■ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆွန်ဟောင်မင် ပါဝင်နိုင်ဖွယ်ရှိနေ

■ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆွန်ဟောင်မင် ပါဝင်နိုင်ဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 4 November 2022

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် မာဆေးလ်အ သင်းနှင့်ပွဲတွင်ရရှိခဲ့သည့် မျက်ခွံရိုးဒဏ်ရာအား အသေးစား ခွဲစိတ်ကုသမှုပြုလုပ်ရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ဆွန်ဟောင်မင်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် တောင်ကိုရီးယားအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သလို တောင်ကိုးရီးယားတစ်နိုင်ငံလုံး၏ မျှော်လင့်ချက်ကစားသမားလည်းဖြစ်သည်။ 

လက်ရှိအချိန်တွင် တောင်ကိုရီးယားပရိသတ်များသည် ဆွန်ဟောင်မင်၏ ဒဏ်ရာအခြေအနေကို စိတ်ပူနေကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မည်ကို စိုးရိမ်နေကြသည်။ 

သို့ရာတွင် စပါးအသင်း တာဝန်ရှိသူများကမူ ဆွန်ဟောင်မင်၏ အခြေအနေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရန် စိုးရိမ်ရသည့် အနေအထားဖြစ်သော်လည်း သေချာပေါက်လွဲချော်မည်ဟု မဆိုနိုင်သေးကြောင်း၊ သူ့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုရန်အခွင့်အရေး ရနိုင်ကြောင်း အတည်ပြုခဲ့သည်။

    

စပါးအသင်း၏ ထုတ်ပြန်ကြေညာချက်တွင်မူ "ဆွန်ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသပြီးရင် ပြန်လည်ထူထောင်ရေးကာလမှာ ကျွန်တော်တို့အသင်းဆေးအဖွဲ့နဲ့ပဲ ဆက်ရှိနေမှာပါ။ နောက်ထပ်သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးသွားပါမယ်"ဟု ဖော်ပြခဲ့သည်။

    

စပါးအသင်းနှင့်နီးစပ်သည့် ရင်းမြစ်က ဖော်ပြသည့်သတင်းများအရမူ ဆွန်ဟောင်မင်သည် လီဗာပူးလ်အသင်း နှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နောက်ဆုံးကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည့် လိဒ်စ်ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် မျက်နှာဖုံးအကာ (Protective Mask) ကို ဝတ်ဆင်ကာ စတင်ကစားဖွယ်ရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ယင်းမျက်နှာဖုံးအကာဖြင့်ပင် ကစားဖွယ်ရှိနေသည်ဟု ဖော်ပြခဲ့ကြသည်။ 

ဆွန်ဟောင်မင် ဒဏ်ရာရရှိခဲ့သည့်သတင်းမှာ အသင်း၏တိုက်စစ်ကစားသမားများဖြစ်သည့် ရစ်ချာလီဆန်နှင့် ကူလူဆက်ဗ်စကီးတို့လည်း ဒဏ်ရာပြဿနာရှိနေသည့် စပါးအသင်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုအဖြစ် ရှိခဲ့ပြီး လက်ရှိ စပါးအသင်း၏ တိုက်စစ်ပိုင်းတွင် ဒဏ်ရာပြဿနာ ကင်းစင်နေသည့် ကစားသမားအနေဖြင့် တိုက်စစ်မှူး ဟာရီကိန်းနှင့် ဘရာဇီးလ်တောင်ပံကစားသမား လူးကပ်စ်မော်ရာတို့နှစ်ဦးသာ ကျန်ရှိတော့ပြီး လီဗာပူးလ်အသင်းနှင့်ပွဲအတွက် လူရွေးချယ်မှုအတွက်ပင် အခက်အခဲရှိနေသည်ဟု သိရှိရသည်။ 

Most Read

Most Recent