အလွန်ကြီးမားသည့် အောင်မြင်မှုများရရှိနေသည့်အတွက် ရှီက ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ထရန့်ပြောကြား

အလွန်ကြီးမားသည့် အောင်မြင်မှုများရရှိနေသည့်အတွက် ရှီက ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ထရန့်ပြောကြား
Published 15 May 2026

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ အလွန်ကြီးမားသည့် အောင်မြင်မှုများစွာအတွက် တရုတ်သမ္မတရှီကျင်းပင်က ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် ရှီက အမေရိကန်ပြည်ထောင်စုအား ဆုတ်ယုတ်ကျဆင်းနေသော နိုင်ငံတစ်ခုဖြစ်နိုင်ကြောင်း အလွန်သိမ်မွေ့စွာ ရည်ညွှန်းပြောဆိုခဲ့ခြင်းမှာ ယခင်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်ဟု ထရန့်က အခိုင်အမာ ပြောကြားခဲ့သည်။

ထရန့်အနေဖြင့် ရှီက တံခါးပိတ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့်အရာတစ်ခုကို ရည်ညွှန်းနေခြင်းလော သို့မဟုတ် ပေကျင်းထိပ်သီးအစည်းအဝေးအတွင်း ရှီက Thucydides Trap အကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းကို ရည်ညွှန်းနေခြင်းလော ဆိုသည်မှာမူ ရှင်းလင်းစွာ မသိရသေးပေ။

Thucydides Trap ဆိုသည်မှာ ကြီးစိုးလွှမ်းမိုးထားသောအင်အားက ကြီးထွားလာသောအင်အားကို ခြိမ်းခြောက်မှုအဖြစ်ရှုမြင်ပြီး မလွှဲမရှောင်သာ စစ်ဖြစ်ရသည့် အခြေအနေသို့ ရောက်ရှိနိုင်သည့် တင်းမာမှုအခြေအနေဖြစ်သည်။

ရှီသည် ထရန့်၏ ခရီးစဉ် ပထမနေ့တွင် အရေးပါလှသော ၎င်းတို့၏ တွေ့ဆုံပွဲကို စတင်ရာ၌ အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်မှုရှိခြင်းသည် နှစ်နိုင်ငံစလုံးအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

ရှီသည် ဆုတ်ယုတ်ကျဆင်းနေသော နိုင်ငံ ဟူသည့် စကားရပ်ကို အသုံးမပြုခဲ့သော်လည်း ထိပ်သီးအင်အားကြီး နှစ်နိုင်ငံစလုံးအနေဖြင့် Thucydides Trap ထဲသို့ ကျရောက်သွားခြင်းမှ ရှောင်လွှဲနိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်သည် ဆုတ်ယုတ်ကျဆင်းနေသည်ဟူသော ရှီ၏ သုံးသပ်ချက်မှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး၊ ကျားမတန်းတူညီမျှမှု၊ နိုင်ငံတကာ ကုန်သွယ်ရေးဆက်ဆံရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဘိုင်ဒင်အစိုးရ၏ မူဝါဒများကြောင့်နိုင်ငံမှာ အတိုင်းအဆမရှိ ခံစားခဲ့ရသည် ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

"သမ္မတရှီက အမေရိကန်ပြည်ထောင်စုကို ဆုတ်ယုတ်ကျဆင်းနေတဲ့ နိုင်ငံတစ်ခု ဖြစ်နိုင်ကြောင်း အလွန်သိမ်မွေ့စွာ ရည်ညွှန်းပြောဆိုခဲ့ချိန်မှာ သူဟာ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဂျိုးဘိုင်ဒင် နဲ့ ဘိုင်ဒင်အစိုးရအဖွဲ့ရဲ့ လေးနှစ်တာသက်တမ်းအတွင်း ကျွန်တော်တို့ ခံစားခဲ့ရတဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ အဲဒီအချက်မှာတော့ သူဟာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်ပါတယ်" ဟု ထရန့်က ရေးသားခဲ့သည်။

"ကျွန်တော်တို့နိုင်ငံဟာ အကာအကွယ်မဲ့ တံခါးဖွင့်ပေးထားတဲ့ နယ်စပ်တွေ၊ မြင့်မားတဲ့ အခွန်အခတွေ၊ လူတိုင်းအတွက် လိင်ပြောင်းလဲခြင်းကိစ္စတွေ၊ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ အမျိုးသားတွေ ဝင်ရောက်ယှဉ်ပြိုင်တာတွေ၊ DEI (မတူကွဲပြားမှု၊ မျှတမှုနှင့် အားလုံးပါဝင်နိုင်မှု မူဝါဒ) တွေ၊ ဆိုးရွားလှတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေနဲ့ တခြားအရာများစွာကြောင့် အတိုင်းအဆမရှိ ခံစားခဲ့ရပါတယ်"ဟု ထရန့်က ၎င်း၏ပို့စ်တွင်ရေးသားခဲ့သည်။

ထရန့်က အီရန်၊ တရုတ်(တိုင်ပေ)နှင့် အခြားကိစ္စရပ်များတွင် ကြီးမားသော သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ကမ္ဘာ့အကြီးဆုံး ထိပ်သီးအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ကောင်းမွန်နေပြီး ပိုမိုတိုးတက်ကောင်းမွန်လာနေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

Ref:NDTV

Most Read

Most Recent