သိခြင်းနည်းနည်း၊ ထင်ခြင်းများများ

သိခြင်းနည်းနည်း၊ ထင်ခြင်းများများ
Published 7 December 2022

“နည်းနည်းသာ သိခြင်းသည် အန္တရာယ်ကြီးသောအရာတစ်ခု ဖြစ်သည်”ဟူသည့် စကားပုံက နည်းနည်းသာ သိခြင်းသည် လူတို့အား မိမိကိုယ်မိမိ အမှန်တကယ်သိသည်ထက် ပို၍ကျွမ်းကျင်စွာသိသည်ဟု အထင်ရောက်ရှိသွားနိုင်စေကာ အမှားများပြုလုပ်ခြင်းဆီသို့ ဦးတည်နိုင်စေကြောင်း ဖော်ပြသည့်သဘောတရားတစ်ရပ် ဖြစ်သည်။ ယင်းနှင့် အလားတူစွာပင် မိမိကိုယ်ပိုင်သိမှုကို အလွန်အကျွံ အထင်ကြီးခြင်းနှင့်ပတ်သက်၍ လူမှုစိတ်ပညာဘာသာရပ်၌လည်း Dinning-Kruger Effect ဟူသည့် သဘောတရားတစ်ရပ် ရှိသေးသည်။ အရည်အချင်းနည်းပါးသူများသည် မိမိ၏သိမှုနှင့် နားလည်မှုအဆင့်အတန်းကို ပို၍ထင်တတ်ကြသည်။ ဥပမာအားဖြင့် ဘောလုံးပွဲတွင် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ် ဝီစီမှုတ်လိုက်သည့်အခါ ချက်ချင်း “ဒါက ဖောင်းဘောမှ မဟုတ်တာ”ဆိုသကဲ့သို့ ပြောတတ်ကြသည်။ အမှန်တကယ်၌ မိမိသည် ဒိုင်လူကြီးအဖြစ် လေ့ကျင့်သင်ကြားထားသူ မဟုတ်သကဲ့သို့ ဘောလုံးကစားနည်း၏ စည်းကမ်းနှင့် ဥပဒေများကိုပင် လေ့လာထားသူ မဟုတ်သည်ကို မေ့လျော့နေတတ်ကြသည်။ ဘောလုံးပွဲဝေဖန်ရေးက အများအတွက် ပြဿနာမရှိလှသော်လည်း မိမိသည် ဆရာဝန်မဟုတ်သကဲ့သို့ ဆေးပညာကို လေ့လာသင် ကြားထားမှုလည်း မရှိပါဘဲလျက် လူမှုမီဒီယာတွင် Evidence-based knowledge (သက်သေအထောက်အထားကို အခြေခံသောသိမှု) မဟုတ်သည့် ကုထုံးများကို ရမ်းသမ်းရေးသားနေခြင်းမျိုးက အများအတွက် အလွန်အန္တရာယ်ကြီးသည်။

“နည်းနည်းသာ သိခြင်းသည် အန္တရာယ်ကြီးသောအရာတစ်ခုဖြစ်သည်”ဟူသည်နှင့် “နည်းနည်းသာ လေ့လာသင်ယူထားခြင်းသည် အန္တရာယ်ကြီးသောအရာတစ်ခုဖြစ်သည်” ဟူသော စကားရပ်များအား ၁၈ ရာစုကတည်းက အဓိပ္ပာယ်တူအဖြစ် သုံးနှုန်းခဲ့ကြသည်။ “နည်းနည်းသာ လေ့လာသင်ယူထားခြင်းသည် အန္တရာယ်ကြီးသောအရာတစ်ခု ဖြစ်သည်” ဟူသည့် မူကွဲကို စာရေးဆရာ အလက်ဇန္ဒားပုပ် (၁၆၈၈-၁၇၄၄) က သုံးနှုန်းခဲ့သည်ဟု လူသိများသည်။ သူ၏ An Essay on Criticism (၁၇၀၉) တွင် ယင်းစကားရပ်ကို တွေ့ရှိခဲ့ကြပြီး ယင်းမတိုင်မီ ဖော်ပြချက်မျိုးကို မှတ်တမ်းတင်ထားခြင်းမရှိပေ။ အလက်ဇန္ဒားပုပ်က သူ၏အက်ဆေးတွင် “နည်းနည်းသာ လေ့လာသင်ယူထားတာက အန္တရာယ်ကြီးတဲ့အရာ တစ်ခုပဲ။ များများသောက် ဒါမှမဟုတ် မြည်းတာက ပီယာရီယန်နွေဦး (၀ိဇ္ဇာနဲ့ သိပ္ပံကိုသိမှု) မဟုတ်ဘူး။ တစ်ကျိုက်လောက်ကလေးတွေက ဦးနှောက်ကို မူးစေရဲ့။ ပြီးတော့ အများကြီးသောက်တာက ကျွန်တော်တို့ကို အမူးပြန်ပြေစေတယ်”ဟု ရေးသားခဲ့သည်။

ယင်းစကားရပ်နှစ်ခုစလုံး၏ တူညီမှုကို တွေ့ရှိရမည်ဖြစ်သည်။ “နည်းနည်းသာ သိခြင်းသည် အန္တရာယ်ကြီးသောအရာတစ်ခုဖြစ်သည်”ဟူသော စကားရပ်ကိုမူ ၁၇၇၄ ခုနှစ်ထုတ် Gentleman and Lady’s Complete Magazine Vol II ၌ တွေ့ရှိရခြင်းဖြစ်သည်။ ယင်းမဂ္ဂဇင်း၌ စာရေးသူသည် ပုပ်၏ အဆိုအမိန့်ကို မှားယွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ သူက “နည်းနည်းသာ သိခြင်းဟာ အန္တရာယ်ကြီးတဲ့ အရာတစ်ခုဖြစ်တယ်လို့ မစ္စတာပုပ်က ပြောခဲ့တာ သိပ်မှန်တာပဲ”ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ပုပ်၏ မူရင်းကဗျာလင်္ကာသာမက သူ၏ အဆိုအမိန့်ကို မှားယွင်းကိုးကားမှုထက်ပါ ပို၍စောခဲ့သည့် အဆိုတစ်ခုကား ရှိခဲ့၏။ ထိုသူကား အမည်မသိ စာရေးသူတစ်ဦးသာ ဖြစ်သည်။ The Mystery of Phanaticism ဟု အမည်တပ်ထားသည့် ၁၆၉၈ ခုနှစ်တွင် ထုတ်ဝေသောပေးစာများ စုစည်းမှု၌ “AB” ဟုသာ လက်မှတ်ရေးထားသည့် စာတစ်စောင် ပါဝင်ခဲ့သည်။ ယင်း၌ “ ငါ့ရှင် ဘေကွန်က ဒါကို ကောင်းကောင်းလေ့လာခဲ့တယ်။ နည်းနည်း ပဲသိတာဟာ သွေးနားထင်ရောက်စေပြီး လူတွေကို ယစ်မူးစေတယ်။ ဒါပေမဲ့ ဒါကို ပိုပြီး ကြီးကျယ်အောင် ဖြန့်ဝေတာဟာ သူတို့ကို မှန်တယ်ဖြစ်သွားစေလိမ့်မယ်။ ပြီးတော့ သူတို့ ကို သူတို့ကိုယ်တိုင်နဲ့ပတ်သက်ပြီး နိမ့်ကျပြီး သေးသိမ်တဲ့အတွေးတွေ ဖြစ်ပေါ်မှုဆီ ပို့ ဆောင်ပေးလိမ့်မယ်” ဟု ရေးသားထားသည်။ ယင်း၌ “ ငါ့ရှင် ဘေကွန်” ဟု ရည်ညွှန်းခံရသူမှာ အင်္ဂလိပ်နိုင်ငံရေးသမားနှင့် တွေးခေါ်ရှင် ဖရန်စစ်ဘေကွန်ဖြစ်သည်။ ယင်း၌လည်း ဘေကွန်၏ The Essays: Of Atheism  (၁၆၀၁) ထဲမှ ရေးသားချက်ကို မှားယွင်းကိုးကားထားခြင်း ဖြစ်နေပြန်သည်။ ဘေကွန်က “အတွေးအခေါ်နည်းပါးမှုက လူတွေရဲ့စိတ်ကို ဘုရားမဲ့ဝါဒဆီ တိမ်းညွှတ်သွားစေတယ်။ ဒါပေမဲ့ အတွေးအခေါ်နက်ရှိုင်းခြင်းက လူတွေ ရဲ့စိတ်ကို ဘာသာရေးဆီ ပြန်သယ်လာတယ်”ဟု ရေးသားခဲ့ခြင်းသာဖြစ်သည်။ ယင်းတို့ ကိုလေ့လာကြည့်ပါက ဘေကွန်သည် အတွေးအခေါ်နှင့်ပတ်သက်၍ ပြောဆိုခြင်းဖြစ်ပြီး ပုပ်သည် လေ့လာသင်ယူခြင်းနှင့်ပတ်သက်၍ ပြောခြင်းဖြစ်သည်။ AB ၏ ရေးသားချက်သည် သိမှုနှင့်ပတ်သက်၍ ပြောကြားသော မူကွဲတစ်ခုဖြစ်သည်။

မည်သို့ပင်ဆိုစေ နည်းနည်းသာ သိသော်လည်း၊ နည်းနည်းသာ လေ့လာသင်ယူထားသော်လည်း၊ နည်းနည်းသာ တွေးသော်လည်း မိမိကိုယ်မိမိ အများကြီးသိသည်ဟု သွေးနား ထင်ရောက်နေသူများသည် ၎င်းင်းတို့ကိုယ်တိုင်အတွက်သာမက ၎င်းတို့နှင့်ပတ်သက်နေသော လူ့အဖွဲ့အစည်းအတွက်ပါ အန္တရာယ်ကြီးသူများ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏အယ်ဒီတာ့အာဘော်

Most Read

Most Recent