အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေအသစ်တွင် မှတ်ပုံမတင်ဘဲ အသင်းအဖွဲ့လုပ်ငန်းများ လုပ်ဆောင်ပါက ထောင်သုံးနှစ်အထိ ချမှတ်နိုင်

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေအသစ်တွင် မှတ်ပုံမတင်ဘဲ အသင်းအဖွဲ့လုပ်ငန်းများ လုပ်ဆောင်ပါက ထောင်သုံးနှစ်အထိ ချမှတ်နိုင်
Published 2 November 2022

၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအသစ်တွင် မှတ်ပုံတင်မရှိဘဲ အသင်းအဖွဲ့လုပ်ငန်းများ လုပ်ဆောင်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယခင် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပယ်ဖျက်ကာ ဥပဒေသစ်ကို ပြဌာန်းခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဥပဒေသစ်အရ ယခင်က မှတ်ပုံတင်ပြီးသား အသင်းအဖွဲ့များအနေဖြင့် သက်တမ်းကျန်ရှိနေသေးပါက သက်တမ်းတိုးရန် မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးပြီဖြစ်သည့် အ သင်းအဖွဲ့များအနေဖြင့် မဖြစ်မနေ သက်တမ်း တိုးရန်လိုအပ်ကြောင်း ဖော်ပြပါရှိသည်။

အကယ်၍ သက်တမ်းတိုးခြင်း မရှိဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်မည်ဆိုပါက ‌ငွေဒဏ်အနေဖြင့် ငါးသိန်းကျပ် ချမှတ်ခံရမည်ဖြစ်ပြီး ငွေဒဏ်မပေးဆောင်ပါက ထောင်ဒဏ် နှစ်နှစ်အထိ ကျခံရမည်ဟု ၂၀၂၂ အသင်းအဖွဲ့ ဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် ယခင်ကမှတ်ပုံတင်ရရှိပြီးသား သက်တမ်းကုန်ဆုံးနေသည့် အသင်းအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ယင်းသို့ လျှောက်ထားခြင်းမရှိဘဲ လုပ်ငန်း ဆက်လက် လုပ်ကိုင်မည်ဆိုပါက ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး မှတ်ပုံတင်မရှိသည့် အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်နေသူများကို ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထောင်ဒဏ်မကျခံလိုပါက အရေးယူခံရသည့် အသင်းဝင်များအနေဖြင့် ဒဏ်ငွေ ငါးသိန်းကျပ်ကို ပေးဆောင်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

ပြည်တွင်းအသင်းအဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာလုပ်ငန်းဆောင်ရွက်လိုပါက ပြည်ထောင်စုနယ်မြေ မှတ်ပုံတင်ရေးအဖွဲ့ထံတွင် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးအနေဖြင့် ငွေကျပ် သုံးသိန်း ပေးသွင်းရမည်ဟု ၂၀၂၂ အသင်းအဖွဲ့ ဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။

အစိုးရက တရားဝင် ခွင့်ပြုကာ မှတ်ပုံတင် ထုတ်ပေးထားသည့် အသင်းအဖွဲ့များအနေဖြင့် မတရားအသင်းနှင့် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ လုပ်ဆောင်ခွင့် မပြုကြောင်းလည်း ၂၀၂၂ အသင်းအဖွဲ့ ဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် လုပ်ရပ်များ ၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် လုပ်ရပ်များကို တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍ သော်လည်းကောင်း မလုပ်ဆောင်ကြရန်ကိုလည်း ၂၀၂၂ အသင်းအဖွဲ့ ဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။

Most Read

Most Recent