တောင်ကိုရီးယားတွင် သက်ကြီးရွယ်အိုများကို အခမဲ့မြေအောက်ရထားစီးနင်းခွင့်ပေးမှုသည် နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်လာ

တောင်ကိုရီးယားတွင် သက်ကြီးရွယ်အိုများကို အခမဲ့မြေအောက်ရထားစီးနင်းခွင့်ပေးမှုသည် နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်လာ
Photo - AFP
Photo - AFP
Published 12 March 2023
Ref: Reuters

နေ့စဉ်နေ့တိုင်း အသက် ၇၁ နှစ်အရွယ် ပက်ခ်ဂျောင်ဆန်းအမည် ရှိအမျိုးသားသည် ဆိုးလ်မြို့တော် တစ်ဝိုက်တွင် ပန်းစည်းများ၊စာရွက် စာတမ်းများနှင့် အခြားအထုတ်များကို လိုက်လံပို့ဆောင်ပေးနေပြီး ယင်းအလုပ်သည် ဆိုးလ်၏မြေအောက်ရထားကို အခမဲ့စီးနင်းခွင့်ရရှိသည့် သက်ကြီးနိုင်ငံသားများအကြား ရေပန်းစားနေသည့် အလုပ်တစ်ခုဖြစ်သည်။

စျေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦးဖြစ်သည့်ပက်ခ်အတွက် တောင်ကိုရီးယားတွင် “silver delivery”ဟုခေါ်တွင်သည့် ယင်းအလုပ်မှ တစ်လလျှင် ဝမ် ၇၀၀,၀၀၀(ဒေါ်လာ ၇၃၀)အထိရရှိသည်။

“ဒါက ပျော်ဖို့ကောင်းပြီး ကျွန်တော့်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင်တော့ မြေအောက်ရထားစီးနင်းခွင့်သာ အခမဲ့မရဘူးဆိုရင် ကျွန်တော်ဒီအလုပ် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် အမြတ်သိပ်ကျန်မှာမဟုတ်လို့ပါ”ဟု ပက်ခ်က ရိုက်တာသတင်းကို ပြောကြားခဲ့သည်။

နှစ်ပေါင်းလေးဆယ်အတွင်း အသက် ၆၅ နှစ်အထက်အရွယ်များသည် နိုင်ငံတစ်ဝန်းတွင် အခမဲ့စီးနင်းခွင့်ရရှိခဲ့ပြီး သက်ကြီးရွယ်အိုများကို တက်တက်ကြွကြွရှိစေခြင်းဖြင့် ချီးကျူးခံခဲ့ရသည်။

သို့သော် တောင်ကိုရီးယား၏ လူဦးရေသည် အလျင်အမြန် အသက်အရွယ်ကြီးသူမြင့်တက်လာသည့်အပြင် မြေအောက်ရထားလည်ပတ်ဆောင်ရွက်မှုကုန်ကျစရိတ် မြင့်တက်လာသောကြောင့် ယင်းသည်  နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။

 သို့သော် မြေအောက်ရထားများ လည်ပတ်နေသော မြို့ကြီးအချို့တွင်ကုန်ကျစရိတ်အချို့ကိုနိုင်ငံတော်အစိုးရက ပေးဆောင်ခြင်းမရှိပါက မြေအောက်ရထားအခမဲ့စီးနင်းခွင့်ရှိသည့် အသက်အရွယ်ကို တိုးမြှင့်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း အခြေအနေများကို ရင်ဆိုင်နိုင်သည့် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရသည်။

ဘဏ္ဍာရေးဝန်ကြီးက ယင်းအခြေအနေကို အခိုင်အမာကန့်ကွက်ထားသည်။

ယင်းအငြင်းပွားမှုသည်သက်ကြီးရွယ်အိုများ၏ သက်သာချောင်ချိရေးစရိတ် မြင့်တက်လာသည့် အာရှ၏လေးခုမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားအတွက် ကျယ်ပြန့်သောစိန်ခေါ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ပင်စင်ယူသည့်အရွယ်ကို အသက် ၆၀ မှ တိုးမြှင့်ရန်နှင့် ရေရှည်တည်တံ့သော အမျိုးသားပင်စင်အစီအစဉ်ကို မည်ကဲ့သို့သေချာစေရေး ငြင်းခုံမှုများဖြစ်ပေါ်နေစဉ်အတွင်း ယင်းမြေအောက်ရထားဖြစ်စဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင်ယင်းသည်သမ္မတယွန်း ဆက်ယိုကို အကျပ်ရိုက်စေခဲ့သည်။ သူသည် ပြီးခဲ့သည့်မေလတွင်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ချိန်၌ ဘဏ္ဍာရေးဆိုင်ရာစုစည်းမှုကို ကတိ ပြုခဲ့သည့်အပြင် သက်ကြီးရွယ်အို မဲဆန္ဒရှင်များကို အဓိကပံ့ပိုးကူညီမှု အခြေခံအဖြစ်လည်း ထည့်သွင်း သတ်မှတ်ခဲ့သည်။

