အိတ်စပို့ သို့မဟုတ် ဒိုင်း (Export or Die)

အိတ်စပို့ သို့မဟုတ် ဒိုင်း (Export or Die)
Published 26 February 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

 နိုင်ငံတစ်နိုင်ငံ စီးပွားရေးတွင် ကုန်သွယ်ရေး၏ အရေးပါပုံကို ဖော်ပြထားသည့် Export Or Die ဟု ခေါင်းစဉ်တပ်ထားသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ နိုင်ငံတစ်နိုင်ငံသည် ပို့ကုန်တင်ပို့မှုများ မပြုလုပ်နိုင်ပါက ဒုက္ခအကြီးအကျယ်တွေ့မည့်အကြောင်းရေးသားထားခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် “ပို့ကုန်တင်ပို့ပါ။ ဒါမှမဟုတ် သေသာသေလိုက်ပါ” ဟူ၍ ညွှန်းထားခြင်းဖြစ်သည်။   

  

နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်မှုများ ပိုမိုပြုလုပ်၍ ထုတ်ကုန်များကို နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်အောင်ကြိုးစားရန်လိုအပ်သည်။ ထိုသို့ မကြိုးစားနိုင်ခဲ့ပါက နိုင်ငံ၏စီးပွားရေးအတွက် အခက်အခဲများရှိလာမည်။ ရေရှည်၌ နိုင်ငံတကာဝန်းကျင်တွင် ရပ်တည်နိုင်စွမ်းရှိတော့မည်မဟုတ်ဟု သဘောပေါက်ရသည်။ “ပို့ကုန်တင်ပို့ခြင်း” နှင့် “သေဆုံးခြင်း” အခြေအနေနှစ်ရပ်တွင် ပထမအခြေအနေကို လုပ်နိုင်ရန်လိုသည်။ မလုပ်နိုင်ပါက ဒုတိယအခြေအနေနှင့် လုံးဝကြုံ တွေ့ရမည့်သဘောဖြစ်သည်။ ထုတ်လုပ်နိုင်စွမ်းမရှိ၊ ပိုကုန်တင်ပို့နိုင်စွမ်းမရှိ၊ နိုင်ငံခြားဝင်ငွေမရရှိ၍ နိုင်ငံ့စီးပွားရေးလှုပ်ရှားစွမ်းဆောင်နိုင်မှုမရှိဖြစ်သွားမည်။ ထိုအခြေအနေကို “သေဆုံးသွားသည့် အခြေအနေ” နှင့် နှိုင်းယှဉ်ပြောဆိုထားခြင်းဖြစ်သည်။ 

(၂)

ပို့ကုန်ဟုပြောလိုက်သည်နှင့် နိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်အလွန်တွင်ရှိသော နိုင်ငံတကာဈေးကွက်များကိုပြေးမြင်မိလိမ့်မည်။ ဘောဂဗေဒဘာသာရပ်   အားဖြင့် နိုင်ငံတကာကုန်သွယ်ရေး သို့မဟုတ် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး (International Trade) ဟု ခေါ်သည်။ တစ်နည်းဆိုသော် နိုင်ငံတကာ ဈေးကွက်ထဲတွင် ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနှင့် ကုန်သွယ်မှုပြုနိုင်မှ မိမိနိုင်ငံထွက်ကုန်များကို ရောင်းချနိုင်မည်။ နိုင်ငံခြားဝင်ငွေ ရလာနိုင်မည်။ ထိုဝင်ငွေဖြင့် မိမိနိုင်ငံကလိုအပ်သော ကုန်ပစ္စည်းများကိုလည်း ဝယ်ယူတင်သွင်းနိုင်မည်။ တစ်ကမ္ဘာလုံး အဆက်အစပ်အားကောင်းနေပြီဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ထဲတွင် နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ရေး၊ နိုင်ငံတကာကုန်သွယ်ရေးနယ်ပယ်တွင် ကျွမ်းကျင်စွာ ဆက်စပ်ပတ်သက်လုပ်ဆောင်နိုင်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် လွန်စွာအရေးကြီးသည့်ကိစ္စဖြစ်လာနေသည်။ 

(၃)

 စဉ်းစားစရာများစွာရှိသည်။ နိုင်ငံတကာကုန်သွယ်ရေးတွင်ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု အပိုင်းနှစ်ပိုင်းရှိနေသော်လည်း ပို့ကုန်တင်ပို့နိုင်မှုသည့် အဓိကကျသော ကဏ္ဍဖြစ်သည်။ ပို့ကုန်တင်ပို့နိုင်ရန်အတွက် နိုင်ငံတွင် အားကောင်းသောထုတ်လုပ်မှုကဏ္ဍရှိနေရမည်။ နိုင်ငံအများစုတွင် ဈေးကွက်စီးပွားရေးစနစ်ပိုမိုကျင့်သုံးလာနေသော ယနေ့အချိန်ကာလ၌ နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ အားကောင်းလာစေရန် အစိုးရတစ်ဖွဲ့တည်းနှင့် အလုပ်မဖြစ်။ ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထို့ကြောင့် အစိုးရအနေဖြင့် ငါတကောကော လုပ်ဆောင်ပါက အောင်မြင်မှုမရနိုင်ဘဲ နိုင်ငံအတွင်းရှိ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များကို စီးပွားရေးမိတ်ဖက်အဖြစ် သဘောထားလုပ်ဆောင်မှသာ ဖြစ်နိုင်ပေမည်။

အစိုးရအနေဖြင့် မူဝါဒပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုအပါအဝင် အခြားသော ပံ့ပိုးထောက်ကူမှုများအတွက် အရေးကြီးသောအခန်းကဏ္ဍတွင်ရှိနေသကဲ့သို့    ပုဂ္ဂလိကကဏ္ဍရှိလုပ်ငန်းရှင်များသည်လည်း ထုတ်လုပ်မှုဆိုင်ရာအရည်အသွေး၊ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း၊ စဉ်ဆက်မပြတ် တီထွင်မှုစွမ်းရည်၊  နိုင်ငံတကာဈေးကွက်အခြေအနေ လေ့လာနိုင်စွမ်းနှင့် သုတေသနပိုင်းဆိုင်ရာတို့တွင်အရေးပါသည့် ပလေယာများဖြစ်နေသည်။  ပြည်တွင်း၌ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုတို့ရှိနေရမည်။ နိုင်ငံတကာနယ်ပယ်၌လည်း အစိုးရသည် အခြားသောနိုင်ငံများနှင့် သဟဇာဖြစ်စွာ ဆက်ဆံနိုင်စွမ်းရှိနေရမည်။   

(၄)

ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းသည်  နိုင်ငံအဆင့်ဈေးရောင်းခြင်းကို ဦးစားပေးလုပ်ဆောင်ခြင်းဖြစ်သည်။ ထို့သို့ရောင်းချရာတွင် မိမိတို့နိုင်ငံ၏ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေသော၊ အနာဂတ်မျိုးဆက်များ၏ အကျိုးစီးပွားကို မထိခိုက်နိုင်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ရောင်းချခြင်းသာဖြစ်သင့်သည်။ သဘာဝသယံဇာများ တူးဖော်ထုတ်လုပ်ရောင်းချခြင်း၊ ကုန်ကြမ်းပစ္စည်းများသာ ရောင်းချခြင်းတို့သည်  အနာဂတ်မျိုးဆက်များ၏ အကျိုးစီးပွားကိုထိခိုက်စေသော၊ နိုင်ငံ၏ရေရှည်အကျိုးစီးပွားကို မဖော်ဆောင်နိုင်သော ပို့ကုန်ပစ္စည်းများသာဖြစ်သည်။

