ဂရေဟမ်ပေါ်တာ၏ ချယ်လ်ဆီးအသင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ရလဒ်များ ထပ်မံဆိုးရွားလာပါက ထုတ်ပယ်ခံရမည်ဟု တူဟယ်လ် သုံးသပ်

ဂရေဟမ်ပေါ်တာ၏ ချယ်လ်ဆီးအသင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ရလဒ်များ ထပ်မံဆိုးရွားလာပါက ထုတ်ပယ်ခံရမည်ဟု တူဟယ်လ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 11 November 2022

ချယ်လ်ဆီးအသင်း၏ နည်းပြဟောင်းဖြစ်သူ သောမတ်စ်တူဟယ်လ်က လက်ရှိ ချယ်လ်ဆီးအသင်းနည်းပြဖြစ်သူ ဂရေဟမ်ပေါ်တာ၏ အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားရာတွင် ဘောလုံးလောကသည် ရလဒ်အားပြုလည်ပတ်နေပြီး စနစ်တကျသွားနေသည့် လမ်းကြောင်းကို မည်သူကမျှ မယုံကြည်ကြတော့ကြောင်း၊ ယင်းအတွက်ကြောင့် ကာလတိုအတွင်း ရှုံးပွဲများထပ်တွေ့ပါက ရာထူးမှ ထုတ်ပယ်ခံရဦးမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်း၏ နည်းပြသစ်ဖြစ်လာသူ ဂရေဟမ်ပေါ်တာသည် သောမတ်စ်တူဟယ်လ်၏ အသင်းကို ဆက်ခံခဲ့ပြီးနောက် ရလဒ်ကောင်းများဖြင့် ဖြတ်သန်းနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များ ဆိုးရွားလာခဲ့ပြီးနောက် ဖိအားဒဏ်များကို စတင်ခံစားလာရပြီဖြစ်သည်။

ဂရေဟမ်ပေါ်တာသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် Carabao Cup ပွဲစဉ်တွင်လည်း မန်စီးတီးအသင်းကို ထပ်မံရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

ချယ်လ်ဆီးအသင်းသည် ယခုပွဲအပါအဝင် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၄)ပွဲတွင် (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ဘရိုက်တန်၊ အာဆင်နယ်နှင့် မန်စီးတီးအသင်းတို့ကို ရှုံးနိမ့်ခဲ့ရာ ယင်းနှင့်ပတ်သက်ပြီး မီဒီယာများက သောမတ်စ်တူဟယ်လ်ကို မေးမြန်းခဲ့သည်။

တူဟယ်လ်က ''ချယ်လ်ဆီး၊ PSG၊ ဒေါ့မွန်နဲ့ မိန့်ဇ်အသင်းတွေကို ကျွန်တော် ကိုင်တွယ်ခဲ့တဲ့အတွေ့အကြုံအရ ဘောလုံးအသင်းနည်းပြတစ်ဦးရဲ့ ဘဝဆိုတာ ရလဒ်ပါပဲ။ ခင်ဗျားအနေနဲ့ ရှုံးပွဲတစ်ပွဲကို အချိန်တိုအတွင်း ကျော်ဖြတ်သွားနိုင်ပါတယ်။ အချိန်တိုတိုလေးပါပဲ။ ဒါပေမဲ့ အရှုံးကို ဘယ်သူကမှ ကြာကြာလက်မခံကြပါဘူး။ ဘယ်သူကမှ စနစ်တကျသွားနေတဲ့ ခြေလှမ်းတွေကို  စိတ်ရှည်ရှည်နဲ့ စောင့်မပေးကြတော့ပါဘူး။ အသင်းတစ်သင်း တိုးတက်လာဖို့ဆိုတာ နေ့စဉ်လုပ်ငန်းဆောင်တာတွေလောက် အရေးကြီးတာ မရှိဘူး။ ကျွန်တော် ကစားသမားတွေကို တိုးတက်လာဖို့ အများကြီးကြိုးစားခဲ့တယ်။ စည်းကမ်းတကျ ကိုင်တွယ်ခဲ့တယ်။ အချိန်မီ လေ့ကျင့်ရေးကွင်းလာအောင်၊ ကစားသမားတွေနဲ့ ရင်းနှီးအောင်၊ နွေးထွေးအောင်၊ လေးစားမှုရှိအောင်၊ အစွမ်းကုန်ပေးဆပ်လာအောင် စသည်ဖြင့် ကြိုးစားပေမဲ့ ရလဒ်မကောင်းရင် အထုတ်ခံရတာပါပဲ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent