KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူးခရိုင်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ ၃၈၀၀ ကျော် တိမ်းရှောင်နေရ

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူးခရိုင်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ ၃၈၀၀ ကျော် တိမ်းရှောင်နေရ
Published 24 January 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူးခရိုင်တပ်မဟာ (၁)၊ ဒူးသထူးခရိုင်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ ၃၈၀၀ ကျော် တိမ်းရှောင်နေရကြောင်း KNU (ဗဟို)က ထုတ်ပြန်သည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူးခရိုင်တပ်မဟာ (၁)တွင် တပ်မတော်နှင့် KNU အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေပြီး ဝင်းကံကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း KNU(ဗဟို)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘယ်ဖွဲ့ကပဲပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ပြောတယ် သူတို့အဲဒီလိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆိုသက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲ ကျန်ခဲ့တယ်” ဟု အမည်မဖော်လိုသူ ဝင်းကံရွာသားတစ်ဦးက ပြောကြားသည်။

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)အကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုအတွင်း ဝင်းကံကျေးနယ်၊ ဇီးပြောင်းကျေးနယ်၊ ပျဉ်းကတိုးကုန်းကျေးနယ်နှင့် ခရွဲကျေးနယ်များသို့ လက်နက်ကြီးကျည် အများဆုံး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယင်းကျေးနယ်များမှ ဒေသခံ ၃၈၀၀ ကျော်မှာ နေအိမ်များကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU(ဗဟို)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၃ ရက်အထိ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU (ဗဟို)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ၁၇ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံ ၂၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNU (ဗဟို)က ထုတ်ပြန်ထားသည်။

Most Read

Most Recent