စားသုံးသူများသည် ၂၄နှစ် ကြာ မြင့်မားသောငွေကြေးဖောင်းပွမှု၊ ဝန်ဆောင်မှုလုပ်ငန်းများ စျေးနှုန်းမြင့်တက်မှု စသည်တို့ဖြင့် မပျော်မရွှင်ဖြစ်နေကြသည်။

သက်ကြီးရွယ်အိုများအတွက် မြေအောက်ရထားအကျိုးခံစားခွင့်များကို လျှော့ချမှုတစ်စုံတစ်ရာသည် ၂၀၂၄ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ၎င်းတို့၏အခွင့်အရေးများကို အထောက်အကူဖြစ်စေမည်မဟုတဟု အာဏာရပြည်သူ့စွမ်းအားပါတီ အဖွဲ့ဝင်အချို့ကသတိပေးခဲ့သည်။

အခမဲ့စီးနင်းခွင့်ပြဿနာသည် အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာခဲ့သည်။ တောင်ကိုရီးယားလူဦးရေ ၅၁ သန်း၏ ၁၈ ရာခိုင်နှုန်းကျော်သည် အသက် ၆၅ နှစ်သို့မဟုတ် ၆၅ နှစ်အထက်ဖြစ်သည်။ ယင်းအချိုးအစားသည် ၂၀၃၅ ခုနှစ်တွင် ၃၀ ရာ ခိုင်နှုန်းဖြစ်လာပြီး ၂၀၅၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းအထိမြင့်တက်လာလိမ့်မည်ဟု နိုင်ငံ၏စာရင်းအင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

ဆိုးလ်မြို့ဧရိယာတွင်လူ ၃ဒသ မ ၇ သန်းသည် အသက် ၆၅ နှစ်နှင့် အထက်များဖြစ်ပြီး ၂၀၂၂ ခုနှစ်က လူ ၂၃၃ သန်းကျော်သည် အခမဲ့စီးနင်းခွင့်ရရှိကြသည်။ ယင်းကုန်ကျစရိတ်သည် ဝမ် ၃၁၅ ဘီလျံရှိပြီး ၎င်းကြွေးမြီ၏ ၃၀ ရာခိုင်နှုန်းရှိသည်။

ယင်းပြဿနာကိုဖြေရှင်းရန်အတွက် ဆိုးလ်တွင် ဒီဇင်ဘာလကုန်ပိုင်း၌ ၂၀၁၅ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် မြေအောက်ရထား စီးနင်းခကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သည့်အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ကြေညာခဲ့သော်လည်း သက်ကြီးရွယ်အိုများအတွက် အခမဲ့စီးနင်းခွင့်ကိုမူ ဆက်လက်ထားရှိသွားမည် ဖြစ်သည်။

“နိုင်ငံတော်က ထောက်ပံ့မှုအချို့ပေးမယ်ဆိုရင်တော့ စီစဉ်ထားတဲ့ စီးနင်းခံတိုးမြှင့်တာကို အနည်းဆုံးအထိ သတ်မှတ်နိုင်မှာဖြစ်ပါတယ်” ဟု ဆိုးလ်မြို့တော်ဝန်အိုးဆီဟွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ မြို့ကြီးတစ်မြို့ဖြစ်သည့် ဒယ်ဂူးမြို့ကမူ ၎င်းတို့သည် မြေအောက်ရထား အခမဲ့စီးနင်းခွင့်အသက်အရွယ်ကို ၇၀ အထိ တိုးမြှင့်ရန် စဉ်းစားသုံးသပ်သွားမည်ဟု ပြောကြားခဲ့ပြီး ဒယ်ဂျီယွန်မြို့ကလည်း အလားတူမူဝါဒကို စဉ်းစားသုံးသပ်သွားမည်ဟုဆိုသည်။

လူမှုဖူလုံရေးဝန်ကြီးဌာနက ဒေသဆိုင်ရာအစိုးရများသည် သင့်လျော်သော အနည်းဆုံးအသက်အရွယ်ကို ပြောင်းလဲနိုင်ခွင့် ရှိ၊ မရှိ သုံးသပ်သွားမည်ဟု ယွန်း၏ရုံးကပြောကြားခဲ့သည်။

Most Read

Most Recent