင်ခြည်နှင့် လေအားအပြင် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကိုလည်း လိုအပ်သည်များ ကူညီဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ရေအားလျှပ်စစ်တွင် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများအပြင် အသေးစားရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လေအားအနေဖြင့်လည်း အရင်းအမြစ်နေရာများစွာရှိသဖြင့် ထပ်မံတိုးချဲ့ထုတ်လုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခုကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၂၀ ရက်ကလည်း ယူနန်ပြည်နယ်အစိုးရ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ တရုတ်ပြည်ကွန်မြူနစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဝမ်ယူဘို ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင်လည်း လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

ရေအား၊ နေရောင်ခြည်၊ လေအားနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အရင်းအမြစ်များရှိ၍ ထပ်မံရင်းနှီးမြှုပ်နှံသူများ လာရောက်နိုင်ရန် ဖိတ်ခေါ်လိုကြောင်း၊ ရေအားတွင် အသေးစားရေအားလျှပ်စစ်မှစ၍ အကြီးစားရေအားလျှပ်စစ်များထုတ်လုပ်ရန် ဆွေးနွေးလျက်ရှိသည်များကိုလည်း ဆက်လက်အားပေးစေလိုကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းလုပ်ငန်းများကိုလည်း ၂၀၂၄ ခုနှစ်တွင် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ကူညီပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent