ရုရှားအနေဖြင့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိလာအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
နံနက်ခင်း လူအသွားအလာများသည့်အချိန်အတွင်း ယူကရိန်းမြို့ကြီးများကို ရုရှားက ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ရှိ လူနေအဆောက်အအုံတစ်လုံးမှ လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်တွင် အိမ်ဖြူတော်က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိယက်ဗ်မြို့ပြင်ရှိ ဖာစတိမြို့နှင့် နိုင်ငံတောင်ပိုင်း အိုဒက်ဆာဆိပ်ကမ်းမြို့တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း Telegram အသုံးပြုသူများက ပြောကြားခဲ့သည်ဟု interfax Ukraine သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားစစ်တပ်သည် ယူကရိန်းအနှံ့အပြားရှိ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားလျက် သီတင်းတစ်ပတ်အတွင်း ဒုတိယအသုတ် လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကာ ပထမဆုံးတိုက်ခိုက်မှုကို နံနက်ခင်းလူအသွားအလာများချိန်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မြို့တော်ကိယက်ဗ်တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ယူကရိန်းတပ်ဖွဲ့ဝင်များက ဒရုန်းများကိုပစ်ချရန် ကြိုးပမ်းခဲ့ပြီး လေယာဉ်ပစ်ရော့ကတ်ဒုံးကျည်တစ်စင်း လေထဲ၌ ပျံသန်းသွားပုံကို မြင်တွေ့ရကာ ထို့နောက်တွင် ပေါက်ကွဲသံနှင့်အတူ လိမ္မော်ရောင်မီးတောက်မီးလျှံများကို မြင်တွေ့ရကာ မြို့ခံများသည်လည်း အကာအကွယ်ရှိရာသို့ ပြေးဝင်ပုန်းအောင်းခဲ့ရသည်။
ရုရှား၏ အဆိုပါဒုံးကျည်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သတင်းပြန်ကြားရေးတာဝန်ခံ ကာရင်းယန်-ပီရဲယ်က ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရက်စက်ကြမ်းကြုတ်မှုကို ဆက်လက်ပြသနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ယူကရိန်းအား ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည့် အမေရိကန်ဒေါ်လာ ၇၂၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီသစ်နှင့် ပတ်သက်၍လည်း ၎င်းက အတည်ပြုပြောဆိုခဲ့ပြီး မိမိတို့အနေဖြင့် ယူကရိန်းပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ ရုရှားအပေါ် ဒဏ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက်လည်း တာဝန်ခံခိုင်းမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
လူနေအဆောက်အအုံ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူ လေးဦးအနက် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက ပြောကြားခဲ့သည်။ အခြားမြို့များတွင်လည်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီး ဒီနစ်စ်မိုနာစတီယာစကီးက ပြောကြားခဲ့ပြီး လူအသေအပျောက် စာရင်းကိုမူ အတိအကျဖော်ပြခဲ့ခြင်း မရှိပေ။
ရုရှားက ယင်းတိုက်ခိုက်မှုများကို အီရန်လုပ်အသေခံဒရုန်းများ (ကာမီကာဇဲ)ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောကြားထားသည်။














