ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် လောကပါလတရား

ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် လောကပါလတရား
Published 9 December 2022

လောက သို့မဟုတ် လူ့အဖွဲ့အစည်းကို စာရိတ္တ^အကျင့်အရ မပျက်စီးအောင် ထိန်း သိမ်းစောင့်ရှောက်ထားသော တရားကို လောကပါလတရားဟုခေါ်သည်။ လူ့အဖွဲ့အစည်း တစ်ရပ်တွင် လောကပါလတရားကို အလေးမထားသူများ တိုး၍တိုး၍ များပြားလာခြင်းက အဆိုပါလူ့အဖွဲ့အစည်းအား ပျက်စီးခြင်းဆီသို့ ရှေးရှုသွားစေသည်။ လောကပါလတရား နှစ်ပါး၌ ဟိရီနှင့် သြတ္တပ္ပဟူ၍ ပါရှိပြီး ၎င်းင်းတို့သည် မကောင်းမှုပြုရန် အရှက်နှင့် အကြောက် တို့ဖြစ်သည်။ ဟိရီသည် မကောင်းမှုပြုရမည်ကို ရှက်ခြင်းဖြစ်ပြီး သြတ္တပ္ပသည် မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်းဖြစ်သည်။ မိမိကိုယ်တိုင် မကောင်းမှုပြုရမည်ကို ရှက် ကြောက်ရုံမက မိမိတို့လူ့အဖွဲ့အစည်းရှိ လူများကိုလည်း မကောင်းမှုပြုရမည်ကို ရှက် ကြောက်တတ်လာအောင် ပြုလုပ်ခြင်းသည် လောကပါလတရားကို ထိန်းသိမ်းခြင်းမည်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် မိမိ၏ လောက၊ မိမိ၏လူ့အဖွဲ့အစည်းကို မပျက်စီးအောင် ထိန်းသိမ်းခြင်းဖြစ်သည်။

ယခုအခါ သတင်းစာများအနေဖြင့် ရာဇဝတ်မှုခင်းသတင်းများမပါဘဲ ထုတ်ဝေခဲ့ရ သည့်နေ့ဟူ၍ တစ်ရက်မျှပင် ရှိမည်မထင်ပါ။ မီဒီယာများက မဖော်ပြသည့် ရာဇဝတ်မှုအများအပြားပင် ရှိနိုင်သေးသည်ကိုလည်း မှန်းဆကြည့်နိုင်သည်။ ရာဇဝတ်မှုများ ထူပြောများပြားလာခြင်းက လောကပါလတရား အကြီးအကျယ် ယိုယွင်းပျက်သုဉ်းလာမှုကို ပြနေသည်။ အဆိုးဆုံးမှာ တရားဥပဒေမဲ့ သတ်ဖြတ်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Extrajudicial Killing  (တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း) ကို Extrajudicial Execution  သို့မဟုတ် Extralegal Killing ဟုလည်းခေါ်ပြီး တရားစီရင်ရေး သို့မဟုတ် တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်းမရှိဘဲ လူတစ်ဦးကို အစိုးရအာဏာ ပိုင်တစ်ဦးဦးက သတ်ဖြတ်ခြင်းကို ဆိုလိုသည်။ ယင်းကဲ့သို့ လူတစ်ဦး၏အသက်ကို တန်ဖိုးမထားဘဲ မိမိထင်သလို သတ်ဖြတ်ခြင်းမျိုးကို စစ်သွေးကြွများ၊ သတ်ဖြတ်ရေးလျှို့ဝှက်အဖွဲ့များ၊ အစိုးရ သို့မဟုတ် နိုင်ငံကိုကိုယ်စားမပြုသည့် အခြားအဖွဲ့အစည်းများကလည်း ကျူးလွန်တတ်ကြပြီး နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများ၊ အပယ်ခံ အုပ်စုများနှင့် ဘာသာရေး သို့မဟုတ် လူမှုရေးနယ်ပယ်တို့၌ ထင်ရှားသူများကို ပစ်မှတ် ထားတတ်ကြသည်။ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နှိပ်စက်ညှင်းပန်းမှု သို့မဟုတ် မလျော်မကန် ထားရှိဆက်ဆံမှုကြောင့် သေဆုံးမှုများသည်လည်း Extrajudicial Killing  ထဲတွင် အကျုံးဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ အကြမ်း ဖက်မှုပုံစံများကို ကောင်းစွာကာကွယ်ရန် ပျက်ကွက်မှုကြောင့် ဖြစ်ပွားသည့် Honor Killing (အရှက်ကို အသက်နှင့်လဲခြင်း) ကိစ္စများကိုလည်း Extrajudicial Killing  ခေါင်းစဉ် အောက်သို့ ထည့်တတ်ကြသည်။

