ဆောင်းရာသီမတိုင်မီ ခါဆန်ဒေသကို သိမ်းယူရန် မျှော်လင့်နေကြသည့် ယူကရိန်းစစ်သားများ

ဆောင်းရာသီမတိုင်မီ ခါဆန်ဒေသကို သိမ်းယူရန် မျှော်လင့်နေကြသည့် ယူကရိန်းစစ်သားများ
Published 13 October 2022
ရာဇ

ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်ဖွဲ့များ အထိနာနေသည့် ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်အနီးတွင် ရုရှားဒုံးပစ်လောင်ချာသုံးခု၏ လက်ကျန်အပိုင်းအစများသည် မီးလောင်ကျွမ်းပြီး သံချေးတက်နေသည်ကို မြင်တွေ့ရသည်။

ခါဆန်ဒေသတွင် မကြာသေးမီက နယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ခဲ့မှုနှင့်အတူ ယူကရိန်းစစ်သားများသည် ဆောင်းရာသီတွင် ရုရှားတို့ လက်ထဲကျရောက်နေသည့် ခါဆန်ဒေသ၏ မြို့တော်ခါဆန်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် မျှော်လင့်နေသည်။

ဆိုဗီယက်ခေတ်က ထုတ်လုပ်သည့် BM-27 Uragan အတွဲလိုက်ဒုံးပစ်လောင်ချာများကို ယူကရိန်းက ပစ်ချနိုင်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်နီးပါးအကြာအထိ ယင်းနေရာတွင် မီးခိုးအငွေ့အနံ့များသည် ဆက်လက်ကျန်ရှိနေသေးသည်။

ကြီးမားသည့် အမြောက်တင်ယာဉ်များပေါ်ရှိ  အမြောက်ပြောင်းများအတွင်းတွင် ရော့ကတ်အများအပြား ပုံစံမပျက် ကျန်ရှိနေသည်။

“ကျွန်တော်တို့ သူတို့ကိုလှမ်းပစ်တဲ့အချိန်မှာ သူတို့က ကျည်ဖြည့်နေတဲ့အချိန်ဖြစ်ပါတယ်” ဟု ယူကရိန်းစစ်သားတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဒုံးပစ်လောင်ချာများ၏ ကိုယ်ထည်ပေါ်တွင် ဘောလ်တစ်ငါးများကို သွပ်ထားတဲ့ စည်သွပ်ဘူးအချို့ရှိနေဆဲဖြစ်သည်။

ယင်းနေရာနှင့် မလှမ်းမကမ်းနေရာတွင် စွန့်ပစ်ထားသည့် ထရပ်ကားတစ်စီးရှိနေပြီး ယင်းထရပ်ကား၏ ရုရှားကားမှတ်ပုံတင်နံပတ်ပြားသည် အနီးအနားရှိ မြက်ခင်းပြင်ပေါ်တွင် ကျနေသည်။

သို့သော်လည်း ကုန်တင်ကားပေါ်ရှိ တန်ဖိုးကြီးမားသည့် ကုန်စည်တစ်ချို့မှာမူ အကောင်းပကတိအတိုင်းကျန်ရှိနေဆဲဖြစ်သည်။

ယင်းကုန်စည်များသည် ယူကရိန်းတပ်ဖွဲ့များ အရေးတကြီးလိုအပ်နေသည့် Uragan ရော့ကတ်များဖြစ်သည်။

“သူတို့ (ရုရှား) တွေဟာ ဒီလိုလက်နက်တွေကို နောက်တစ်ကြိမ်ဖြည့်တင်းပြီးလာကြပါလိမ့်ဦးမယ်။ ဒါပေမဲ့လည်း အဲဒီလက်နက်တွေဟာ ကျွန်တော်တို့အတွက်ပဲ ဖြစ်လာပါလိမ့်မယ်” ဟု ယူကရိန်းစစ်သားတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားတို့ထံမှ နောက်ထပ်သိမ်းယူနိုင်သည့် အောင်မြင်မှုတစ်ခုမှာ ခဲယမ်းသေတ္တာများဖြစ်သည်။ ယင်းခဲယမ်းသေတ္တာများကို လိုအပ်နေသည့် ယူကရိန်းတပ်ဖွဲ့များထံ ဖြန့်ချိထားပြီးဖြစ်သည်။

“ရုရှားတွေကတော့ သူတို့ဟာ စနစ်တကျ ဆုတ်ခွာသွားတယ်လို့ ပြောတာပါပဲ။ ဒါပေမဲ့ စနစ်တကျ ဆုတ်ခွာတဲ့ပုံစံက ဒါမျိုးမဟုတ်ပါဘူး။ စနစ်တကျဆုတ်ခွာတဲ့လူတွေက လက်နက်တွေ၊ အတွင်းခံတွေနဲ့ ခေါင်းအုံးတွေကို ဖြစ်သလို ပစ်ထားခဲ့မှာ မဟုတ်ပါဘူး” ဟု ယူကရိန်းကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

“ကမ္ဘာမှာ ဒုတိယအင်အားအကြီးဆုံး စစ်တပ်က ကမ္ဘာ့အဆင့် ၂၂ မှာရှိနေတဲ့ စစ်တပ်ကို ကြောက်နေပါတယ်” ဟု ကပ်ပါဟု အမည်လွှဲပေးထားသည့် စစ်သားတစ်ဦးက ပြောကြားခဲ့သည်။

“ရုရှားစစ်သားတွေကို မြစ်ဟိုဘက်ကမ်းအထိ မောင်းထုတ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်သင့်ပါတယ်” ဟု ကပ်ပါက နီပရိုမြစ်ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်းက ယူကရိန်းတပ်ဖွဲ့များသည် နီပရိုမြစ်အနောက်ဘက်ခြမ်းတွင် အသာစီးရခဲ့ပြီး ရုရှားတပ်ဖွဲ့များကမူ ဆန့်ကျင်ဘက်မြစ်ကမ်းပါးတွင် ခိုင်မာစွာ ခြေကုပ်ယူထားဆဲဖြစ်သည်။

သို့သော်လည်း ရုရှားတပ်ဖွဲ့များသည် ထိုးစစ်အနေအထားမဟုတ်တော့ဘဲ ခံစစ်အနေအထားပြင်ထားကာ တပ်ကူများဖြင့် အင်အားဖြည့်တင်းထားသည်။

စက်တင်ဘာလအစောပိုင်းက ခါဆန်ဒေသတွင် ရုရှားတပ်ဖွဲ့များသည် နယ်မြေများ ဆုံးရှုံးခဲ့ပြီး ယင်းဒေသ၏ ကျေးရွာအနည်းငယ်ကိုသာ ထိန်းချုပ်ထားသည်ဟု စစ်ပွဲလေ့လာရေးဆိုင်ရာဌာနမှ ဂျော့ချ်ဘားရို့စ်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှား၏ စည်းများသည် တဖြည်းဖြည်းတင်းကျပ်လာပြီး ၎င်းတို့၏ ခံစစ်အနေအထားမှာလည်း ပိုမိုရှုပ်ထွေးလာသည်ဟု ဘားရို့စ်က ပြောကြားခဲ့သည်။

ခါဆန်ဒေသအနောက်တောင်ပိုင်းတွင် ရုရှားတပ်ဖွဲ့အများအပြား တပ်စွဲထားမှုသည် ယူကရိန်းအတွက် အလွန်အန္တရာယ်ရှိသည့် အနေအထားဖြစ်သည်ဟု ပြင်သစ်စစ်ရေးကျွမ်းကျင်သူ မိုက်ကယ်ဂိုရာက ပြောကြားခဲ့သည်။

“အနေအထားကတော့ ၀ိရောဓိသဘောအရ မြဲမြံနေပေမယ့် တစ်ချိန်တည်းမှာပဲ ကျိုးပျက်လွယ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဖိအားတွေအောက်မှာ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်လို့ပါ” ဟု မိုက်ကယ်ဂိုရာက ပြောကြားခဲ့သည်။

ယူကရိန်း၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ နာတာလီယာ ဂိုမန်နစ်ကမူ လက်နက်ချအညံ့ခံချင်နေသည့် ရုရှားစစ်သားများကြောင့် ယူကရိန်း၏ အခွင့်အလမ်းများသည် ပိုမိုကောင်းမွန်လာသည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်းကလည်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့များ၏ လက်နက်ခဲယမ်းသိုလှောင်ရုံများနှင့် ထောက်ပို့လမ်းကြောင်းများကို တိုက်ခိုက်ဖျက်စီးနိုင်ခဲ့ပြီး သိသာထင်ရှားမှုအရှိဆုံး ဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခရိုင်းမီးယားနှင့် ရုရှားဆက်သွယ်ထားသည့် တံတားကြီးပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခါဆန်ဒေသသို့ ပေးပို့သည့် စစ်ရေးအထောက်အပံ့စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို ယင်းတံတားမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဂိုမန်နစ်က ပြောကြားခဲ့သည်။

ရုရှားကမူ ယင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုကို အကြမ်းဖက်လုပ်ရပ်ဟု ပြောကြားခဲ့ပြီး ယူကရိန်းကမူ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ရုရှားသည် ထောက်ပို့ပြဿနာများနှင့်ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာမရှိကြောင်း ပြင်သစ်ကျွမ်းကျင်သူ ပီရာရီဂရက်ဆာက ပြောကြားခဲ့သည်။

“အခြေအနေတွေက သေရေးရှင်ရေး ဖြစ်လာခဲ့ပြီဆိုရင် ရုရှားတွေဟာ လေကြောင်းကတစ်ဆင့် ထောက်ပို့လုပ်လာကြပါလိမ့်မယ်” ဟု ဂရက်ဆာက ပြောကြားခဲ့သည်။

ယူကရိန်းအတွက် မဟာဗျူဟာကျသည့် ခါဆန်ဒေသသည် ၎င်းတို့၏ကာလကြာရှည် ရည်မှန်းချက်တစ်ခု ဖြစ်နေသော်လည်း ယင်းဒေသကို ယူကရိန်းတပ်ဖွဲ့များအနေဖြင့် ဆောင်းရာသီမတိုင်မီ သို့မဟုတ် နွေရာသီ ရောက်သည့်အချိန်အထိ သိမ်းယူနိုင်ဖွယ်မရှိဟု ၎င်းက ပြောကြားခဲ့သည်။

ခါဆန်ဒေသကို အပြိုင်အဆိုင်သိမ်းယူနိုင်ရေးအတွက် ဖြစ်လာနိုင်မည့် နောက်ဆက်တွဲ အကျိုးဆက်များကို စောင့်ကြည့်ရမည်ဖြစ်သည်။

ခါဆန်ကို အင်အားသုံးသိမ်းယူမည်ဆိုပါက နှစ်ဘက်စလုံးတွင် ထိခိုက်သေဆုံးမှုများစွာရှိနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားနိုင်သည်ဟု ဂရက်ဆာက ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြားဖြစ်နိုင်ဖွယ်ရှိ သည့်အပေးအယူတစ်ခုမှာ ယူကရိန်းအနေဖြင့် ဒွန်ဘက်စ်ဒေသကို စွန့်လွှတ်ကြောင်း ကြေညာပြီး ခါဆန်ဒေသကို အကောင်းပကတိအတိုင်း ပြန်လည်ရယူခြင်းဖြစ်သည်ဟု ဂရက်ဆာက ဆိုသည်။

သို့သော် ဘားရို့စ်ကမူ တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ယူကရိန်းတပ်ဖွဲ့များ အလုံးစုံအောင်ပွဲရမှုဖြစ်သည်ဟု ဆိုသည်။

“ရုရှားတပ်တွေ မတ်လကတည်းက အရေးနိမ့်လာပြီး အဲဒီအခြေအနေကို ကျွန်တော်တို့ အကြာကြီးမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်” ဟု ဘားရို့စ်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent