ဟေတီတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူဦးရေ မြင့်တက်နိုင်ဟု WHO သတိပေး

ဟေတီတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူဦးရေ မြင့်တက်နိုင်ဟု WHO သတိပေး
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဟေတီနိုင်ငံရှိ လမ်းမတစ်နေရာတွင် အမျိုးသားတစ်ဦးက ကာလဝမ်းရောဂါကြောင့် သေဆုံးသူတစ်ဦး၏အလောင်းကို တရွတ်တိုက်ဆွဲလာစဉ် (Photo : AFP)
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဟေတီနိုင်ငံရှိ လမ်းမတစ်နေရာတွင် အမျိုးသားတစ်ဦးက ကာလဝမ်းရောဂါကြောင့် သေဆုံးသူတစ်ဦး၏အလောင်းကို တရွတ်တိုက်ဆွဲလာစဉ် (Photo : AFP)
Published 6 October 2022
Ref : AFP 

ဟေတီနိုင်ငံ၏ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက်သည် တရားဝင် ထုတ်ပြန်ထားသည့်အရေအတွက်ထက်များစွာ မြင့်တက်နိုင်ဖွယ်ရှိပြီး ကူးစက်ခံရသည့်ဖြစ်စဉ် မြင့်တက်လာဖွယ် ရှိသည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောကြားခဲ့ပြီးနိုင်ငံ၏ အကျပ်အတည်းပေါင်းများစွာသည် ကာလဝမ်းရောဂါ တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းအားထုတ်မှုများကို ခက်ခဲရှုပ်ထွေးစေလိမ့်မည်ဟု သတိပေးခဲ့သည်။

ဟေတီတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ခုနစ်ဦးထက်မနည်းရှိကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားပြီးဟေတီ၏ နောက်ဆုံးကာလဝမ်းရောဂါ အတည်ပြုကူးစက်မှုဖြစ်စဉ်တွေ့ရှိခဲ့ပြီးနောက် သုံးနှစ်နီးပါးအကြာတွင် ကူးစက်ရောဂါ တစ်ဖန်ပြန်လည်ပေါ်ပေါက်လာမည့်အရေးကို စိုးရိမ်လျက်ရှိသည်။

ပို့အူပရင့်စ်မြို့တော်အစွန်ဘက်ရှိ Carrefour – Feuilles ဒေသနှင့် အိမ်နီးချင်းကမ်းရိုးတန်းမြို့ဖြစ်သည့် ဆိုက်ဆိုလီတွင် သံသယဖြစ်ဖွယ် ကာလဝမ်းရောဂါဖြစ်စဉ်အများအပြားကို တွေ့ရှိခဲ့သည်။

ယင်းနေရာများကို ဂိုဏ်းအဖွဲ့များက အပြည့်အဝထိန်းချုပ်ထားပြီး ဇူလိုင်လကုန်ကတည်းက ယင်းနေရာများသို့ သွားရောက်ရန် အလွန်ခက်ခဲခဲ့သည်။

ဟေတီတွင် လောင်စာဆီပြတ်လပ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြချီတက်မှုများ၊ အထွေထွေသပိတ်များကြောင့် လမ်းများပိတ်ဆို့ထားသည့်အတွက် မကြာသေးမီကအခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။

“ဒီအခြေအနေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို ကြီးကြီးမားမား ရှုပ်ထွေးစေပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှန်လင်မီယာက ပြောကြားခဲ့သည်။

“အခြေအနေတွေက အလျင်အမြန်ပေါ် ပေါက်လာပြီးတော့ အစောပိုင်းကာလ ဝမ်းရောဂါကူးစက်မှုဖြစ်စဉ်တွေကိုတော့ မသိရှိနိုင်တော့တဲ့အထိ ဖြစ်နိုင်ခြေရှိပါတယ်။ ကာလဝမ်းရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း ပိုပြီး မြင့်တက်နိုင်ခြေရှိပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

“ဟေတီမှာဖြစ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုအခြေအနေနဲ့အတူ မိလာသန့်ရှင်းရေးအခြေအနေနဲ့ သွားရောက်ဖို့ခက်ခဲတဲ့ ဂိုဏ်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေ၊ အကူအညီအထောက်အပံ့ပေးနိုင်ဖို့ ခက်ခဲတဲ့အခြေအနေတွေကြောင့် ကျွန်တော်တို့အနေနဲ့ ကံဆိုးစွာနဲ့ပဲ ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့အရေအတွက် ပိုပြီးမြင့်တက်လာမယ်လို့ မျှော်လင့်ထားသင့်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ် ကာလဝမ်းရောဂါဖြစ်ပွားချိန်က ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ အညစ်အကြေးစွန့်ချရာ Artibonite မြစ်အနီးဝန်းကျင်တွင် ပထမဆုံး ကာလဝမ်းရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂတာဝန်ရှိသူများက ဟေတီတွင်ကပ်ရောဂါစတင်မှုသည် ၎င်းတို့ကြောင့် ဖြစ်သည်ဟူသည့်အချက်ကို ၂၀၁၆ ခုနှစ်သြ ဂုတ်လမတိုင်မီအထိ ဝန်မခံခဲ့ပေ။

အောက်တိုဘာ ၂ရက်နေ့မတိုင်မီ နောက်ဆုံးတွေ့ရှိခဲ့သည့် ကာလဝမ်းရောဂါဖြစ်ပွားမှုသည် ၂၀၁၉ ခုနှစ်ကဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီတွင် နိုင်ငံတွင်း ကာလဝမ်းရောဂါ ကင်းစင်မှုအထိမ်းအမှတ်အဖြစ် အခမ်းအနားတစ်ရပ်ပြုလုပ် ကျင်းပခဲ့သည်။ ဟေတီတွင် ၂၀၁၀ ပြည့်နှစ်က ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကာလဝမ်းရောဂါကြောင့် လူ ၁၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့သည်။                                   

Most Read

Most Recent