မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၌ စေခိုင်းခံရသည့် အိန္ဒိယလုပ်သားများကို ပြန်လည်ခေါ်ယူခဲ့ပြီး လုပ်သားအချို့မှာ ဗီဇာမပါဘဲဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံ၌ ထိန်းသိမ်းမေးမြန်းခံနေရကြောင်း အိန္ဒိယ ပြောကြား

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၌ စေခိုင်းခံရသည့် အိန္ဒိယလုပ်သားများကို ပြန်လည်ခေါ်ယူခဲ့ပြီး လုပ်သားအချို့မှာ ဗီဇာမပါဘဲဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံ၌ ထိန်းသိမ်းမေးမြန်းခံနေရကြောင်း အိန္ဒိယ ပြောကြား
Published 10 October 2022

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၌ စေခိုင်းခံရသည့် အိန္ဒိယလုပ်သားများကို ပြန်လည်ခေါ်ယူခဲ့ပြီး လုပ်သားအချို့မှာ ဗီဇာမပါဘဲဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ထိန်းသိမ်းမေးမြန်းခံနေရကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။

ကွန်ပျူတာနယ်ပယ်၌ လစာကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ကမ်းလှမ်းခဲ့ကြသည့် ကိုယ်စားလှယ် (အေးဂျင့်)များ၏ ဖြားယောင်းစည်းရုံးမှုကို ခံခဲ့ရပြီးနောက် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် အလုပ်သွားလုပ်ကြမည့် အိန္ဒိယနိုင်ငံသား ၁၃၀ ခန့်ကို မိမိတို့ကယ်တင်ခဲ့သည် အိန္ဒိယအစိုးရက ထုတ်ပြန်သည်။

အေဂျင့်များ၏ ကမ်းလှမ်းချက်များသည် အတုအယောင်ဖြစ်သည်ဟုပေါ်ပေါက်ခဲ့ကြောင်း အိန္ဒိယအစိုးရက ဖော်ပြခဲ့သည်။

ကယ်တင်ထားသော အိန္ဒိယလုပ်သားများသည် ထိန်းသိမ်းခံထားကြရသူများဖြစ်ပြီး ဒီဂျစ်တယ်ရိုက်စားလုပ်ငန်းနှင့် လိမ်လည်နေသော ခရစ်ပတိုငွေကြေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ကုမ္ပဏီများအတွက် ဆိုက်ဘာလိမ်လည်မှုများလုပ်ရန် စေခိုင်းခံထားကြရသည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက အောက်တိုဘာ ၇ ရက်တွင် ပြောကြားသည်။

ယင်းကုမ္ပဏီများသည် ဒူဘိုင်း၊ ဘန်ကောက်နှင့် အိန္ဒိယမြို့ကြီးအချို့ရှိ အေးဂျင့်များမှတစ်ဆင့် လုပ်ကိုင်နေပုံရပြီး ထိုင်း၌ မက်လောက်စရာလစာရမည့် အလုပ်များရရှိမည်ဆိုကာ အလိမ်အညာလူမှုမီဒီယာ ကြော်ငြာများဖြင့် အိန္ဒိယလုပ်သားများကို စုစုဆောင်းနေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြည်တွင်းလုံခြုံရေးအခြေအနေကြောင့် သွားရန်ခက်ခဲသော မြန်မာနိုင်ငံ၏ ဒေသတစ်ခုသို့ နယ်စပ်ဖြစ်ကျော်၍ လုပ်သားများကိုခေါ်သွားခြင်းဖြစ်သည်ဟု ဘက်ချီက ပြောကြားသည်။

လုပ်သား ၅၀ နီးပါးကို မြန်မာမှ အိန္ဒိယသို့ပြန်လည်ခေါ်ယူခဲ့သည်ဟု ၎င်းက ပြောကြားသည်။ သို့သော်လည်း လုပ်သားအချို့သည် မြန်မာနိုင်ငံကို ဗီဇာမပါဘဲ ဝင်ရောက်ခဲ့ခြင်းဖြစ်သောကြောင့် မေးမြန်းရန် ၎င်းတို့သည် မြန်မာရဲတပ်ဖွဲ့အချုပ်ခန်းတွင်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အခြားအိန္ဒိယအလုပ်သမား ၈၀ ကို ကမ္ဘောဒီးယားနှင့် လာအိုတို့မှ ကယ်တင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တမီလ်နာဒူးပြည်နယ်မှ တမီးလ် ၅၀ ခန့်အပါအဝင် အိန္ဒိယနိုင်ငံသား ၃၀၀ သည် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည်ဟု လွန်ခဲ့သောလတွင် ဝန်ကြီးချုပ်နရန်ဒရာမိုဒီထံပေးစာတွင် အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်၏ ရွေးကောက်ခံထိပ်တန်းတာဝန်ရှိသူ အမ်ကေစတာလင်က ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားအပါအဝင်ဒေသတွင်း အခြားနိုင်ငံများ၏ နိုင်ငံသားများသည် အလားတူ လိမ်လည်ခံခဲ့ကြရသည်ဟု ဇူလိုင်လတွင် Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။ စည်းရုံးသိမ်းသွင်းခံရသော အလုပ်သမားများသည် အွန်လိုင်းရိုက်စားအလုပ်များတွင် ကျွန်ကဲ့သို့သော အခြေအနေများဖြင့် အတင်းအကျပ်စေခံသော ကမ္ဘောဒီးယားလုပ်ငန်းများအကြောင်းကို Al Jazeera သတင်းဌာနက ဖော်ထုတ်ခဲ့သည်။

တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံများမှ နိုင်ငံသားများသည် ကမ္ဘောဒီးယား နိုင်ငံတစ်ဝန်းရှိ ဆိုက်ဘာအလိမ်အညာလုပ်ငန်းများတွင် ပိတ်မိနေကြသည်ဟု ဇူလိုင်လတွင် Al Jazeera က ဖော်ပြခဲ့သည်။

Ref:Al Jazeera

Most Read

Most Recent