ရေတာရှည်မြို့နယ် ကြာအင်းကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရေတာရှည်မြို့နယ် ကြာအင်းကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 16 January 2023

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကြာအင်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက်က ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခွဲတွင် ရေတာရှည်မြို့နယ် ကြာအင်းကုန်းကျေးရွာနေ ရာအိမ်မှူး ဦးထွန်းထွန်း (၅၃နှစ်)အား PDF လေးဦးက အဆိုပါကျေးရွာနေ ဦးမိုင်ခိုင်၏ နေအိမ်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးထွန်းထွန်းတွင် လည်ပင်း၊ နောက်ကျောနှင့် ဝဲပေါင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီတွင် ရေတာရှည်မြို့နယ်၊ ဆွာမြို့ ကျိပ်ပတီးကျေးရွာနေ ဦးနေမင်းထွန်း(ခ)ဦးထွန်းထွန်း(၄၀ နှစ်)သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းရှိနေစဉ် PDF လေးဦးက ခြံဝင်းအတွင်း ဝင်ရောက်လာ၍ သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပြီး ဦးနေမင်းထွန်း (ခ) ဦးထွန်းထွန်းတွင် လက်မောင်းနှင့်ကျောတို့၌ ကျည်ရှပ်ထိ ဒဏ်ရာနှစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

 ထို့အတူ ပဲခူးတိုင်း ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး(၅၄ နှစ်)သည် ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်လာခဲ့ရာ အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသူတစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်နိုင်ဦးတွင် ဝဲလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်၊ ဝဲလက်ဖျံကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်တို့ရရှိခဲ့သဖြင့် ကျီးသဲတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent