နှစ်နှစ်အတွင်း နှစ်ဆကျော်မြင့်တက်လာသည့် ဆန်စျေးနှင့် ပြည်သူများ၏ အကျပ်အတည်း

နှစ်နှစ်အတွင်း နှစ်ဆကျော်မြင့်တက်လာသည့် ဆန်စျေးနှင့် ပြည်သူများ၏ အကျပ်အတည်း
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ရောင်းချနေသော ဆန်အမျိုးအစားများနှင့် ဆန်စျေးနှုန်းများကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ရောင်းချနေသော ဆန်အမျိုးအစားများနှင့် ဆန်စျေးနှုန်းများကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
Published 19 February 2023

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး ကမ္ဘာတစ်လွှားကို ဒုက္ခရောက်စေခဲ့သည့် တစ်နှစ်အကြာ၌ ကမ္ဘာ့စီးပွားရေးသည် အကျိုးဆက်များကို ကြံ့ကြံ့ခံနေဆဲဖြစ်သည်။

ကမ္ဘာကြီးတွင် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မရေရာမှုများ ပိုများလာနေသည်ကို ရင်ဆိုင်နေရခြင်းနှင့်အတူ ဆန်စပါးသီးနှံများ၊ ဓာတ်မြေသြဇာများနှင့် စွမ်းအင်များထောက်ပံ့မှု အကျပ်ရိုက်လျက်ရှိသည်။

စားနပ်ရိက္ခာစျေးနှုန်း လွန်စွာ ကြီးမြင့်လာခြင်းသည် အထူးသဖြင့် ဆင်းရဲသားများကို အကျပ်ရိုက်စေသည်။

လွန်ခဲ့သည့်နှစ်က စားသုံးကုန်စျေးနှုန်းများသည် အချမ်းသာဆုံးနိုင်ငံများတွင် ရဒသမ ၃ ရာခိုင်နှုန်း (၂၀၂၂ ခုနှစ် ဇန်နဝါရီခန့်မှန်းချက် ၏ ၃ ဒသမ ၉ ရာခိုင်နှုန်း)နှင့် ပို၍ ဆင်းရဲသော နိုင်ငံများတွင် ၉ ဒသမ ၉ ရာခိုင်နှုန်း (စစ်မဖြစ်မီက ‌ခန့်မှန်း ထားချက်၏ ၅ ဒသမ ၉ ရာခိုင်နှုန်း) ခုန်တက်သွားခဲ့သည်ဟု IMF က ပြောကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းထုတ်ကုန် ဆန်များ ယခင်နှစ်ကထက် ဆန်ချောများ နှစ်ဆခန့်နှင့် ဆန်ကြမ်းများ သုံးဆကျော် စျေးမြင့်တက်လာခဲ့သည်။

နှစ်နှစ်အတွင်း နှစ်ဆမြင့်တက်ခဲ့သည့် ပြည်တွင်းဆန်စျေး                 

တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ ပြည်တွင်းစျေးကွက် အတွင်း ၂၀၂၁ ခုနှစ်က တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ သာရှိသည့် ရွှေဘို ပေါ်ဆန်းဆန်သည် လက်ရှိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ကျပ် ၈၇၀၀၀ အထိ စျေးမြင့်တက်လာသည်။

ဧည့်မထတစ်အိတ်လျှင် ၂၀၂၁ ခုနှစ်က  ကျပ် ၂၀၀၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိအချိန်တွင် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ အထိ စျေးရှိနေသည်။

လက်လီစျေးကွက်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖြစ်ပေါ်နေသည့် စျေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်ပြည်လျှင် ကျပ် ၄၆၀၀၊ ရွှေဘိုပေါ်ဆန်း(သစ်) တစ် ပြည်လျှင် ကျပ် ၄၀၀၀ ဖြစ်သည်။ ဖျာပုံပေါ်ဆန်း (ဟောင်း)တစ်ပြည် ကျပ် ၄၀၀၀၊ အသစ်တစ်ပြည်လျှင် ကျပ် ၃၈ဝဝရှိနေသည်။