နိုင်ငံအသီးသီး၏ အစိုးရအဖွဲ့များအနေဖြင့် ယင်းကဲ့သို့ အသက်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။ ယင်းကဲ့သို့သော ပြစ်မှုများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာတာဝန်ရှိသူများကို တရားစွဲဆိုရမည်ဖြစ်သည်။ သို့သော် တကယ့်လက်တွေ့တွင် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများ အပြစ်ပေး အရေးယူမခံရမှုများလည်း များစွာရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော OMCT နှင့် ၎င်း၏ SOS-Torture Network အဖွဲ့ဝင်များက ဖွံ့ဖြိုးအခြေကျပြီး ပုံစံများ၌ ပါဝင်သော နိုင်ငံများအပါအဝင် နိုင်ငံအသီးသီး၌ ဖြစ်ပွားခဲ့သော ယင်းကဲ့သို့သော ပြစ်မှုများကို သက်သေအထောက်အထားများ ရယူထားသည်။

ယင်းတို့အနက် ထင်ရှားသော ဖြစ်ရပ်တစ်ရပ်မှာ ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ‘မူးယစ်ဆေးစစ်ပွဲ’ ဟု ခေါ်ဆိုသော ခေါင်းစဉ်တစ်ရပ်အောက်တွင် ကလေးများအပါအဝင် လူပေါင်းများစွာ အသတ်ခံခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကြား တရားဥပဒေမဲ့ သတ်ဖြတ်မှုပေါင်း ၈၄၅ ခုရှိသည်ဟု အထောက်အထားရရှိခဲ့သော်လည်း ယင်းတို့အနက် မည်သည့်အမှုကိုမျှ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ဆိုသည်။ နိုင်ငံတော်အာဏာပိုင်များက ကျူးလွန်ခဲ့သည့် နှိပ်စက်ညှဉ်း ပန်းမှုများနှင့် အခြားပြင်းထန်သည့်ရာဇဝတ်မှုများ သို့မဟုတ် ၎င်းတို့နှင့် နားလည်မှု ယူထားသူများက ကျူးလွန်မှုများရှိနေခြင်းကြောင့် ပြစ်မှုကျူးလွန်သော်လည်း အပြစ်ပေး အရေးယူမှုမခံရခြင်းသည် ယင်းကဲ့သို့သော ပြစ်မှုများ ဆက်လက်ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ကိုလံဘီယာ၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ နီကာရာဂွာနှင့် ဗင်နီဇွဲလားနိုင်ငံများအပါအဝင် လက်တင်အမေရိက၌ ယင်းကဲ့သို့သော ပြစ်မှုပေါင်း များစွာရှိသည်ကို သက်သေအထောက်အထားများ ရရှိထားကြောင်း SOS-Torture Network အဖွဲ့က ပြောကြားထားသည်။ ၎င်းအပြင် ကွန်ဂို၊ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယားနှင့် ဆီးရီးယားတို့တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က နိုင်ငံ တော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း ဥပဒေမဲ့သတ်ဖြတ်မှုပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားနေဆဲပင်။

အမှန်တကယ်၌ သူ့ဘက်ကိုယ့်ဘက်ဟူသည့် ဘက်ကိစ္စနှင့်မဆိုင်ဘဲ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမဆို ကျူးလွန်မှုသည် လောကပါလတရား အလုံးစုံပျက်သုဉ်းရေးဆီသို့သာ ဦးတည်နေသည် သာဖြစ်၍ လူသားဆန်သည့် မည်သည့်လူသားမဆိုအတွက်ရာ မည်သို့မျှ လက်ခံနိုင်ဖွယ်ရှိ မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent