မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုပမာဏ ၁၃ လအတွင်း အပြင်းထန်ဆုံးကျဆင်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေးကုမ္ပဏီများ ရရှိခဲ့ကြသည့် လုပ်ငန်းအသစ်များလည်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာကြောင်း S&P Global စစ်တမ်းတွင် ဖော်ပြ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုပမာဏ ၁၃ လအတွင်း အပြင်းထန်ဆုံးကျဆင်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေးကုမ္ပဏီများ ရရှိခဲ့ကြသည့် လုပ်ငန်းအသစ်များလည်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာကြောင်း S&P Global စစ်တမ်းတွင် ဖော်ပြ
Published 4 October 2022

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုပမာဏ ၁၃ လအတွင်း အပြင်းထန်ဆုံးကျဆင်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေးကုမ္ပဏီများ ရရှိခဲ့ကြသည့် လုပ်ငန်းအသစ်များလည်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွက် S&P Global က ထုတ်ပြန်သည့် ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

S&P Global ထံမှ နောက်ဆုံး PMI ဒေတာအရ မြန်မာထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် စက်တင်ဘာလတွင် ငါးလမြောက်ဆက်တိုက်ကျဆင်းလာခဲ့သည်။ စျေးနှုန်းများ မြင့်တက်လာမှုနှင့် ငွေလဲနှုန်းကျလာနေမှုတို့ကြောင့် ဝယ်လိုအားအခြေအနေများ အားပျော့လာမှုက အကျဘက်သို့ ဦးလှည့်ရန် တွန်းအားပေးခဲ့သည်။ သို့ဖြစ်ရာ ထုတ်လုပ်မှုသာမက အော်ဒါသစ်များပါ ၂၀၂၁ ခုနှစ် သြဂုတ်လမှစပြီး အပြင်းထန်ဆုံးနှုန်းဖြင့်  ကျဆင်းသွားသည်။ ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုကြောင့် ပစ္စည်းပေးသွင်းမှုပြီးဆုံးရန် ကြာမြင့်ချိန်များ သိသာစွာကြာရှည်လာခဲ့ချိန်တွင် လက်ထဲကျန်ရစ်ခဲ့သည့်အလုပ်များ စုစည်းလာခဲ့မှုမှာလည်း မှတ်တမ်းထဲတွင် အမြန်ဆုံးဖြစ်လာသည်။

စျေးနှုန်းများကို လေ့လာကြည့်ပါက ငွေကြေးဖောင်းပွမှု၏ဖိအားပေးမှုများမှာ နောက်ဆုံးစစ်တမ်းလအတွင်း မြင့်တက်လာခဲ့ပြီး သွင်းအားစုနှင့် ထုတ်ကုန်စျေးနှုန်း နှစ်ရပ်စလုံးမှာ စက်တင်ဘာလတွင် စံချိန်တင်မြင့်တက်လာကြသည်။

“တတိယသုံးလပတ်အဆုံးပိုင်းက မြန်မာနိုင်ငံတစ်ဝန်း ထုတ်လုပ်ရေးကဏ္ဍ၏အခြေအနေမှာ စက်တင်ဘာလတွင် ဆက်ပြီးဆုတ်ယုတ်လာနေကြောင်းကို ထုတ်ဖော်ပြလိုက်ပါတယ်။ ကျဆင်းမှုနှုန်းမှာ  အရှိန်ပိုရလာပြီး ထုတ်လုပ်မှုပမာဏများရော အော်ဒါအသစ်များ ရရှိမှုပါ အဟုန်ပြင်းစွာ ကျဆင်းလာနေတာကို မြင်ကြရပါတယ်” ဟု Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

အဓိကအကျဆုံးအညွှန်းကိန်းကို အောက်သို့တွန်းပို့ပေးခဲ့သည့်မှာ ထုတ်လုပ်မှုပမာဏများ တဟုန်ထိုးကျဆင်းခဲ့မှုဖြစ်သည်။ ၁၃ လအတွင်း အပြင်းထန်ဆုံးကျဆင်းမှုဖြစ်ကြောင်း အညွှန်းကိန်းက ညွှန်ပြနေသည်။ ထုတ်လုပ်မှုကျဆင်းလာခြင်းကို ကုမ္ပဏီများက အော်ဒါအသစ်များရရှိမှုနည်းလာခြင်းနှင့် ဆက်စပ်ရှင်းပြကြသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများ ရရှိခဲ့ကြသည့် လုပ်ငန်းအသစ်များသည်လည်း စက်တင်ဘာတွင် ၁၃ လအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့သည်။ ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ရောင်းစျေးများကို တိုးမြှင့်ခဲ့ရသည့်အပြင် ကျပ်ငွေလဲနှုန်း ပိုဆိုးရွားလာမှု၏ဒဏ်မှာ သုံးစွဲသူတို့၏ ဝယ်လိုအားအပေါ်သို့ ဖိစီးခဲ့သည်။

လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ ကျဆင်းလာသည့်နှင့်တစ်ပြေးညီစွာ ကုမ္ပဏီများသည် ဝယ်ယူရေးလုပ်ငန်းများကို ဆက်လက်ပြီး လျှော့ချလာခဲ့ကြသည်။ ထို့ပြင်ကုန်ကြမ်းပစ္စည်းများနှင့် တစ်ဝက်တစ်ပျက်အချောကိုင်ထားသည့် ကုန်စည်များ၏ ပမာဏကျဆင်းလာမှုနှုန်းမှာ ယခုလထဲတွင် ပိုမြန်လာခဲ့ပြီး သက်ဆိုင်ရာအညွှန်းကိန်းသည် ၁၃ လမြောက် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

အလားတူစွာပင် ကုမ္ပဏီများ၏ ရောင်းချမှုများ နည်းလာခဲ့ရာ ဝန်ထမ်းဦးရေကိုပါ စက်တင်ဘာလတွင် လျှော့ချခဲ့ကြသည်။ အချို့သော ကုမ္ပဏီများက အလုပ်သမားများသည် လစာပိုရနိုင်မည့်မျှော်လင့်ချက်များဖြင့် အလုပ်မှ နှုတ်ထွက်ခဲ့ကြကြောင်းကိုပါ ဖော်ပြကြသည်။ သို့သော်လည်း အလုပ်နေရာများ ဖြတ်တောက်ခံရမှုနှုန်းမှာမူ ယခုလတွင် အားပျော့သွားပြီး သုံးလကြာလက်ရှိ ကျဆင်းမှုအစဉ်အတွင်း အားအပျော့ဆုံးကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်ဟု စစ်တမ်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍတစ်ရပ်လုံး၏ စွမ်းဆောင်ရည်သည် စိတ်ပျက်ဖွယ်ရာ ကောင်းနေပြီး ဆုတ်ယုတ်မှုနှုန်းမှာ အရှိန်မြင့်လာနေရာ လာမည့် ၁၂လအတွက် မျှော်လင့်ချက်များမှာ အဓိကအားဖြင့် အားနည်းနေခြင်းကို ဆိုလိုပြီး ပါဝင်ဖြေခဲ့ကြသူ နှစ်ရာခိုင်နှုန်းတို့ကသာလျှင် ထုတ်လုပ်မှုတိုးလာမည်ဟု မျှော်လင့်ကြကြောင်း ဖော်ပြထားသည်။

Most Read

Most Recent