နိုင်ငံရေးသမားနှင့် သမာဓိ

နိုင်ငံရေးသမားနှင့် သမာဓိ
Published 23 December 2022

“၎င်းတို့အစိုးရအဖွဲ့၏ သမာဓိတည်ကြည်မှုအပေါ် လူတို့၏ ယုံကြည်မှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် ဆက်လက်ထိန်းသိမ်းရန် အစိုးရအဖွဲ့နှင့် ၎င်း၏ဝန်ထမ်းများအနေဖြင့် ပွင့်လင်း မြင်သာမှုနှင့် ရိုးသားမှုတို့ ရှိရမည်ဖြစ်သည်။

ဂျွန်လင့်ချ် (၁၉၅၂ ခုနှစ်- ဖွား)

နယူးဟမ့်ရှိုင်းယားအုပ်ချုပ်ရေးမှူးဟောင်း

ရိုးသားမှုရှိခြင်း၊ ခိုင်မာသော ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ ဖြောင့်မတ်မှုရှိခြင်း အရည်အချင်းကို သမာဓိတည်ကြည်ခြင်းဟုခေါ်သည်။ ယင်းသည် ကိုယ်ကျင့်တရားဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ချက်များကို ခိုင်မြဲအောင်ထိန်းသိမ်းသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုတစ်ရပ်လည်းဖြစ်သည်။

သမာဓိတည်ကြည်ခြင်းသည် နိုင်ငံရေးသမားများအတွက် အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းင်းတို့သည် လူ့အဖွဲ့အစည်းကို ထမ်းဆောင်ရန် ရွေးချယ် သို့မဟုတ် ခန့်အပ် သို့မဟုတ် ရွေးကောက်တင်မြှောက်ခံရသောကြောင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွက် ထမ်းဆောင်နိုင်စွမ်းရှိရန် ၎င်းတို့အား မူဝါဒများကိုချမှတ်နိုင်၊ ကျင့်သုံးနိုင်၊ ထိန်းချုပ်နိုင်သော အာဏာကို ပေးထားရသည်။ ၎င်းတို့၌ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာအပေါ် သြဇာလွှမ်းမိုးနိုင်သော အာဏာရှိသည်။ သို့သော် နိုင်ငံရေးသမားအနေဖြင့် ယင်းအာဏာကို လူ့အဖွဲ့အစည်းအတွက် ထမ်းဆောင်ရာ၌ အသုံးမပြုမည့် အန္တရာယ် တစ်ရပ်ရှိနေသည်။ အုပ်ချုပ်သူများသည် အာဏာရှိသောကြောင့် ယင်းအာဏာကို ပုဂ္ဂိုလ် ရေးအကျိုးအမြတ်အတွက် အသုံးပြုအောင် ဖြားယောင်းခံရလိမ့်မည်ဟု အရစ္စတိုတယ်က ဆိုသည်။ ယင်းဖြားယောင်းမှုကို ကြံ့ကြံ့ခံနိုင်ရန် နိုင်ငံရေးသမားများအတွက် အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် သမာဓိတည်ကြည်ခြင်း လိုအပ်သည်။

The Servant of The People စာအုပ်တွင် Muel Kaptein က သမာဓိတည်ကြည်ခြင်းသည် ၎င်းတို့၏ အနေအထားနှင့် ဆက်နွှယ်နေသောကြောင့် နိုင်ငံရေးသမားများသည် ၎င်းတို့အနေအထား၌ ပါဝင်သည်များကိုသိရှိခြင်းဖြင့် သမာဓိကို စတင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သမာဓိတည်ကြည်ခြင်းသည် ရေးသားထားသည်ဖြစ်စေ၊ ရေးသားထားခြင်းမရှိသည်ဖြစ်စေ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ စာအရသာမက စိတ်ထားအရပါ ကိုက်ညီရန်နှင့် အသိÓဏ်ဗဟုသုတရှိရန်လည်း တောင်းဆိုသည်။ သမာဓိတည်ကြည်ခြင်းသည် ကိုယ်ကျင့်တရားဟု အထွေထွေသဘောအရ လက်ခံထားသည်များနှင့် တွေးခေါ်ထားသည့် အခြားအရာများသာမက အခြေခံအရ ကျင့်ဝတ်ဟု သတ်မှတ်ထားသောအရာများနှင့်လည်း ကိုက်ညီအောင် ဆောင်ရွက်သည်။ နိုင်ငံရေးသမားများ လုပ်သင့်လုပ်ထိုက်သည့်အရာများသည် ဆင်ခြင်တုံတရားနှင့် လျော်ညီသော အကျိုးသင့်အကြောင်းသင့်အချက်များပေါ်၌ အခြေခံသင့်သည်။

၎င်းအပြင် သမာဓိတည်ကြည်ခြင်းသည် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် နည်းလမ်း တစ်ရပ်အတိုင်း ပြုမူဆောင်ရွက်ပုံအကြောင်းသာမကဘဲ နိုင်ငံရေးသမားသည် မည်ကဲ့သို့သော လူမျိုးဖြစ်သည်ဟူသည့် အကြောင်းလည်းဖြစ်သည်။ လူတစ်ဦး၏ သမာဓိတည် ကြည်ခြင်းနှင့်ပတ်သက်သော မေးခွန်းများသည် သူ၏ ရည်ရွယ်ချက်များအပေါ်သာမက ယင်းရည်ရွယ်ချက်များ၏ ရင်းမြစ်များနှင့် ထိုသူ၏ စရိုက်လက္ခဏာအပေါ်သို့ပါ သံသယ များကို ဖြစ်စေသည်။ ထို့ကြောင့် သမာဓိတည်ကြည်ခြင်းဟူသည် အပြုအမူပုံစံတစ်ရပ်အတွင်း မြင်သာလာသည့် မှန်ကန်သည့် ကျင့်ဝတ်ဆိုင်ရာ အလေ့အထကောင်းများရှိခြင်း အကြောင်းဖြစ်သည်။ နိုင်ငံရေးသမားများအတွက် အရေးကြီးသော အလေ့အထကောင်း များမှာ သစ္စာရှိခြင်း၊ နှိမ့်ချခြင်းနှင့် တာဝန်ယူမှုရှိခြင်းဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး သမားသည် စစ်မှန်မှုရှိရမည်ဖြစ်ပြီး စံပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးသမားတစ်ဦးသည် လူ့အဖွဲ့အစည်းအတွက် ထမ်းဆောင်ပေးရန် အာဏာပေးအပ်ခံထားရသူ တစ်ဦးဖြစ်သောကြောင့် သမာဓိတည်ကြည်ခြင်းရှိရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ ဒီဇင်ဘာ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent