ငွေကြေးစျေးကွက် အတက်အကျ၊ အကျပ်အတည်းများနှင့် စီးပွားရေးကျဆင်းမှုဂယက်

ငွေကြေးစျေးကွက် အတက်အကျ၊ အကျပ်အတည်းများနှင့် စီးပွားရေးကျဆင်းမှုဂယက်
Published 1 January 2023

နိုင်ငံခြားငွေကြေးလဲလှယ်မှု နှုန်းကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်ခြင်းနှင့် နိုင်ငံခြားငွေများကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟု သတ်မှတ်ခဲ့ပြီးနောက် ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး မြင့်တက်လာခဲ့သည်။

ပြည်တွင်း၌ ကျပ်ငွေနှင့် ဒေါ်လာငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ခဲ့ကာ ယင်း၏နောက်ဆက်တွဲအဖြစ် ကုန်စည်စျေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ရုရှား-ယူကရိန်းစစ်ပွဲအကျိုးဆက်ကြောင့် လောင်စာဆီစျေးနှုန်းမြင့်တက်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်ခြင်းတို့ကြောင့် အစားအစာနှင့် အခြားကုန်စည်စျေးနှုန်းများ မြင့်တက်ခြင်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒေါ်လာငွေလဲနှုန်းဂယက်ကြောင့် စီးပွားရေး လုပ်ရကိုင်ရခက်ခဲမှုများကို ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးကဏ္ဍတွင် ထင်ရှားသော ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

ဒေါ်လာငွေလဲလှယ်နှုန်းနှင့်ပတ်သက်၍ ထုတ်ပြန်သည့် မူဝါဒအပြောင်းအလဲများက စီးပွားရေးလုပ်ငန်းများကို စိန်ခေါ်မှုများ ပိုမိုဖြစ်စေခဲ့သည်။

စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၂၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၂၁၀၀၀ ရည်ညွှန်းစျေး သတ်မှတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၃၇၀၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

စံချိန်တင်မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းအနေဖြင့်  ၂၀၂၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၄၀၀၀ ဝန်းကျင်အထိမြင့်တက်ချိန်တွင် တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ကြရန် ဗဟိုဘဏ်က သတိပေးခဲ့သည်။ နိုင်ငံခြားငွေစျေး ဆွဲတင်နေသူများ၊ နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်စည်းမျဉ်းများအရ အရေးယူမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဒေါ်လာစျေးနှင့် ရွှေစျေး စံချိန်တင်မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၉ ရက်တွင် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၂၆၈၈၀၀၀ ဝန်းကျင်ရှိကာ ဒေါ်လာစျေးအနေဖြင့် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၈၄၅ ကျပ်ဝန်းကျင်ရှိခဲ့သည်။

ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်း၊ သွင်းအားစု ကွင်းဆက်ပြတ်တောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းနှင့် ဒေါ်လာစျေးမြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေခဲ့သည်။

ယူကရိန်းတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲ၏အကျိုးသက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ယခင်ကတည်းက ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ယင်းပဋိပက္ခအရှိန် မြင့်လာမည်ဆိုပါက ကမ္ဘာ့စီးပွားရေးအတွက် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာစေလိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့သည်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုများရှိသည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်၏ စီးပွားရေးအခြေအနေများကို ခန့်မှန်းနိုင်စွမ်း မရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါပထမလှိုင်း၊ ဒုတိယလှိုင်းတွင် ကျန်းမာရေးဘေးအန္တရာယ်မှ ကံကောင်းစွာ သက်သာရာရခဲ့သော်လည်း တတိယလှိုင်းတွင် မြန်မာနိုင်ငံက အလူးအလဲ ခံစားခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့တစ်ဝန်းရင်ဆိုင်နေရသော စီးပွားပျက်ကပ်အန္တရာယ်လှိုင်းလုံး၏ ရိုက်ခတ်မှုဒဏ်ကိုပါ ပြင်းထန်စွာ ခံစားခဲ့ရသည်။

စီးပွားရေး လုပ်ရကိုင်ရခက်ခဲလာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများလည်း နည်းပါးလာခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်းချီလျော့နည်းပျောက်ဆုံးလာသကဲ့သို့ မြို့ပြတွင်ရော ကျေးလက်တွင်ပါ အလုပ်အကိုင် ဆုံးရှုံးသွားသူများစွာ ရှိလာခဲ့သည်။

မြန်မာ့စီးပွားရေးသည် အစဉ်အဆက်အားနည်းခဲ့သလို ကိုဗစ်-၁၉နှင့် လက်ရှိအကျပ်အတည်းများကြောင့် ဗုန်းဗုန်းမလဲရေးအတွက် ပြန်၍ထောက်ကူရာတွင် အဓိကကျောရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရေးကလည်း စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ဘဏ်များတွင် အပ်နှံထားသည့်နိုင်ငံခြားငွေအကောင့်များမှ ဒေါ်လာများကို တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ သတ်မှတ်ပြီးစျေးဖြတ်ချိန်တွင် ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ၂၄၀၀ ဝန်းကျင်ရှိခဲ့သည်။ ထို့ပြင် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြစ်နေချိန်တွင် ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ခဲ့သည်။ ရည်ညွှန်းငွေလဲနှုန်းနှင့် ပြင်ပပေါက်စျေးတစ်ဒေါ်လာ ကျပ်  ၉၀၀ ခန့် ကွာဟခဲ့သည့် အခြေအနေ၌ နိုင်ငံခြားကုမ္ပဏီများကလည်း ကုန်ပစ္စည်းထုတ်လုပ်တင်သွင်းမှုများ မလုပ်နိုင်ကြသကဲ့သို့ ပို့ကုန်သွင်းကုန်သမားများတွင်လည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကာ  ပြည်တွင်းထုတ်ကုန်၊ ပြည်ပသွင်းကုန်များ အဆမတန်စျေးနှုန်း မြင့်တက်ခဲ့သည်။     

ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားခြင်းက စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်စေခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၃၀ ရာခိုင်နှုန်းရှိခဲ့ပြီး နောက်ဆုံးရရှိသော အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဇူလိုင်တွင် ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၂၀၅ ဒသမ ၁၈ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ဖြစ်ပေါ်ခဲ့သည့် စားသုံးသူစျေးဆနှုန်းထက် ၁၉ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုနှုန်းထက်ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဗဟိုဘဏ်နှင့် အစိုးရအနေဖြင့် သတိကြီးစွာ ထိန်းကျောင်းရမည်ဖြစ်ကြောင်း သုံးသပ်မှုများရှိခဲ့သည်။

ကိုဗစ်-၁၉ အကျပ်အတည်းနှင့် နိုင်ငံရေးအပြောင်းအလဲကာလအတွင်း ကုစားမှုမှ ပြန်လည်ထူထောင်နိုင်ရေးအထိ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍစီးပွားရေးမှာ အဓိကအကျဆုံးဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်မှသာ ပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများအတွက် အာမခံချက်ရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးအသိုက်အဝန်းလည်း ပုံမှန်လည်ပတ်နေမည်ဖြစ်သည်။

Most Read

Most Recent