အင်ဒိုနီးရှား အစားအစာနှင့်ဆေးဝါးအေဂျင်စီ (BPOM)က တရုတ်ဆေးကုမ္ပဏီ Walvax Biotechnology ထုတ် mRNA COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် စက်တင်ဘာ ၂၉ ရက်တွင်အ တည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။
COVID-19 ထုတ်လုပ်ရန် BioNTech နှင့် Moderna တို့က အသုံးပြုသည့် နည်းပညာဖြစ်သော mRNA နည်းပညာကို အခြေခံ၍ တရုတ်ဆေးကုမ္ပဏီက ထုတ်လုပ်ထားသည့် ယင်းကာကွယ်ဆေးကို နှစ်နှစ်ကျော်ကြာ တိုးတက်မှုရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် အတည်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။
ကိုရိုနာဗိုုင်းရပ်စ်၏ မူလမျိုးဗီဇကိုအခြေခံ၍ ထုတ်ထားသော AWcorna ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် COVID-19 ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုများကိုမည်ကဲ့သို့ လျှော့ချနိုင်ကြောင်း ကြီးမားသောစမ်းသပ်မှုများမှ ထိရောက်မှ တွေ့ရှိချက် ထွက်ရှိလာခြင်း မရှိသေးပေ။
တရုတ်သည် ယခင်က ARCoV ဟုခေါ် ဆိုသည့် AWcorna ကာကွယ်ဆေးကိုပြည် တွင်း၌ အသုံးပြုရန် လက်ရှိအချိန်အထိ အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။
Walvax ဆေးကုမ္ပဏီသည် ကာကွယ်ဆေးကို Suzhou Abogen Biosciences နှင့် တရုတ်စစ်တပ်ကျောထောက်နောက်ခံပြု အဖွဲ့အစည်းတစ်ခုနှင့်အတူ ပူးပေါင်း၍ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယင်းကုမ္ပဏီနှစ်ခုသည် mRNA နည်းပညာအခြေပြုသည့် ၎င်းတို့၏ ကိုယ်ပိုင်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအတွက် ရည်ရွယ်ထုတ်လုပ်သည့် စမ်းသပ်ဆဲ ကာကွယ်ဆေးများအတွက်လည်း သီးခြားလုပ်ဆောင်လျက်ရှိသည်။
Walvax သည် အင်ဒိုနီးရှား၊မက္ကဆီကိုနှင့် တရုတ်အပါအဝင် နိုင်ငံအများအပြား နောက်ဆုံးအဆင့် ကြီးမားသော စမ်းသပ်မှုလုပ်ဆောင်နေစဉ်အတွက် အင်ဒိုနီးရှားက ယခုကဲ့သို့ အံ့သြဖွယ်အတည်ပြုချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
AWcorna ဗိုင်းရပ်စ်ကာကွယ်ဆေးသည် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲအတွက် ထိရောက်မှုနှုန်း ၇၁.၁၇ ရာခိုင်နှုန်းရှိပြီး သာမန်သို့မဟုတ် ပုံမှန်ဟုယူဆရသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများအတွက် ထိရောက်မှုနှုန်းသည် ၈၃.၅၈ ရာခိုင်နှုန်းရှိသည်ဟု BPOM အကြီးအကဲ ပန်နီလုကီတိုက ပြောကြားခဲ့သည်။
တရုတ်သည် mRNA နည်းပညာသုံး ကာကွယ်ဆေးအများအပြားကို ထုတ်လုပ်နေသော်လည်း Walvax ကာကွယ်ဆေးသည် နောက်ဆုံးအဆင့် ဆေးဝါးစမ်းသပ်မှုအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသောတစ်ခုတည်းသော ကာကွယ်ဆေးဖြစ်သည်။
အင်ဒိုနီးရှားတွင် ယင်းအသစ်အတည်ပြုထားသည့် ကာကွယ်ဆေးကို မည်မျှကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထိုးနှံသွားမည့်အကြောင်း မသိရသေးပေ။ အင်ဒိုနီးရှားနိုင်ငံ၌ ၎င်းလူဦးရေ၏ ၆၃ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးအာဏာပိုင်များက မူရင်းမျိုးကွဲနှင့်အိုမီခရွန်မျိုးကွဲ နှစ်မျိုးလုံးအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့်COVID-19ကာကွယ်ဆေးများကိုအသုံးပြုရန်အကြံပြုထားသည်။
ထို့ပြင် စက်တင်ဘာ ၃၀ ရက်ကလည်း အင်ဒိုနီးရှားတွင် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများတွင် ထိုးနှံခွင့်ပြုခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ InodVac ဟုအမည်ပေးထားသည့် ယင်းကာကွယ်ဆေးကို အင်ဒိုနီးရှား နိုင်ငံပိုင်ဆေးကုမ္ပဏီ Bio Farmaနှင့် တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မြို့ရှိ Baylor ဆေးပညာ ကောလိပ်တို့ ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်သည်။