ယနေ့အချိန်အခါသည် ကိုဗစ်ကပ်ရောဂါအလွန်သက်ရောက်မှုများနှင့်အတူ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းနေသည့်အချိန်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံး စီးပွားရေးကျဆင်းမှုဝဲဂယက်ထဲ ပါမသွားစေရေးအတွက် အစွမ်းကုန်အားထုတ်နေကြရသည်။ နိုင်ငံ့စီးပွားရေး ပြန်လည်နာလန်ထနိုင်ရေးအတွက်  နိုင်ငံတကာထက် ပြည်တွင်းအခြေအနေကို ပိုမိုအာရုံစိုက်လုပ်ဆောင်နေကြရသည်။ သို့သော် နိုင်ငံများအကြား ကူးလူးဆက်သွယ်မှုမှာ ယခင်ကာလများကဲ့သို

့မဟုတ်ပေ။ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာအပါအဝင် အဆင့်မြင့်တီထွင်မှုများကြောင့် တစ်ကမ္ဘာလုံးရှိနိုင်ငံများအကြား အပြန်အလှန်ကူးသန်းသွားလာ၊ရောင်းဝယ်ဖောက်ကားမှု ပိုမိုများပြားလျက်ရှိနေသဖြင့် နိုင်ငံတစ်နိုင်ငံချင်း၏ စီးပွားရေးအရ ရပ်တည်မှုကို လေ့လာကြည့်ပါက နိုင်ငံတကာစီးပွားရေးဝန်းကျင်၊ နို်င်ငံတကာ ကုန်သွယ်ရေးနှင့် ကင်းလွတ်၍မရသည့် အခြေအနေတွင်ရှိသည်။ ထို့ကြောင့်နိုင်ငံများသည် ပြည်တွင်းစီးပွားရေးအခြေအနေကို အာရုံစိုက်နေရသည့်တိုင်နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများနှင့် အဆက်ပြတ်၍မရသည့် အခြေအနေမျိုးဖြစ်နေသည်။  

    (၅)

  ပြည်တွင်းကုန်ထုတ်လုပ်မှုတွင်လည်း နည်းပညာ၊ သွင်းအားစုကုန်ကြမ်း၊ စက်ကိရိယာစသဖြင့် လိုအပ်သော အရာများစွာအတွက် သွင်းကုန်ပေါ်တွင်သာမှီခိုအားထားနေရသည်။ သွင်းကုန်ဝယ်ယူနိုင်ရေးအတွက် ပို့ကုန်ဒေါ်လာငွေအပေါ် များစွာမှီခိုနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြည်တွင်းဖူလုံရေး၊ ပြည်တွင်းစီးပွားရေးသာ အာရုံထား၍မရပေ။ (နိုင်ငံတကာဈေးကွက်များထဲ၌ ပို့ကုန်ဝယ်လိုအားကျဆင်း၍ ကုန်သွယ်ရေးအခြေအနေ ဆိုးရွားနေသည့်တိုင်) တည်ရှိနေပြီးသား ဈေးကွက်ဝေစုများ၊ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများနှင့် အဆက်အစပ်မပြတ်ရှိနေရန်လိုအပ်သည်။   

 ပြည်တွင်းစားသုံးမှုကို အလေးထား၍ ထုတ်လုပ်ကဏ္ဍကို လုပ်ဆောင်နေချိန်နှင့်တစ်ပြိုင်နက် ပို့ကုန်ကဏ္ဍအတွက်လည်း ဆက်လက်အားထုတ်နေရန်လိုသည်။ ချမ်းသာကြွယ်ဝသည့် ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် ပြည်တွင်းစားသုံးမှုအတွက်သာမက ပို့ကုန်ဈေးကွက်ဝေစု တိုးချဲ့နိုင်ရေးအတွက်ပါ ထုတ်လုပ်မှုများမြှင့်တင်ရန် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်ကို သတင်းများတွင် ဖတ်ရှုနေရသည်။ လက်ရှိကမ္ဘာ့နိုင်ငံများအားလုံးသည်    မမျှော်မှန်းနိုင်သော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်နေကြရပြီး တစ်နိုင်ငံချင်း ပြည်တွင်းအခြေအနေများသည်လည်း ကိုယ်အထွာနှင့်ကိုယ် အခက်အခဲများနှင့် ရုန်းကန်နေကြရပေသည်။ ထို့ကြောင့် စီးပွားရေးအဆောက်အအုံအတွင်း တည်ငြိမ်နေသောအခြေအနေတစ်ရပ်ကို ထိန်းသိမ်းထားနိုင်ရေးမှာ အရေးတကြီးလိုအပ် လာသည်။   

    (၆)

 ကမ္ဘာ့ရေးရာအခြေအနေများ မည်သို့ပင်ရှိနေစေကာမူ “အိတ်စပို့ သို့မဟုတ် ဒိုင်း” ဟူသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးအတွက် ကုန်သွယ်ရေးကဏ္ဍကို ဆက်လက်အလေးထားရန် လိုအပ်နေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြထားနေဆဲပင်။    

 လွန်ခဲ့သော ၁၆ ရာစု၊ ၁၇ ရာစုများကတည်းက မာကန်တဲလစ်ဇင် (Mercantilism) ဟုခေါ်သည့် ကုန်သည်ဝါဒဖြင့် နိုင်ငံချမ်းသာကြွယ်ရေး အတွက် လုပ်ဆောင်ခဲ့ကြဖူး၏။ ကမ္ဘာ့စီးပွားရေးသမိုင်းတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးမှုအယူအဆများ၊ နည်းလမ်းများတွင် ကုန်သွယ်ရေးသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်စပ်ပတ်သက်မှုရှိခဲ့၏။ စုဆောင်းမှု၏အခန်းကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုများ၏ အခန်းကဏ္ဍတို့ကို အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ 

ကို လုပ်ဆောင်ရာတွင်လည်း ကုန်သွယ်ရေးကဏ္ဍကို ထည့်သွင်းစဉ်းစားခဲ့ကြသည်။ 

ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလများ၌ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ သွင်းကုန်အစားထိုး ပေါ်လစီများဖြင့် စက်မှုနိုင်ငံတည်ဆောက်ရေးတွင် အခက်အခဲများကြုံတွေ့ခဲ့ပြီးနောက်ပိုင်းတွင်လည်း ပို့ကုန်ဦးစားပေးပေါ်လစီကို ပြန်လည်အာရုံစိုက်လာခဲ့ကြသည်။ ၁၉၆၀၊ ၁၉၇၀ ခုနှစ်ကာလများက အရှေ့တောင်အာရှနို်င်ငံများ၏အတွေ့အကြုံများတွင်လည်း အပြင်ကြည့်ပေါ်လစီ (Outward Looking Policy) ခေါ် ပို့ကုန်ဦးစားပေးပေါ်လစီသည် အထူးရေပန်းစားလာသည်ကိုတွေ့ခဲ့ရ၏။ 

    (၇)

မြန်မာ့နိုင်ငံရေးဘောဂကို လေ့လာရာတွင် ပို့ကုန်အလေးထားပေါ်လစီသည် မြန်မာ့စီးပွားရေးအဆောက်အအုံနှင့် မစိမ်းသည်ကိုတွေ့ရလိမ့်မည်။ မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုကို ခြေရာကောက်သည့်အခါလည်း ပို့ကုန်ကဏ္ဍကို ဦးစားပေးပေါ်လစီများ၊ မဟာဗျူဟာများအကြောင်း ရောက်လာတိုင်း ကမ္ဘာသိမြန်မာ့ စီးပွားရေးပညာရှင် ဆရာကြီး ဒေါက်တာလှမြင့်၊ ဒေါက်တာရော်နယ်ဖင်လေးတို့ကို သတိတရရှိကြလိမ့်မည်။ ဆရာကြီးတို့၏ ရေးသားမှုများ၊ ဟောပြောမှုများကို ဖတ်ရှုရတိုင်း၊ နားထောင်ရ တိုင်း ဂုဏ်ယူစိတ်ဖြစ်ရသကဲ့သို့ မြန်မာ့စီးပွားရေးအဆောက်အအုံအတွက် စိတ်မကောင်းဖြစ်ကြရ၏။ မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်ရေးအတွက် နှမြောတသ ခံစားကြရလိမ့်မည်။ ဆရာကြီးတို့၏ အိုင်ဒီယာအယူအဆများကို ကမ္ဘာကအသိအမှတ်ပြု၏။ နိုင်ငံများကလည်း လက်တွေ့ကျကျ ကျင့်သုံးခဲ့ကြ၏။ မြန်မာနိုင်ငံကမူ လိုက်နာကျင့်သုံးနိုင်ခြင်းမရှိခဲ့ပေ။ ၁၉၆၀ ပြည့်နှစ်များက ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် မြန်မာနိုင်ငံ၏အနောက်ခပ်လှမ်းလှမ်းတွင်ရှိခဲ့ကြသော မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းကဲ့သို့ အရှေ့တောင်အာရှနိုင်ငံအချို့သည် မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်ကြီးများ၏ အတွေးအခေါ်၊ အယူအဆတို့ကို လက်တွေ့ ကျင့်သုံး၍ ၎င်းတို့နိုင်ငံ စီးပွားရေးအတွက် အားထုတ်ခဲ့ကြကြောင်း သုတေသီတို့က သုံးသပ်ခဲ့ကြသည်။။     

    (၈)

အတိတ်ကာလ အခြေအနေကောင်းများကို ပြန်ပြောင်းသတိရသကဲ့သို့၊ အတိတ်ကာလ မြန်မာ့စီးပွားရေးပညာရှင်ကြီးများ၊ နိုင်ငံတကာမှစီးပွားရေးပညာရှင်များ၏ “ကုန်သွယ်ရေးကို အလေးထားရန် လိုအပ်ကြောင်း အကြံပြုချက်များကို လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုအပ်ဆဲ ဖြစ်သည်ကိုလည်း ညွှန်းဆိုချင်ပေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့အနေဖြင့် ပြည်တွင်းစားသုံးမှုကို ဦးတည်၍ ထုတ်လုပ်မှုကဏ္ဍကို အာရုံစိုက်ရင်း နိုင်ငံတကာတင်ပို့ကုန်မည့် ကုန်စည်အရည် 

အသွေးမျိုး၊ နိုင်ငံတကာဈေးကွက်ပေါက်ဈေးနှင့် ကွာဟမှုမရှိသည့်ဈေးနှုန်း အဆင့်မျိုးဖြင့် ထုတ်လုပ်နိုင်ရေးကို အားထုတ်လုပ်ဆောင်နေဖို့ လိုပေသည်။    

    (၉)

ဒေသဆိုင်ရာလွတ်လပ်သော ကုန်သွယ်ရေးအုပ်စုများ ပေါ်ထွန်းလာနေသကဲ့သို့ တစ်ဖက်တွင်လည်း ကုန်သွယ်ရေးသဘောထား မတိုက်ဆိုင်မှုများမှစခဲ့သည့် ပဋိပက္ခများ၊ ကုန်သွယ်ရေးစစ်ပွဲအလားအလားများ ရှိလာနေသည့်တိုင် ကုန်သွယ်မှုအခန်းကဏ္ဍသည် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ယခင်ကာလများကထက်ပို၍ အခန်းကဏ္ဍ ကြီးမားလာနေကြောင်းကို သရုပ်ဖော်နေပေသည်။      

မည်သည့်အခြေအနေမျိုးပင်ဖြစ်ပါစေ ကုန်သွယ်ရေးအစီအစဉ်အမျိုးမျိုးအောက်၌ နိုင်ငံများသည် ကိုယ်ကျိုးစီးပွားများအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အားထုတ်နေကြသည်။ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်နေကြလိမ့်မည်။ ပို့ကုန်ပမာဏအားကောင်းရေး၊ ဈေးကွက်ဝေစုတိုးချဲ့နိုင်ရေး မပြတ်အားထုတ်နေကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စီးပွားရေးအကျပ်အတည်း၊ အခက်အခဲများ အစီအရီရှိနေသည့် ယနေ့ကာလ၌ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးသည် အိတ်စပို့ သို့မဟုတ် ဒိုင်း အခြေအနေမျိုးကို ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။