ကြံမိကြံရာ ထင်ရာစိုင်းလုပ်ရပ်အဖြစ် ရုရှားက အီရန်လုပ်ဒရုန်းများဖြင့် မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းသမ္မတရုံးအကြီးအကဲ ပြောကြား

ကြံမိကြံရာ ထင်ရာစိုင်းလုပ်ရပ်အဖြစ် ရုရှားက အီရန်လုပ်ဒရုန်းများဖြင့် မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းသမ္မတရုံးအကြီးအကဲ ပြောကြား
ဒရုန်းဖြင့် တို်က်ခိုက်ခံရသည့် ကိယက်ဗ်မြင်ကွင်းကို အောက်တိုဘာ ၁၇ ရက်တွင် တွေ့ရစဉ် (Photo-AFP)
ဒရုန်းဖြင့် တို်က်ခိုက်ခံရသည့် ကိယက်ဗ်မြင်ကွင်းကို အောက်တိုဘာ ၁၇ ရက်တွင် တွေ့ရစဉ် (Photo-AFP)
Published 17 October 2022
  Ref:AFP

မြို့တော်ကိယက်ဗ်၏ အလယ်ပိုင်းရှက်ဗ်ချင်ကိုစကီးခရိုင်တွင် ပေါက်ကွဲသံအချို့ကို ကြားရပြီးနောက် အောက်တိုဘာ ၁၇ ရက် နံနက်စောစောပိုင်းတွင် ကိယက်ဗ်သည် ခါမီခါဇီဒရုန်းများဖြင့် တိုက်ခိုက်ခံရသည်ဟု ယူကရိန်းသမ္မတရုံး၏အကြီးအကဲအင်ဒရေယာမက်က ထုတ်ဖော်ပြောကြားသည်။

“ဒါတွေဟာ သူတို့ကို အထောက်အကူဖြစ်စေမယ်လို့ ရုရှားတွေကထင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ သူတို့ ကြံရာမရဖြစ်တာကို သက်သေပြနေတာဖြစ်နေပါတယ်” ဟု ၎င်းက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ရုရှားက ယူကရိန်းမြို့တော်ကိယက်ဗ်ကိုဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းတစ်ပတ်တင်းတင်းပြည့်သောနေ့ဖြစ်သည့် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကိယက်ဗ်မြို့တွင် ပေါက်ကွဲသံအချို့ကို ကြားရသည်ဟု အေအက်ဖ်ပီသတင်းထောက်များက ပြောကြားခဲ့သည်။

ကိယက်ဗ်ကောင်းကင်ယံတွင် နိမ့်နိမ့်ထိုးဆင်းလာသောဒရုန်းများကို အေအက်ဖ်ပီသတင်းထောက်က ရိုက်ထားသောဓာတ်ပုံများတွင် တွေ့ရသည်။ အဆိုပါဒရုန်းများကို မြေပြင်မှ ရဲများက ပစ်ချနေသည်ကိုလည်း တွေ့ရသည်ဟု အေအက်ဖ်ပီသတင်းထောက်များက ပြောသည်။ မြို့အနှံ့ပေါက်ကွဲမှုများမှ ထွက်လာသော မီးခိုးများကိုလည်း အခြားဓာတ်ပုံများတွင် မြင်ရသည်။

အောက်တိုဘာ ၁၇ ရက် နံနက် ၆နာရီ ၃၅ မိနစ်တွင် ပထမဆုံးပေါက်ကွဲမှုမဖြစ်မီ ကိယက်ဗ်မြို့၌ လေကြောင်းအချက်ပေးသံများကို ကြားရသည်။ ထို့နောက် နိုင်ငံတစ်ဝန်းတွင် လေကြောင်းအချက်ပေးသံများကို  ကြားရသည်။

“မြို့တော်ဟာ ခါမီခါဇီဒရုန်းနဲ့ တိုက်ခိုက်ခံရပါတယ်” ဟု ယူကရိန်းသမ္မတရုံး၏ အကြီးအကဲက ပြောကြားသည်။

“ကျွန်တော်တို့ဟာ ဝေဟင်ကာကွယ်ရေးစနစ်တွေကို ပိုလိုအပ်နေပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံးလိုအပ်နေတာဖြစ်ပါတယ်။ ကောင်းကင်ကို ကာကွယ်ဖို့နဲ့ ရန်သူကို ဖျက်ဆီးဖို့ နောက်ထပ်လက်နက်တွေ ကျွန်တော်တို့ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းမြို့တော်ကိယက်ဗ်နှင့် ယူကရိန်းနိုင်ငံတစ်ဝန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းတစ်ပတ်တင်းတင်းပြည့်နေသောနေ့တွင် ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ရှက်ဗ်ချင်ကို စကီးခရိုင်ရှိ အဆောက်အအုံအချို့မီးလောင်ပျက်စီးခဲ့သည်ဟု ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောကြားခဲ့ပြီး မြို့ခံများ အမိုးအကာအောက်တွင် နေကြရန် သတိပေးခဲ့သည်။

“မီးသတ်ဌာနဟာ အလုပ်လုပ်နေပါတယ်။ လူနေအဆောက်အအုံအချို့ ပျက်စီးခဲ့ပါတယ်။ ဆရာဝန်တွေလည်း အဲ့ဒီနေရာကို ရောက်နေပါတယ်” ဟု ကလစ်ရှ်ကိုက Telegram တွင် ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာ ရမှုအခြေအနေများကို မိမိတို့စိစစ်နေသည်ဟု ၎င်းက ဖော်ပြခဲ့သည်။ယူကရိန်းမြို့ကြီးအချို့ရှိ စွမ်းအင်စက်ရုံများကို ရုရှားက တိုက်ခိုက်ရာတွင် အီရန်ဒရုန်းများကို အသုံးပြုခဲ့သည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ စစ်ပွဲအတွက် ရုရှားကိုလက်နက် ထောက်ပံ့ခြင်းမရှိဟု အီရန်ကတုံ့ပြန်ထားသည်။                     

Most Read

Most Recent