အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးအား အလေးအနက်ထားဆောင်ရွက်နေခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အမြန်ဆုံးလျှောက်လှမ်းရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးအား အလေးအနက်ထားဆောင်ရွက်နေခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အမြန်ဆုံးလျှောက်လှမ်းရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား
နိုဝင်ဘာ ၇ ရက်က ဘားအံမြို့တွင် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားဖွင့်ပွဲ ကျင်းပနေစဉ်
နိုဝင်ဘာ ၇ ရက်က ဘားအံမြို့တွင် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားဖွင့်ပွဲ ကျင်းပနေစဉ်
Published 7 November 2022

နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထားဆောင်ရွက်နေခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အမြန်ဆုံးလျှောက်လှမ်းရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဋ္ဌက အထက်ပါကဲ့သို့ဖော်ပြပြောကြားထားခြင်းဖြစ်သည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ်များ၊ စာပေ၊ သဘင်၊ ဂီတအနုပညာများသည် နှစ်ပေါင်းထောင်ချီဖြစ်တည်ခဲ့ကြောင်း၊ ထိုသို့တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ကြသော်ငြား ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ယွင်းကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ တစ်နိုင်ငံလုံးဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့်ကဏ္ဍအားလုံးကို ကရင်ပြည်နယ်အပါအဝင်ဒေသအသီးသီးတွင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

သို့သော်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏အန္တရာယ်ကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် အလေးထားတိုက်တွန်းကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ယန္တရားဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ Virtual တွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံမှုများပြုလုပ်ပြီး မပြတ်ထိတွေ့ဆက်ဆံလျက်ရှိရာ မိမိတို့အစိုးရတာဝန်ယူချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၁၆)ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၉)ကြိမ်တွေ့ဆုံခဲ့ပြီး NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊  ယခုနှစ်တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို အတည်ပြုလက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် NCA စာချုပ်ပါအချက်အလက်များကို အမြဲလေးစားရမည့်အပြင် မေ့ပျောက်၍လည်းမရကြောင်း၊ NCA စာချုပ်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များနှင့်အညီ သက်ဆိုင်သူအား လုံးသဘောတူရေးဆွဲထားသည်ဖြစ်၍ ၎င်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသောအမွေအနှစ်တစ်ခုကို ချန်ထားရစ်ရန်လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများကို လျင်မြန်စွာလုပ်ဆောင်ရန်လည်းလိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက် နေခြင်းကြောင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးလျှောက် လှမ်းကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက သဝဏ်လွှာတွင် ဖော်ပြထားသည်။

မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအကျိုးစီးပွားကိုမလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်နေကြသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏အန္တရာယ်ကို အထူးသတိပြုရန်တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဟန်ချက်ညီညီလက်တွဲ ဆောင်ရွက်ပြီး အားလုံး၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ ခိုင်မာအောင်တည်ဆောက်နိုင်သည်နှင့်အမျှ အေးချမ်းသာယာသည့်ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများ၏အားဖြင့် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ တိုင်းရင်းသားပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ခံယူချက်ပြည့်ဝမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ရရှိခံစားနေကြရပြီဖြစ်ကြောင်း နှင့်ပိုမိုဖွံ့ဖြိုးတိုးတက်ပြီးအေးချမ်းသာယာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။

ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံးလိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကရင်ပြည်နယ်နေ့အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကလည်း ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့အတူ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ အားကြိုးမာန်တက်စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိကြောင်း၊ ထို့ကြောင့် အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ပါစေကြောင်းနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားအကျိုး သယ်ပိုးနိုင်သူများဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ကြောင်း နစကဥက္ကဋ္ဌ၏ သဝဏ်လွှာတွင်ပါရှိကြောင်း သိရသည်။