ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ပေးကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ပေးကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 6 February 2023

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်တွင်းမှထွက်ရှိသည့် စက်မှုကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှုများပြားသဖြင့် လျှော့ချသုံးစွဲရန်လိုကြောင်း၊ မော်တော်ယဉ်များအတွက် လိုအပ်သည့် တာယာများကို ပြည်တွင်း၌ လုံလောက်စွာရရှိအောင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ ရော်ဘာကိုအခြေခံသည့် တာယာထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလားတူ ၀ါးနှင့် သစ်တောထွက်ပစ္စည်းများကို အသုံးပြု၍ နိုင်ငံအတွက်လိုအပ်သည့် စက္ကူပျော့ဖက်များကို ထုတ်လုပ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသယံဇာတများကိုအသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပသွင်းကုန်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ခရိုင်၊ မြို့နယ်များအားလုံးတွင် စက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စက်မှုဇုန်များတည်ထောင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေးပါကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူနိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှိမှသာ ရောင်းဝယ်မှုဖြစ်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းအချို့နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိကြောင်း၊ ယခုအခါမိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများ ကိုဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာတွင် စျေးနှုန်းသက်သာသည့် မီးရထားဖြင့် သယ်ယူပို့ဆောင်စေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်း နစကဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent