တရုတ်ရေးရာကျွမ်းကျင်သူဟု ဖော်ပြခံရသော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး အနီးလ်ချောဟန်ကို ကာကွယ်ရေးအကြီးအကဲဖြစ် အိန္ဒိယ ခန့်အပ်

တရုတ်ရေးရာကျွမ်းကျင်သူဟု ဖော်ပြခံရသော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး အနီးလ်ချောဟန်ကို ကာကွယ်ရေးအကြီးအကဲဖြစ် အိန္ဒိယ ခန့်အပ်
Vijay Diwas အခမ်းအနားတွင် အလေးပြုနေသော အနီးလ်ချောဟန်ကို ၂၀၂၀ ခုနှစ်  ဒီဇင်ဘာ ၁၆ ရက်တွင် ရိုက်ထားသောပုံ၌ တွေ့ရစဉ် (Photo : AFP)
Vijay Diwas အခမ်းအနားတွင် အလေးပြုနေသော အနီးလ်ချောဟန်ကို ၂၀၂၀ ခုနှစ်  ဒီဇင်ဘာ ၁၆ ရက်တွင် ရိုက်ထားသောပုံ၌ တွေ့ရစဉ် (Photo : AFP)
Published 29 September 2022
Ref : AFP

အိန္ဒိယက တရုတ်၏ စစ်ရေးထင်ရာ စိုင်းမှုကြီးထွားလာခြင်းကို တန်ပြန်ရန် ကြိုးစားနေသည့်အနေအထားတွင် တရုတ်နှင့် အငြင်းပွားနေသောနယ်စပ်ရှိ စစ်သားများကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကို အိန္ဒိယနိုင်ငံက  ကာကွယ်ရေးအကြီးအကဲသစ်အဖြစ် ခန့်အပ်ခဲ့သည်။

အိန္ဒိယ(ကြည်း၊ရေ၊လေ) တပ်မတော်ကို အခြေခံကျကျပြောင်းလဲမှုပြုလုပ်နေချိန်နှင့် ရဟတ်ယာဉ်ပျက်ကျသဖြင့် ယခင်ကာကွယ်ရေးအကြီးအကဲသေဆုံးခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် ဒုတိယဗိုလ်ချုပ်ကြီး အနီးလ်ချောဟန်ကို ခန့်အပ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယသည် မိမိ၏ မြောက်ဘက်အိမ် နီးချင်း တရုတ်နိုင်ငံက ကြီးမားသော နယ်စပ်တစ်လျှောက် စစ်သားအများအပြားချထားခြင်းနှင့် ၂၀၂၀ ခုနှစ်တွင် ဟိမဝန္တာ၌ နှစ်ဖက်စစ်သားများတိုက်ခိုက်မှုအပါအဝင် အမြဲတမ်း တင်းမာမှုဖြစ်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်နေသော နယ်စပ်အငြင်းပွားမှုတို့ကို စိုးရိမ်လျက်ရှိသည်။

အိန္ဒိယမီဒီယာက “တရုတ်ကိစ္စကျွမ်းကျင်သူ”ဟု ဖော်ပြနေသော ချောဟန်သည် လွန်ခဲ့သောနှစ်တွင် တာဝန်မှ အငြိမ်းစားယူခဲ့ပြီးနောက် အိန္ဒိယအမျိုးသားလုံခြုံရေးအတိုင်ပင်ခံအဖြစ် အမျိုးသားလုံခြုံရေးကို အကြံပေးနေသူဖြစ်သည်။

နောက်ထပ်ညွှန်ကြားချက်များ မထုတ်ပြန်မချင်း ၎င်းသည် ကာကွယ်ရေးအကြီးအကဲတာဝန်ကို ရယူထားမည်ဟု စက်တင်ဘာ ၂၈ ရက်နှောင်းပိုင်းတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ချောဟန်သည် ရာထူးမှနုတ်မထွက်မီ တရုတ်နှင့် နယ်စပ်အငြင်းပွားမှုအများအပြားဖြစ်နေသည့် နေရာများအပါအဝင် အိန္ဒိယ၏ အရှေ့ခြမ်းရှိ မြေပြင်တပ်ဖွဲ့များကို ကွပ်ကဲမည်ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်သည် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယအရှေ့ပိုင်း၌ အင်အားအပြည့်သုံးထားသော စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။ တရုတ်က မိမိပိုင်နေသော နယ်မြေဟု ပြောဆိုကာ တိဘက်တွင် ပါဝင်သောဒေသဟု ဆိုသည့် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် အာရူနာ ချာပရက်ဒက်ရှ်ကို ထိန်းချုပ်ရေးအတွက် ၁၉၆၂ ခုနှစ်တွင် နှစ်နိုင်ငံ စစ်ခင်းခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်သည် အမှန်ထိန်းချုပ်မှုမျဉ်း (Line of Actual Control) ဟုခေါ်သည့် မိုင် ၂,၂၀၀ ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ  အရေးပါသော  အငြင်းပွားနေရာများတွင် နယ်မြေသိမ်းပိုက်ရန် ကြိုးစားနေသည်ဟု ပုံမှန်အားဖြင့် တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲလျက်ရှိကြသည်။

နှစ်ဖက်စစ်သားများသည် ၂၀၂၀ ခုနှစ်တွင် တိဘက်နှင့် အိန္ဒိယ၏ လာဒက်ရှ်ပြည်နယ်တို့ကို ပိုင်းခြားထားသော နယ်စပ်တစ်လျှောက်တွင် တိုက်ခိုက်ခဲ့ကြရာ အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီး တရုတ်စစ်သား လေးဦး သေဆုံးသည်။ ထိုဖြစ်ရပ်က နှစ်နိုင်ငံ ဆက်ဆံရေးများတွင် သိသိသာသာယိုယွင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

ထိပ်တန်းစစ်ဘက်တာဝန်ရှိသူများ ဆွေးနွေးမှု တစ်ဒါဇင်ကျော်ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် နှစ်နိုင်ငံသည် တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာတစ်ဝိုက်မှ စစ်သားများကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။

Most Read

Most Recent