ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများအတွင်း ပလတ်စတစ်ညစ်ညမ်းမှုသည် မကြုံစဖူးအခြေအနေအထိ မြင့်တက်ခဲ့သည်ဟု လေ့လာချက်တစ်ရပ်တွင် ဖော်ပြခဲ့ပြီး အန္တရာယ်ရှိစေသည့် ယင်းညစ်ညမ်းမှုကို ရပ်တန့်ရန် တရားဥပဒေဖြင့် ချည်နှောင်ထားသည့် နိုင်ငံတကာစာချုပ်တစ်ခု ချုပ်ဆိုရန် တိုက်တွန်းခဲ့သည်။
သမုဒ္ဒရာများအတွင်း ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းတွင် မကြာခဏပေါ်ပေါက်သည့် ပြဿနာတစ်ခုဖြစ်ပြီး တိရစ္ဆာန်များသည် ငါးဖမ်းပိုက်များကဲ့သို့ ကြီးမားသည့် ပလတ်စတစ်အစိတ်အပိုင်းများနှင့် ငြိနေမှု သို့မဟုတ် ပလတ်စတစ်အစိတ်အပိုင်းများကို စားသုံးခဲ့သည့် ယင်းတိရစ္ဆာန်များကို လူသားများက စားသုံးရာမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း အသေးစားပလတ်စတစ်အမှုန်အမွှားများဝင်ရောက်မှုကဲ့သို့ ပြဿနာများနှင့် ကြုံတွေ့လာရသည်။
မတ်လ ၈ ရက်က ထုတ်ပြန်ခဲ့သည့် သုတေသနတစ်ခုတွင် ကမ္ဘာ့သမုဒ္ဒရာများထဲတွင် ၂၀၀၅ ခုနှစ်မှစပြီး ယနေ့အချိန်အထိ ပလတ်စတစ် အပိုင်းအစပေါင်း ၁၇၀ ထရီလျံရှိပြီး အများစုသည် microplastic ဟု ခေါ်သည့် သေးငယ်သည့် ပလတ်စတစ် အပိုင်းအစ၊ အမှုန်အမွှားများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ ပလတ်စတစ် ညစ်ညမ်းမှုက မကြုံစဖူးအခြေအနေအထိ မြင့်တက်ခဲ့ပါတယ်”ဟု PLOS One ဂျာနယ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် ယင်းလေ့လာချက်တွင် ဖော်ပြခဲ့သည်။
ယင်းပမာဏသည် ယခင်ခန့်မှန်းထားသည့် ပမာဏထက် ပိုမိုမြင့်တက်ခဲ့ပြီး လေ့လာမှုများအရ ယခုအခြေအနေကို လျစ်လျူရှုခဲ့မည်ဆိုပါက လာမည့် ဆယ်စုနှစ်များအတွင်း သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်များဝင်ရောက်မှုနှုန်း အဆအနည်းငယ် မြင့်တက်လာနိုင်သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်များဝင်ရောက်နိုင်သည့် အကြောင်းအရင်းများသည် များပြားသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ Ref: AFP