“အခု ကျွန်မတို့ရောင်းနေတဲ့ ဆန်တွေကို ရွှေဘိုပေါ်ဆန်းအဟောင်းကို ၁၁၀၄၀၀ နဲ့ ဝယ်ပြီးရောင်းတာ။ တစ်ပြည်ကို ၄၆၀၀ နဲ့ အခုရောင်းနေတယ်။ နောက်လာမယ့်ဆန်က ၁၁၂၀၀၀ ဖြစ်သွားပြီ။ အသစ်ကတော့ အရင်က ၉၆၀၀၀၊ အခုနောက်လာမယ့်အသစ်က ၁၀၀၅၀၀ ဖြစ်သွားပြီ။ အဲဒါတွေက မှာထားတုန်း၊ ဆန်စက်မှာပဲ ရှိသေးတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဆန်ဆိုင်ဖွင့်လှစ်ရောင်းချနေသူကဆိုသည်။

ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်စျေးနှုန်းများမှာ ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်တွင်  ကျပ် ၄၀၀၀၊ စက်တင်ဘာ ၃ ရက်တွင် ကျပ် ၄၂၀၀၊ ယင်းစျေးနှုန်းမှ တရိပ်ရိပ်ထပ်မံမြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းတွင် တစ်ပြည်လျှင် ကျပ် ၄၅၀၀ အထိ မြင့်တက်ခဲ့သည်။ 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ဆန်လုပ်ငန်းရှင်တစ်ဦးက “ခုလ ဆန်းပိုင်းလောက်ကစပြီး စျေးတက်လာတယ်။ ဆန်တစ်အိတ်ကို ၈၀၀၀ ကနေ တစ်သောင်းလောက်တက် သွားတယ်။ အရင်နှစ်တွေနဲ့ယှဉ်ရင် ဆန်စျေးက သိသိသာသာ တက်ပါတယ်။ အောက်ပိုင်းက ဇီယာဆိုရင် တစ်အိတ်ကို ၅၈၀၀၀။ မနောသုခ ဆိုရင် တစ်အိတ်  ၆ဝဝဝဝကို နည်းနည်းကျော်ချင်သေးတယ်။ ဆန်ချော ထိပ်စတွေဆိုရင် ခုနစ်သောင်းကျော် ရှစ်သောင်းလောက်ရှိတယ်။ လက်ရှိ စျေးက ကုန်သည်လည်း မဝယ်ရဲဘူး၊ ရှိတဲ့ဆန်လည်း ဘယ်စျေး ရောင်းမလဲဆိုတာ စဉ်းစားရကျပ်တယ်။ ကိုယ်ရောင်းတဲ့စျေးနဲ့ ပြန်ဝယ်ရဖို့ဆိုတာ မသေချာဘူး။ ပြီးခဲ့တဲ့လက တစ်အိတ်ခြောက်သောင်းနဲ့ ရောင်းတဲ့ဆန်က ခုပြန်ဝယ်တော့ ခြောက်သောင်းခွဲလောက် ဖြစ်နေတယ်။ ဆန်အဟောင်းစျေးနဲ့ အသစ်စျေးက အတူတူဖြစ်နေတယ်။ စားသုံးသူကလည်း လက်ရှိစျေးတန်းမှာ အတော်ညည်းနေကြပြီ။ ဒီထက် စျေးတက်လာရင် ဝယ်စားနိုင်ကြမှာ မဟုတ်ဘူး။ ဝင်ငွေတွေက အကုန်လျော့နေကြတာ”ဟု ပြောကြားသည်။

နယ်ပေါင်းစုံမှ ဆန်ဝင်ရောက်သည့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်သည်ဒိုင်သို့ လက်ရှိအချိန်တွင် ဆန်ဝင်ရောက်မှုမှာ ယခင်ကထက် ထက်ဝက်ခန့် လျော့ကျနေကြောင်းနှင့် ဝင်ရောက်လာသည့်ဆန်များကိုလည်း လက်သိပ်ထိုးရောင်းဝယ်မှုများ ရှိနေကြောင်း  ဘုရင့်နောင်ရှိ ဆန်ကုန်သည်များအသိုင်းအဝိုင်းမှ သိရသည်။

“ဆန်တစ်အိတ်ကို မနောသုခ၊ ဇီယာဆိုရင် ခြောက်သောင်းရှိတယ်။ စပါးတင်း ၁၀၀ ကြိတ်ရင် ဆန်၊ ဆန်ကွဲ အိတ်အလုံးရေ ၃၀ ထွက်တယ်။ ဆန်အကောင်းက ၂၄ လုံးထွက်တယ်ပေါ့ဗျာ။ စပါးအထွက်နှုန်းက မနှစ်က တစ်ဧကကို တင်း ၈၀ ကျော် ထွက်တာကနေ ဒီနှစ်မှာ ၃၀၊ ၄၀ ပဲ ထွက်တယ်။ အထွက်နှုန်းက ထက်ဝက်လျော့တယ်”ဟု သုံးခွ မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်မြို့ရှိ ၀ါးတန်း ဆန်ကုန်စည်ဒိုင်သို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များအမြောက်အမြား ဝင်ရောက်လေ့ရှိရာ ယခုနှစ်အတွင်း ရေလမ်းခရီးသယ်ယူပို့ဆောင်ရေးအခက်အခဲများ ဖြစ်ပေါ်နေခြင်း ၊ ရန်ကုန်သို့ ဆန်တင်ပို့ရာတွင် အချိန်အကန့်အသတ်ဖြင့် သွားလာရခြင်း စသည့်အခက်အခဲများကြောင့် ဆန်ဝင်ရောက်မှုမှာ ထက်ဝက်ခန့် လျော့ကျလာကြောင်း ၀ါးတန်း ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“အခြားဒေသတွေမှာ ဆန်စျေး စျေးတက်နေတယ်ဆိုတာကတော့ ကုန်သည်ပွဲစားတွေက စျေးကစားတာတွေလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ဒေသက ရွှေဘိုပေါ်ဆန်းမွှေးလို့ခေါ်တဲ့ ဘေးကြားစပါးဆိုရင် တောင်သူတွေ ရဲ့ လက်ထဲမှာက အတော်နည်းနေပြီလေ။ နယ်မြေဒေသမငြိမ်းချမ်းတာကြောင့် တောင်သူအများစုက ထုတ်ရောင်းထားကြတယ်။ နောက်တစ်ခုက မီးရှို့ခံရတာကြောင့် စပါးတွေ တင်းရေ ထောင်နဲ့ချီဆုံးရှုံးသွားရတဲ့ ရွာတွေရှိသလို နယ်မြေဒေသမအေးချမ်းလို့ စပါးမစိုက်နိုင်တဲ့ ဒေသတွေ ကလည်းရှိသေးတယ်။ စိုက်ဧကတွေကတော့ အနည်းနဲ့အများဆိုသလို လျော့သွားခဲ့တာတွေလည်းရှိတယ်။

ကျွန်တော်တို့တောင်သူတွေကတော့ အမြဲတမ်း ခံနေရတဲ့ဘက်က ဖြစ်နေတာပေါ့”ဟု ရွှေဘိုဒေသမှ တောင်သူတစ်ဦးက ပြောသည်။

နယ်မြေမတည်ငြိမ်သေးသဖြင့် တောင်သူများက စိုးရိမ်မှုများရှိကာ စပါးများကို စျေးမစောင့်နိုင်ဘဲ ပေါက်စျေးဖြင့် အမြန်ထုတ်ရောင်းမှုများရှိကြောင်း၊ အဆိုပါအခြေအနေများကြောင့် တောင်သူများ၏လက်တွင် စပါးမရှိတော့ဘဲ ကုန်သည်များ၏လက်ထဲတွင်သာ စပါးအများအပြားရှိကာ ကုန်သည်များ၏ စျေးကစားရန် အခွင့်အရေးရရှိနေခြင်းဖြစ်ကြောင်းလည်း တောင်သူများက ဆိုသည်။

“ကျွန်တော်တို့ နယ်ဘက်က နယ်မြေမတည်ငြိမ်သေးတော့ စပါးစိုက်ဧကတွေလျော့သွားတာရယ် ရိတ်သိမ်းပြီးစပါးတွေ မီးရှို့ဖျက်ဆီးသွားတာတွေလည်းရှိတော့ ရွှေဘိုပေါ်ဆန်း ဆန်စပါးစျေးက အတက်ဘက်မှာပဲ ဆက်ရှိနေမယ်လို့ထင်ပါတယ်။ နောက်တစ်ချက်ကလည်း စက်သုံးဆီစျေးတွေကလည်း တက်နေသလို အခြားကုန်စျေးနှုန်းတွေကလည်း တက်နေတော့ ဆန်စပါးစျေးက အရမ်းကြီးကျမယ့်အထဲတော့ မမြင်မိသေးဘူး”ဟု ရွှေဘိုခရိုင်အတွင်းမှ တောင်သူကြီးတစ်ဦးက ပြောသည်။

“စပါးစျေးကောင်းတဲ့အတွက် တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးမှုကို ပိုစိတ်ဝင်စားလာပြီး ပိုမိုကြိုးစား စိုက်ပျိုးထုတ်လုပ်လာတာကို တွေ့ရပါတယ်။ ဓာတ်မြေသြဇာ စျေးနှုန်းတွေကလည်း အနည်းငယ် ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာ ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ပေမဲ့ စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာတော့ Conflict တွေကြောင့် ထိခိုက်မှု၊ လျော့နည်းမှုတွေ ရှိပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းဆန်စျေးကွက်အတွင်းဆန်စျေး မတန်တဆမြင့်တက်နေမှုသည် ပြည်တွင်းဆန်အထွက် လျော့ကျနေခြင်း၊ နယ်မြေဒေသ လုံခြုံရေးအခြေအနေများကြောင့် စပါးစိုက်ပျိုးနိုင်မှုမရှိဘဲ စိုက်ဧကလျော့ကျခြင်းနှင့် ကုန်သည်အချို့၏ စျေးကစားမှုများကြောင့် ဆန်စျေးမြင့်တက်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

“မြန်မာတွေက ဆန်အဟောင်း စားကြပါတယ်။ စျေးကွက်ထဲမှာ ၂၀၂၂ မိုးစပါးက ဆန်အသစ်၊ စပါး အသစ်အပြင် ၂၀၂၁ လက်ကျန်ဆန် အဟောင်းတောင် တွေ့ရပါတယ်။ ဧပြီ၊ မေဆိုရင်နွေစပါးလည်း ပေါ်လာမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ နွေစပါးတစ်ဧကကို နှစ်သိန်းနှုန်းနဲ့ ဓာတ်မြေသြဇာတွေကို နွေစပါးစိုက်ဧက လေးသိန်း၊ ငါးသိန်းအထိ ထောက်ပံ့ပေးနေတာဖြစ်လို့ နွေစပါးအထွက် ပိုပြီးကောင်းနိုင်ပါတယ်။ အသင်းချုပ်အနေနဲ့ ပြည်တွင်းဆန်စျေးကွက်အခြေအနေကို မျက်ခြည်မပြတ်လေ့လာသုံးသပ်နေတာဖြစ်လို့ စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ သတင်းအမှားတွေကြောင့် စိုးရိမ်စိတ်တွေ ပေါ်ပေါက်အောင်လုပ်ပြီး စျေးကိုမြှင့်တင်တာတွေမဖြစ်အောင်၊ Panic Buying မဖြစ်အောင် သတင်းအမှန်တွေ ထုတ်ပြန်ပေးဖို့အရေးကြီးပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆန်စျေးတက်တာ စပါးအထွက်နှုန်း ထက်ဝက်ကျဆင်းခဲ့လို့ပဲလား

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါး စိုက်ဧက  ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်သည် ငါးနှစ်အတွင်း တန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံး ထွက်ရှိသည့်နှစ်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် စပါးစိုက်ဧကနှင့် စပါးအထွက်နှုန်းကို လေ့လာကြည့်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇,၇၂၂,၃၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆,၄၂၃,၃၁၉ (၂၆ သန်း ကျော်) ထွက်ရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၈၂၀၅၈၆  (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်း အနေဖြင့် စပါးတန်ချိန် ၂၆,၂၁၀,၃၁၉ (၂၆ သန်းကျော်) ထွက်ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇,၆၉၅,၅၂၅ (၁၇ သန်း ကျော်) စိုက်ပျိုးပြီး အထွက်နှုန်း အနေဖြင့် စပါးတန်ချိန် ၂၅,၆၇၂,၈၃၃ (၂၅ သန်းကျော်) ထွက်ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇,၉၃၀,၂၉၄ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်း စပါးတန်ချိန် ၂၅၆၂၄၄၉၂ (၂၅ သန်းကျော်) ထွက်ရှိပြီး ပြီးခဲ့သည့် လေးနှစ်အတွင်း စပါးအထွက်နှုန်း  အနည်းဆုံးနှစ်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၈၆၁၀၅၅ (၁၇ သန်း ကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၇,၅၇၃,၅၈၉ (၂၇ သန်းကျော်) ထွက်ရှိခဲ့သဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စပါးအထွက်နှုန်း အများဆုံးနှစ်ဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးသည်အဓိက စိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ၊ ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်း ခန့်  စိုက်ပျိုးနိုင်ခဲ့ပြီး၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်း ခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့သည်။

လက်ရှိိအချိန်တွင် ပြည်တွင်း ဆန်စပါးစျေးကွက်အတွင်း ဧည့်မထအုပ်စုဝင် စပါးများ၏ စျေးနှုန်းအနေဖြင့် စပါးစတင်ပေါ်ချိန်က တင်း ၁၀၀ လျှင် ကျပ်ကိုးသိန်း၊ ၁၀ သိန်း ဝန်းကျင်မှ ကျပ် ၁၀ သိန်း၊ ၁၂ သိန်း၊ ယင်းမှတစ်ဆင့် ကျပ် ၁၅ သိန်းခန့် အထိ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ထွက်ရှိသည့် စပါးများ မကြုံဖူး အောင် စျေးကောင်းရနေသော် လည်း စပါးအထွက်နှုန်းနည်းသည့်အတွက် အကျိုးအမြတ်မရ ဖြစ်နေကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ်ရှစ်သိန်းမှ ကိုးသိန်းဝန်းကျင်သာ စျေးရခဲ့သော်လည်း ယခုနှစ် မိုးစပါးစတင်ထွက်ရှိသည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းအထိ စျေးရရှိခဲ့ကြောင်း ဇင်းကျိုက်မြို့မှ စပါးစိုက် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

“အရင်နှစ်က ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ငွေ ၁၀ သိန်းကျပ် မပြည့်ဘူး။ ဒီနှစ်မှာ စပါးစပေါ်တဲ့ အချိန်ကစလို့ စပါးစျေးကောင်းရခဲ့တယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ဆန်းစပါးတင်း ၁၀၀ ကို ၁၉ သိန်းကျပ်အထိ စျေးရတယ်။ ဒီလိုစျေးနှုန်းမျိုးက မရဖူးဘူးလေ”ဟု ဇင်းကျိုက်မြို့မှ စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပေါ်ဆန်းရိုးရိုးတင်း ၁၀၀ လျှင် ကျပ် ၁၇ သိန်း၊ ကမာကြည်စပါးတင်း ၁၀၀ လျှင် ကျပ် ၁,၄၅၀,၀၀၀၊ ဂျပန်ရွှေဝါထွန်း စပါး တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းအထိ စျေးရနေကြောင်း သိရသည်။

“ဒီနှစ်က စပါးအထွက်နှုန်း က ခါတိုင်းနှစ်တွေထက်ကိုကျတယ်။ နောက်ဓာတ်မြေသြဇာစျေးနှုန်းတွေက သုံးလေးဆလောက် တက်သွားတယ်။ ဆိုတော့ စပါးစျေးကောင်းရပေမဲ့ အကျိုးအမြတ်ရလည်း နည်းနည်းပေါ့လေ။ တချို့ဆို စပါးထွက်ခါနီးမှ ပိုးကျလို့ ဆုံးရှုံးသွားသူတွေလည်းရှိတယ်။ တချို့လည်း အရင်းလောက် ပြန်ရကြတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူကြဘူးပေါ့နော်”ဟု ပေါင်မြို့နယ် ဖြူဘကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

ရွှေဘိုခရိုင်ဆန်စပါးစျေးကွက် အတွင်းမှ ရရှိသောသတင်းများအရ ရွှေဘိုပေါ်ဆန်းစပါးအသစ် စျေးနှုန်းများမှာ ဇန်နဝါရီ ၁၀ ရက်မှစတင်ကာ စပါးတင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းကျော် ပေါက်စျေးရှိနေရာမှ ဇန်နဝါရီ ၁၁ ရက်တွင် ကျပ် ၁၇ သိန်းကျော်၊ ဇန်နဝါရီ ၁၄ ရက်တွင် ကျပ် ၁၉ သိန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျပ်သိန်း ၂၀၊ ဇန်နဝါရီ ၁၈ ရက်တွင် ကျပ် ၂၂ သိန်းအထိ အမြင့်ဆုံးပေါက်စျေး ဖြစ်ပေါ်ကာ တရိပ်ရိပ် မြင့်တက်လျက်ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်းစပါးအဟောင်း (ယခင်နှစ်စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၇ သိန်း ပေါက်စျေးရှိနေကြောင်း သိရသည်။

“ဒီဘက်မှာက နယ်မြေဒေသ က မငြိမ်းချမ်းသေးဘူးလေ။ အဲဒီတော့ ရိတ်သိမ်းပြီးတဲ့ စပါးတွေကို တောင်သူတွေက အခြားနေရာမှာ ရွှေ့ပြောင်းထားရတာ၊ ပေါက်စျေးနဲ့ ရောင်းလိုက်ရတာတွေရှိတယ်။ လက်ရှိ ရွှေဘိုပေါ်ဆန်းမွှေးလို့ခေါ်တဲ့ ဘေးကြားစပါးစျေးက ကျပ်သိန်း ၂၀ နဲ့ ၂၁ သိန်း ပေါက်စျေးနဲ့ လာဝယ်နေကြတာတွေရှိတယ်။ တောင်သူတွေကတော့ မီးဘေးအန္တရာယ် ကြောက်ကြတော့ အတော်များများ ရောင်းဖို့ပြင်နေကြတယ်။ အခု လက်ရှိမှာက ရွှေဘိုပေါ်ဆန်းစပါးစျေးက ကျပ်သိန်း ၂၀ ကျော်နဲ့ တန့်နေတာ တစ်လနီးပါးရှိပြီ”ဟု ရွှေဘိုဒေသမှ တောင်သူတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခြုံငုံသုံးသပ်မည်ဆိုပါက ပြည်တွင်း စားသုံးမှုအတွက် ဆန်ဖူလုံမှုရှိကြောင်း၊ ဆန်စပါးအတွက် စိုးရိမ်ရန် မလိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု အခြေအနေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ) စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း၄၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများဆုံး တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ) စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများဆုံး တင်ပို့ထားပြီး အီတလီ၊ စပိန်၊ ခရိုအေးရှား၊ ဂရိ၊ ဂျာမနီ၊ နယ်သာလန်နှင့် ပြင်သစ်အပါအဝင် ဥရောပအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခဲ့သည်။

ယခင်နှစ်ကာလတူနှင့်နှိုင်း ယှဉ်ပါက ဆန်တင်ပို့မှုတွင် တရုတ်၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် တိုဂိုစသည့်နိုင်ငံများသို့ ပျမ်းမျှ ဆန်တန်ချိန် နှစ်သောင်းကျော် ပိုမိုတင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် သုံးသောင်းကျော်၊ COTED’IVOIRE နိုင်ငံမှ တန်ချိန် တစ်သိန်းကျော်နှင့် ကင်မရွန်းနိုင်ငံမှ တန်ချိန် ငါးသောင်းကျော် သိသိသာသာ တင်ပို့မှု လျော့နည်းခဲ့သည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက် အထိ (ယာယီ) စာရင်းများအရ ယခင်နှစ်က တင်ပို့မှုမရှိခဲ့သည့် အင်ဒိုနီးရှား၊ တူရကီ၊ ဂရိ၊ ယူကေ၊ မာဒါဂါစကာ၊ လက်ဘနွန်၊ ဆလို ဗက်ကီးယား၊ ပွာတိုရီကိုနှင့် အက်စ်တိုးနီးယား စသည့်နိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်တွင် တင်ပို့မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်း တင်ပို့ရန်  လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှရရှိသော သတင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီီလကုန်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့ထားသည်။

ကျန်ရှိနေသည့်နှစ်လဖြစ်သော ဖေဖော်ဝါရီနှင့် မတ်လအတွင်း တန်ချိန်သုံးသိန်းခန့်တင်ပို့ရန် စီစဉ်ထားကြောင်း၊ အဆိုပါလက် ကျန်နှစ်လအတွင်း ပင်လယ်ရေကြောင်းမှ တန်ချိန်နှစ်သိန်း၊ နယ်စပ်မှ တန်ချိန်တစ်သိန်းခန့် တင်ပို့ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ကုမ္ပဏီများ ညှိနှိုင်းစီစဉ်သွားမည်ဟု သိရသည်။

Exporter တွေက စျေးကွက်အပေါ် လိုသလိုထိန်းချုပ်နေသလား

ပြည်တွင်းစားသုံးသည့်ဆန်ချော၊ ဆန်ကြမ်းစျေး အဆမတန် မြင့်တက်နေခြင်းသည် စပါးအထွက်နှုန်း ကျဆင်းမှုအပြင် Exporter များ၏ စျေးဆွဲတင်ဆွဲချပြုလုပ်ကာ စျေးကစားမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

“အခုဆန်စျေးက မတန်တဆ စျေးတွေဖြစ်နေတယ်။ ဒါက Exporter တွေ ဆွဲတင်ဆွဲချ လုပ်တာရယ်၊ စပါးရှားပါးတာရယ်ကြောင့်ဖြစ်နေတာပါ။ စပါးအထွက်နှုန်းက မနှစ်က တစ်ဧကကို တင်း ၈၀ ကျော်ထွက်တာကနေ ဒီနှစ်မှာ ၃၀၊ ၄၀ ပဲထွက်တယ်။ အထွက်နှုန်းက ထက်ဝက်လျော့တယ်”ဟု သုံးခွ မြို့နယ်မှ စပါးရောင်းဝယ်ရေးလုပ် ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။

ဆန်စျေးတက်ရသည့် အဓိက အကြောင်းရင်းများတွင် Exporter သမားများနှင့် စျေးအပြိုင်လိုက် ဝယ်နေရခြင်းလည်း ပါဝင်ကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးကဆိုသည်။

Export ဆန်ကြမ်းစျေးကို ဆွဲတင်လိုက်သည့်အတွက် ကျန်သည့် ဆန်ချောစျေးလည်း မြင့်တက်လာကြောင်း၊ လက်ရှိအချိန်တွင် Export ဆန်စျေးနှင့် ပြည်တွင်းစားသုံးသည့် မနောသုခစျေးမှာ အတူတူဖြစ်နေကြောင်း၊ ယင်းကဲ့သို့ ဆန်စျေးတက်နေသဖြင့် ပြည်တွင်းဆန်သမားများက ဆန်သိပ်မဝယ်နိုင်ကြောင်းလည်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အခုနှစ်ပိုင်းမှာ ဆန်၊ စပါး လှောင်လက်တွေ များလာပါတယ်။ သာမန်အားဖြင့် ဝယ်ယူသိုလှောင်တာ၊ ပြန်ထုတ်ရောင်းတာကို သင့်တင့်မျှတတဲ့ အကျိုးအမြတ်နဲ့ ဆောင်ရွက်တာ ပြဿနာမရှိပေမဲ့ စျေးကစားလိုပြီး အမြတ်ကြီးမားအောင် ရေတိုအကျိုးကိုပဲကြည့် မယ်ဆိုရင် မဖြစ်သင့်တာ မဖြစ်အောင် ထိန်းညှိပေးဖို့ လိုလာပါတယ်”ဟု  မြန်မာ့ဆန်စျေးကွက်လေ့လာ စောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။

Exporter ကုမ္ပဏီများအပါအဝင် ဆန်ကုန်သည်များ၊ လှောင်လက်များအနေဖြင့် ဆန်စျေးကွက်အတွင်း စနစ်တကျ ဝယ်ယူစုဆောင်းနိုင်ရန်နှင့် စျေးကွက်တည်ငြိမ်မှုကို ထိခိုက်စေမည့်အလုအယက် ဝယ်ယူစုဆောင်းမှုများ မဖြစ်စေရန် လိုအပ်သည့် ပညာပေးမှု၊ စည်းရုံးမှု၊ စည်းကမ်းထိန်းသိမ်းမှုများကို စီစဉ်ရန် ဝန်ကြီးဌာနက တာဝန်ပေးထားသည့် စစ်ဆေးရေးအဖွဲ့ (MITS) ဖြင့် စိစစ်ရေး၊ ယင်းသို့ စစ်ဆေးရန်အတွက် အစိုးရ-ပုဂ္ဂလိ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ ဖော်ဆောင်ရန် ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“တချို့နေရာတွေမှာ နယ်မြေ မအေးချမ်းတော့ စပါးစိုက်သူတွေ စစ်ရှောင်နေရတော့ တောင်သူတွေက အရင်ကလို အချိန်ဆွဲမရောင်းနိုင်တော့ဘဲ ကုန်သည်တွေဆီ ချက်ချင်းရောင်းရတယ်။ အရင်ကတည်းက လယ်သမားလက်ထဲ စပါးတွေ ဆန်တွေပြတ်တာနဲ့ ကုန်သည်တွေက စျေးဆွဲတင်နေကျ။  တိုက်ပွဲတွေကြောင့် လယ်သမားက သူ့လက်ထဲ ဆန်စပါးမထားရဲ၊ နစက,က ပို့ကုန်မြှင့်ချင်၊ ကမ္ဘာမှာက စားနပ်ရိက္ခာလိုအပ်ချက်မြင့်နေတာနဲ့ အခြေအနေ အားလုံးသွားပြီး ဆုံနေတယ်။ အဲဒီအချိန်မှာ ဆန်စျေး မြင့်တက်တာကို ပြည်သူက မရှုမလှခံရတယ်။ စျေးဆွဲတင်ချင်နေတဲ့ Exporter တွေ၊ ဆန်လှောင်သူတွေက ဒီအခြေအနေအပေါ် စိတ်ကြိုက်ကစားနေတာ။ ဒါကို နစကက ထိန်းချုပ်နိုင်ဖို့လိုတယ်။ ဆန်စျေးအကျပ်အတည်းက ပြည်သူတွေကြားမှာ တင်းမာမှုတွေ မဖြစ်စေချင်ရင် ဒီဆန်စျေး အဆမတန်ဖြစ်နေတာကို နစက,က ထိန်းကိုထိန်းမှရမယ်”ဟု ဆန်စျေးကွက်စောင့်ကြည့်  လေ့လာနေသူတစ်ဦးက သုံးသပ်ပြောကြားသည်။