လှိုင်မြို့နယ် ၂ ရပ်ကွက်တွင် အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးနှင့် အမျိုးသား နှစ်ဦး အိမ်အတွင်းသေနတ်ဖြင့်ပစ်သတ်ခံရမှု အောက်တိုဘာ ၂၂ ရက်၊ နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ် ၂ ရပ်ကွက်၊ သီရိလမ်းသွယ် ၅ လမ်းရှိ အိတိုက်အမှတ် ၇၈၊မြေညီထပ်တွင် နေထိုင်သည့် ဦးတင်မောင်ဝင်း ၆၃ နှစ်၊ ဒေါ်တူး(ခ) ဒေါ်တင်နု (၇၀)နှစ်နှင့် ကိုမာကူး(ခ) ကိုညီဘုန်းသန့် ၂၅ နှစ်တို့အား သေနတ်ဖြင့်ပစ်သတ်သွားကြောင်း အဆိုပါ ရပ်ကွက်နေသူများထံမှ သိရသည်။
လှိုင်မြို့နယ် ၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက " မနက်က သေနတ်နဲ့ပစ်သွားတယ်။ ဦးလေးကြီးရယ် အဲ့ဒီအိမ်က နောက်ထပ် နှစ်ယောက်ရယ် သုံးယောက်စလုံး သေတယ်။ အဲ့ဒီဦးလေးကြီးက ဆယ်အိမ်မှူး၊ရာအိမ်မှူးလားတော့ မသိဘူး။ ဧည့်စာရင်းတိုင်ရင်တော့သူ့ဆီမှာ တိုင်ရတယ် " ဟု ပြောကြားခဲ့သည်။
သေဆုံးသွားသည့် ဦးတင်မောင်ဝင်း၊ဒေါ်တူး(ခ)ဒေါ်တင်နုနှင့် ကိုမာကူး(ခ)ကိုညီဘုန်းသန့်တို့ သုံးဦးကို အောက်တိုဘာ ၂၄ ရက်တွင် ထိန်ပင်သုဿန်၌ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။















