တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး

တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး
Published 14 March 2023

တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းတွင် မတ် ၁၂ ရက်ညပိုင်းက အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရသဖြင့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ည ၁၁ လောက်က သတင်းရလို့ သွားတာပါ။ ရိုက်လုခံရတာလား ကားတိုက်ခံရတာလား သေချာမသိရ‌သေးပါဘူး။ အငှားယာဉ်နဲ့ လာပစ်တာလား။ လုခံရတာလား သေချာမသိသေးပါဘူး။ ပထမဆုံးမြင်တာက စည်ပင်ကလူတွေ မြင်တာပါ” ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူအမျိုးသားမှာ အလုပ်အတူလုပ်သူတစ်ဦးနှင့်အတူ အငှားယာဉ်ငှားကာ ပြန်လာခဲ့ကြောင်း သိရသည်။

“အလုပ်ကအပြန် သေဆုံးသူက သူ့သူငယ်ချင်းနဲ့ ကားငှားပြန်လာတာ။ သူတို့ကို တက္ကစီက ရန်ကင်းကလေးဆေးရုံရှေ့မှာ ချထားခဲ့တယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်က ရန်ကင်းပန်းခြံနားမှာ လမ်းခွဲပြီး သေဆုံးသူက အနောက်မြင်းပြိုင်ကွင်းလမ်းကို လမ်းလျှောက်လာတာလို့ သိရပါတယ်။ မျက်ခုံးမှာ ပေါက်ပြဲဒဏ်ရာ၊ လက်ပွန်းပဲ့ဒဏ်ရာ နားကသွေးထွက်ပါတယ်” ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူအမျိုးသားအား စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent