ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုသုံးမှုအတွက် ပြန်ခေါ်သက်သေ ဦးအောင်ခန့်ကို စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုသုံးမှုအတွက် ပြန်ခေါ်သက်သေ ဦးအောင်ခန့်ကို စစ်ဆေး
Published 8 November 2022

ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့်စွဲချက်တင်ထားသည့် အမှုသုံးမှုအတွက် ပြန်ခေါ်သက်သေ ဦးအောင်ခန့်ကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နိုဝင်ဘာ ၈ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုထားသော ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇ နှင့် ၄၈ တို့အတွက် ပြန်ခေါ်သက်သေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးအောင်ခန့်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည့်အတွက် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ထားသည့် အမှုများအား နိုဝင်ဘာ ၉ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent